• +95-67(3)408505
  • mmcc.office@commerce.gov.mm
အမေးအဖြေကဏ္ဍ
မူလစာမျက်နှာ \ အမေးအဖြေကဏ္ဍ
+
ယှဉ်ပြိုင်မှုဆိုတာဈေးကွက်အတွင်းရှိ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအကြား မိမိတို့ရဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုမယ့် ဝယ်ယူသူအရေ အတွက်၊ ဈေးကွက်ဝေစုနဲ့ ဈေးကွက်လွှမ်းမိုးနိုင်မှုပိုမိုရရှိစေဖို့ စီးပွားရေးလုပ်ငန်း များကို အပြိုင်အဆိုင်ပြုလုပ်ကြတဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ ယှဉ်ပြိုင်ဆောင်ရွက်မှုဖြစ်ပါတယ်။
+
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဆိုတာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေ ၂၀၁၅ ပါ လုပ်ငန်းတာဝန်များကို ထိန်းကျောင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
+
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ကို အဖွဲ့ဝင် ၁၃ ဦးနဲ့ ဖွဲ့စည်းထားပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ ဖြစ်ပါတယ်။ အဖွဲ့ဝင်များအဖြစ် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ စီးပွားရေးပညာရှင်များ၊ ဥပဒေပညာရှင်များနဲ့ ပါဝင်ဖွဲ့စည်းထားပါတယ်။ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ကတော့ ကော်မရှင်အတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူးတို့ဖြစ်ကြပါတယ်။
+
ဈေးကွက်ထဲမှာ မျှမျှတတယှဉ်ပြိုင်ကြရင် စားသုံးသူတွေအနေနဲ့ ဈေးနှုန်း၊ ကုန်ပစ္စည်းအရည်အသွေး စတာတွေကို ရွေးချယ်စရာတွေ ပိုများလာမယ်၊ ရောင်းချထုတ်လုပ်သူအချင်းချင်း ကုန်ပစ္စည်းကို အပြိုင်အဆိုင်ကောင်းမွန်အောင် ပြုလုပ်လာကြမှာမို့ ပစ္စည်းအရည်အသွေးတွေ တိုးတက်လာမယ်၊ ထုတ်ကုန် အမယ်သစ်တွေကိုလည်း တိုးချဲ့ထုတ်လုပ်လာကြမယ်၊ ကုန်ထုတ်လုပ်မှုတိုးတက်လာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း တိုးပွားလာမှာဖြစ်ပါတယ်။
+
ဈေးနှုန်းညှိနှိုင်းသတ်မှတ်ခြင်း၊ ဈေးကွက်ခွဲဝေရယူခြင်း၊ ထုတ်လုပ်မှုကို ကန့်သတ်ခြင်း၊ လေလံညှိနှိုင်းရယူခြင်း၊ ရောင်းချရန်/ဝယ်ယူရန် ငြင်းပယ်ခြင်း၊ ကုန်ပစ္စည်းများကို အတင်းအကျပ် ပူးတွဲရောင်းချခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ပြန်လည် ရောင်းချသည့်ဈေးနှုန်းများကို ကန့်သတ်ခြင်း၊ ဖြန့်ချိမှုကို ကန့်သတ်မှုများ ပြုလုပ်ခြင်း၊ စျေးကွက်အလိုက်သတ်မှတ်ချက်ပမာဏကို ကျော်လွန်တဲ့ လုပ်ငန်းများ ပူးပေါင်းခြင်းနှင့် ရယူခြင်း၊ ဈေးကွက်လွှမ်းမိုးမှုကို အလွဲသုံးစားပြုခြင်း၊ လိမ်လည်လှည့်ဖျား၍ ကြော်ငြာရောင်းချခြင်း အစရှိတဲ့အပြုအမူတွေက ယှဉ်ပြိုင်မှုကိုဆန့်ကျင်တဲ့ ဆောင်ရွက်ချက်တွေဖြစ်ပါတယ်။
+
ကုန်ပစ္စည်း/ ဝန်ဆောင်မှုတွေရဲ့ ဈေးနှုန်းကို ထိန်းချုပ်ထားခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ကုန်ပစ္စည်းထုတ်လုပ်မှုများကို ကန့်သတ်ခြင်း၊ ဈေးကွက် နယ်ပယ်ဧရိယာကို ထိန်းချုပ်ထားခြင်း အစရှိတဲ့အပြုအမူတွေက ဈေးကွက် လွှမ်းမိုးမှုကို အလွဲသုံးစားပြုတဲ့ အပြုအမူများဖြစ်ပါတယ်။
