• +95-67(3)408505
  • mmcc.office@commerce.gov.mm
Myanmar Competition Commission
Home \ About Us
တာဝန်နှင့် လုပ်ပိုင်ခွင့်များ

ကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(က)    ယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များကို အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်ဖြစ်စေ၊ နိုင်ငံအချင်းချင်းဖြစ်စေ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်း၊

(ခ)     နိုင်ငံတော်၏ အကျိုးစီးပွားအတွက် လိုအပ်သော စီးပွားရေးလုပ်ငန်းများနှင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအား ဤဥပဒေကို လိုက်နာဆောင်ရွက်ခြင်းမှ လိုအပ်ပါက ကင်းလွတ်ခွင့်ပြုခြင်း၊

(ဂ)     ကော်မတီများနှင့် လုပ်ငန်းအဖွဲ့များကို လိုအပ်ချက်နှင့်အညီ ဖွဲ့စည်းခြင်းနှင့် ယင်းတို့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း၊

(ဃ)    ကော်မတီများနှင့် လုပ်ငန်းအဖွဲ့များမှ တင်ပြလာသော ကိစ္စရပ်များကို အဆုံးအဖြတ်ပေးခြင်း၊

(င)     စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် သို့မဟုတ် ယှဉ်ပြိုင်မှုကို ကန့်သတ်ရန် ခွင့်ပြုချက်ရရှိရေးအတွက် လျှောက်ထားရာတွင် လိုအပ်သည့် ပုံစံ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းကမ်းချက်များကို သတ်မှတ်ခြင်း၊

(စ)     စီးပွားရေးလုပ်ငန်းတစ်ခု၏ ပိုင်ဆိုင်ခွင့်တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးကို အခြားစီးပွားရေးလုပ်ငန်းတစ်ခုက လွှမ်းမိုးမှု၊ ဝယ်ယူမှု၊ ရယူမှု သို့မဟုတ် စီးပွားရေးလုပ်ငန်းများ ပေါင်းစည်းမှုကြောင့် ယှဉ်ပြိုင်မှုအပေါ် ထိခိုက်နိုင်သည့် ဈေးကွက်ဝေစု၊ ရောင်းအား၊ ရင်းနှီးငွေပမာဏ၊ အစုရှယ်ယာအရေအတွက်နှင့် လုပ်ငန်းနှင့်သက်ဆိုင်သည့် ပိုင်ဆိုင်သော ပစ္စည်းပမာဏတို့ကို သတ်မှတ်ခြင်း၊

(ဆ)    လက်ဝါးကြီးအုပ်ဆောင်ရွက်သည်ဟု ကော်မရှင်က ယူဆသည့် ဈေးကွက်ဝေစု၊ ရောင်းအား၊ ရင်းနှီးငွေပမာဏ၊ အစုရှယ်ယာအရေအတွက်နှင့် လုပ်ငန်းနှင့်သက်ဆိုင်သည့် ပိုင်ဆိုင်သော ပစ္စည်းပမာဏတို့ကို သတ်မှတ် ဆုံးဖြတ်ခြင်း၊

(ဇ)     စီးပွားရေးလုပ်ငန်းတစ်ခု သို့မဟုတ် စီးပွားရေးလုပ်ငန်းစုတစ်ခုသည် ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုကိုထိခိုက်နိုင်သည်ဟု ကော်မရှင်က သတ်မှတ် ထားသော ဈေးကွက်ဝေစုပိုင်ဆိုင်မှုပမာဏထက် ကျော်လွန်လျှင် သို့မဟုတ် ကျော်လွန်သည်ဟု ကော်မရှင်ကယူဆလျှင် ယင်းစီးပွားရေး လုပ်ငန်း သို့မဟုတ် စီးပွားရေးလုပ်ငန်းစု၏ ဈေးကွက်ဝေစုကို သတ်မှတ် ထားသည့် လုပ်ငန်းပမာဏသို့ လျှော့ချရန် ညွှန်ကြားခြင်း၊

(ဈ)     လက်ဝါးကြီးအုပ် ချုပ်ကိုင်ရန်ရှိသည်ဟု ကော်မရှင်ကယူဆသည့် စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူတစ်ဦးဦး၏ ဈေးကွက်ဝေစုနှင့် အရောင်းမြှင့်တင်မှုများ ကို ကန့်သတ်သည့် အမိန့်ကြော်ငြာစာများ ထုတ်ပြန်၍ တားမြစ်ခြင်း၊

(ည)    ဤဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ကော်မရှင် က သံသယရှိလျှင်သော်လည်းကောင်း၊ ခိုင်လုံသော တိုင်ကြားချက်ရရှိ လျှင်သော်လည်းကောင်း စုံစမ်းစစ်ဆေးရန် တာဝန်ပေးခြင်း၊

(ဋ)     စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးဦးထံမှ ယှဉ်ပြိုင်မှုနှင့်စပ်လျဉ်း၍ လိုအပ်သည့် အထောက်အထားများနှင့် အချက်အလက်များကို တောင်းဆို ခြင်း၊

(ဌ)     ယှဉ်ပြိုင်မှုနှင့်စပ်လျဉ်းသည့် လိုအပ်သော စုံစမ်းမေးမြန်းမှုများ ဆောင်ရွက် ရန် သက်ဆိုင်သူများကို ခေါ်ယူမေးမြန်းခြင်း၊

(ဍ)     ယှဉ်ပြိုင်မှုနှင့်စပ်လျဉ်းသည့် အချက်အလက်များ၊ ရှင်းလင်းချက်များ၊ အကြံပြုချက်များ သို့မဟုတ် ထင်မြင်ချက်များပေးရန် လိုအပ်ချက်နှင့်အညီ ပညာရှင်များ၊ ကျွမ်းကျင်သူများကို ဖိတ်ခေါ်ဆွေးနွေးခြင်း၊

(ဎ)     ကိစ္စတစ်ရပ်ချင်းအလိုက် သတ်မှတ်ချက်နှင့်အညီ လိုအပ်သော အထောက်အထားများနှင့် ပစ္စည်းများကို စစ်ဆေးရေးအတွက် သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခြင်း၊ ယင်းအထောက်အထား သို့မဟုတ် ပစ္စည်းကို ခံဝန်ချုပ်ဖြင့် ပြန်လည်ပေးအပ်ထားရန် ခွင့်ပြုသည့်အမိန့် ချမှတ်ခြင်း၊ ငြင်းပယ်ခြင်း သို့မဟုတ် ခွင့်ပြုချက်ကို ပြန်လည်ရုပ်သိမ်းခြင်း၊

(ဏ)   စုံစမ်းစစ်ဆေးရေးကော်မတီက တင်ပြသော စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ စိစစ်ခြင်းနှင့် လိုအပ်ပါက တရားစွဲဆိုရန် ညွှန်ကြားခြင်း၊

(တ)    ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူက ပြစ်မှုနှင့်စပ်လျဉ်း၍ တရားရုံးတွင် မိမိကိုယ်တိုင် ပါဝင်ကျူးလွန်ခဲ့ကြောင်း မခြွင်းမချန် ထွက်ဆိုခဲ့လျှင် ထိုသူကို စည်းကမ်းချက်ဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြုနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊

(ထ)    ယှဉ်ပြိုင်မှုနှင့်သက်ဆိုင်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနမှတစ်ဆင့် အစိုးရအဖွဲ့သို့ အကြံပြုတင်ပြခြင်း၊

(ဒ)     ယှဉ်ပြိုင်မှုနှင့်သက်ဆိုင်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သည့်တာဝန်များကို ဆောင်ရွက်ခြင်း။