26 June, 2026
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အတွင်း ၁၆-၆-၂၀၂၆ ရက်၌ ပေကျင်းမြို့တွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုအဆင့် ဈေးကွက်ကြီးကြပ်မှုဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့အစည်းဝန်ကြီးတို့က ယှဉ်ပြိုင်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြပါသည်။
အဆိုပါ နားလည်မှုစာချွန်လွှာသည် နှစ်နိုင်ငံ ယှဉ်ပြိုင်မှုဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ သတင်းအချက်အလက်နှင့် အတွေ့အကြုံများဖလှယ်ရန်၊ စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
ယင်းပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံ၏ ယှဉ်ပြိုင်မှုဆိုင်ရာ မူဝါဒနှင့် ဥပဒေအကောင်အထည်ဖော်မှု စွမ်းရည်များ ပိုမိုတိုးတက်လာစေမည်ဖြစ်ပြီး တရားမျှတသော ယှဉ်ပြိုင်မှုပတ်ဝန်းကျင် တည်ဆောက်ရေးကို အထောက်အကူပြုမည် ဖြစ်ပါသည်။