+
မြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေပါ ပြစ်မှုအလိုက်ပြစ်ဒဏ်ပုဒ်မတွေအရ အနည်းဆုံး ထောင်ဒဏ် သုံးလ၊ အများဆုံး ထောင်ဒဏ် ၃ နှစ်၊ ငွေဒဏ် တစ်သိန်းမှ ငွေဒဏ် သိန်း ၁၅၀ အထိ ချမှတ်နိုင်ပါတယ်။ ထောင်ဒဏ်နဲ့ ငွေဒဏ် ဒဏ်နှစ်ရပ်လုံးကို လည်း ချမှတ်နိုင်ပါတယ်။
+
ယှဉ်ပြိုင်မှုဥပဒေအရ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်နဲ့ လုပ်ထုံး လုပ်နည်းတွေကို ဖောက်ဖျက်ခဲ့ရင် ယှဥ်ပြိုင်မှုကော်မရှင်က သတိပေးဆောင်ရွက် ခြင်း၊ ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊ လုပ်ငန်းကို ယာယီ သို့မဟုတ် အမြဲတမ်း ပိတ်သိမ်းစေခြင်း စတဲ့ အရေးယူမှုတွေပြုလုပ်နိုင်ပါတယ်။
+
စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခံတဲ့ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်ရင် အဲဒီ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို လက်ခံရရှိတဲ့နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်သို့ အယူခံဝင်ရောက်ခွင့် ရှိပါတယ်။ ကော်မရှင်ဟာ အဲဒီ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုတာ၊ ပြင်ဆင်တာ ဒါမှမဟုတ် ပယ်ဖျက်တာတွေ လုပ်နိုင်ပါတယ်။ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ အပြီးအပြတ်အတည်ဖြစ်ပါတယ်။
+
လုပ်ငန်းတွေပူးပေါင်းပြီးပေမယ့် ထိုပေါင်းစည်းထားတဲ့လုပ်ငန်းက SME အရွယ်အစား၌ပင် ရှိနေသေးခြင်း၊ ပူးပေါင်းထားသောလုပ်ငန်းများထဲမှတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသောလုပ်ငန်းက ဒေဝါလီခံရတော့မယ့်အခြေအနေမှာ ရှိနေခြင်း၊ လုပ်ငန်းများပူးပေါင်းခြင်းကြောင့် ပို့ကုန်တင်ပို့မှုကို မြင့်တက်စေခြင်း၊ နည်းပညာ တိုးတက်စေခြင်း ဒါမှမဟုတ် စွန့်ဦးတီထွင်လုပ်ငန်းများ တည်ထောင်ခြင်း ကဲ့သို့သော အခြေအနေမျိုးမှာ ယှဉ်ပြိုင်မှုဥပဒေပါ တားမြစ်ချက်တွေကနေ ကော်မရှင်အနေနဲ့ ကင်းလွတ်ခွင့်ပေးနိုင်ပါတယ်။
+
ယှဉ်ပြိုင်မှုနည်းဥပဒေပါ တိုင်ကြားမှုပုံစံကို ပြည့်စုံစွာဖြည့်စွက်ပြီး မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်သို့ တိုက်ရိုက်ဖြစ်စေ၊ ကော်မရှင်ရုံးမှတစ်ဆင့်ဖြစ်စေ တိုင်ကြားနိုင်ပါတယ်။ တိုင်ကြားစာကို စာတိုက်ကဖြစ်စေ၊ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှု ကော်မရှင်ရဲ့ တရားဝင်အီးမေးလ်ဖြစ်တဲ့ mmcc.office@commerce. gov.mm သို့ဖြစ်စေ၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ www.mmcc.gov.mm သို့ဖြစ်စေ ပေးပို့တိုင်ကြားနိုင်ပါတယ်။
+
တိုင်ကြားသူဟာ တိုင်ကြားချက်နဲ့စပ်လျဉ်းပြီး တင်ပြခွင့်ရှိပါတယ်။ တိုင်ကြားတဲ့ ကိစ္စကို သိရှိတဲ့သက်သေတွေကို တင်ပြခွင့်ရှိပါတယ်။ စုံစမ်းစစ်ဆေးတဲ့ကိစ္စနဲ့ သက်ဆိုင်တဲ့ သက်သေခံအထောက်အထား၊ စာရွက်စာတမ်း၊ ငွေရေးကြေးရေး အထောက်အထား၊ သံသယဖြစ်ဖွယ်ကိစ္စရပ်များနဲ့ ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြချက်များကို တင်ပြနိုင်ပါတယ်။ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်ရပါမယ်။
+
ယှဉ်ပြိုင်မှုဥပဒေမှာ ပါဝင်တဲ့ တားမြစ်ချက်တစ်ရပ်ရပ်ကို တစ်စုံတစ်ဦးက ဖောက်ဖျက်ကြောင်းကို သိရှိတဲ့သူ ဒါမှမဟုတ် ဖောက်ဖျက်တယ်လို့ သံသယရှိတဲ့သူ ဘယ်သူမဆို တိုင်ကြားနိုင်ပါတယ်။
+
ယှဉ်ပြိုင်မှုဥပဒေပါ တားမြစ်ချက်တွေကတော့ ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်တဲ့ ဆောင်ရွက်ချက်တွေ၊ ဈေးကွက်လက်ဝါးကြီးအုပ်တဲ့ ဆောင်ရွက်ချက်တွေ၊ တရားမျှတမှုမရှိတဲ့ ယှဉ်ပြိုင်ဆောင်ရွက်ချက်တွေ အစရှိတဲ့ ဆောင်ရွက်ချက်တွေပဲ ဖြစ်ပါတယ်။
+
ယှဉ်ပြိုင်မှုနည်းဥပဒေမှာ သတ်မှတ်ထားတဲ့ တိုင်ကြားမှုပုံစံ (ပုံစံ-၁) မှာ မြန်မာ ဘာသာနဲ့ ရှင်းရှင်းလင်းလင်း ပြည့်ပြည့်စုံစုံ ဖြည့်သွင်းပြီး တိုင်ကြားရမှာဖြစ်ပါတယ်။ တိုင်ကြားတဲ့ကိစ္စနဲ့သက်ဆိုင်တဲ့ ပြုမှုဆောင်ရွက်ချက်တွေ၊ သက်သေအထောက် အထားတွေကိုလည်း ပူးတွဲပြီး တင်ပြနိုင်ပါတယ်။ တိုင်ကြားမှုပုံစံ (ပုံစံ-၁) မှာတော့ တိုင်ကြားသူရဲ့လက်မှတ်နဲ့ တိုင်ကြားတဲ့နေ့ရက် ပါရှိရပါမယ်။
+
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ထံကို တိုက်ရိုက်ဖြစ်ဖြစ်၊ ကော်မရှင်ရုံးက တစ်ဆင့်ဖြစ်ဖြစ် တိုင်ကြားနိုင်ပါတယ်။
+
တိုင်ကြားမှုပုံစံ (ပုံစံ-၁ ) မှာ ဖြည့်သွင်းပြီးတာနဲ့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၊ ကော်မရှင်ရုံးရဲ့ အီးမေးလ်ကိုဖြစ်ဖြစ်၊ ဖက်စ်နဲ့ဖြစ်ဖြစ်၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်ရုံးကို စာတိုက်ကနေဖြစ်ဖြစ်၊ လူကိုယ်တိုင်လာရောက်ပြီးတော့ဖြစ်ဖြစ် သင့်လျော်တဲ့နည်းလမ်းနဲ့ တိုင်ကြားနိုင်ပါတယ်။
+
တိုင်ကြားမှုပုံစံ (ပုံစံ-၁) pdf ဖိုင်ကို မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဝက်ဘ်ဆိုဒ် ဖြစ်တဲ့ https: www.mmcc.gov.mm ကနေ download ရယူနိုင်ပါတယ်။
+
ကော်မရှင်နဲ့ ကော်မရှင်ရုံးအနေနဲ့ တိုင်ကြားသူရဲ့ လုံခြုံရေးအတွက် သူ့ရဲ့ ကိုယ်ရေးအချက်အလက်နဲ့ အခြားသက်ဆိုင်တဲ့ အချက်အလက်တွေကို လျှို့ဝှက်ထားပေးမှာဖြစ်ပါတယ်။
+
တိုင်ကြားတဲ့သူက မရိုးမဖြောင့်တဲ့သဘောနဲ့ အကြောင်းခြင်းရာတွေကိုထိန်ချန်ပြီး တိုင်ကြားထားတာမျိုး၊ လိမ်လည်တိုင်ကြားတာ၊ မုသားသက်သေထွက်ဆိုတာနဲ့ မဟုတ်မမှန် သက်သေအထောက်အထား တင်ပြတာမျိုးဆိုရင်တော့ တိုင်ကြားသူကို တည်ဆဲဥပဒေနဲ့အညီအရေးယူသွားမှာဖြစ်ပါတယ်။
+
ဆက်သွယ်စုံစမ်းတိုင်ကြားနိုင်တဲ့ လိပ်စာအပြည့်အစုံကတော့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ကော်မရှင်ရုံး ရုံးအမှတ်(၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်။ ဖုန်း - ၀၆၇(၃)၄၀၈၅၀၅ ဖက်စ် - ၀၆၇(၃)၄၀၈၅၀၆ အီးမေးလ် - mmcc.office@commerce .gov.mm