(၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉)ပါ) ယှဉ်ပြိုင်မှုဥပဒေအား အကောင်အထည်ဖော်၍ အသက်ဝင်စိုးမိုးမှုရှိစေရန် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့တွင် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါသည်။
ဦးထွန်းအုံ၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဒေါက်တာသုတအောင်၊ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်
စီးပွားရေးပညာရှင် ဒေါက်တာသုတအောင်သည် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်တွင် အဖွဲ့ဝင်အဖြစ် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
ဦးဇော်ဇော်ထွေး၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်
ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်ထွေးသည် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်အဖြစ် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဦးသိန်းဆွေ၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဦးသိန်းဆွေသည် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်အဖြစ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၃ခုနှစ်တွင် မန္တလေး တက္ကသိုလ်မှ B.A (Hist.)ဘွဲ့နှင့် ၂၀၁၈ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ UBIS တက္ကသိုလ်မှ MBA ဘွဲ့ကို ရရှိခဲ့ပါသည်။
၁၉၈၃ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ အလုပ်သင်ဗိုလ်၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၃) ကို တတ်ရောက်ခဲ့ပြီး ၁၉၈၃ ခုနှစ် မှ ၂၀၀၀ ပြည့်နှစ်အထိ အလုပ်သင်ဗိုလ်မှ ဒုတိယတပ်ရင်းမှူးထိ စစ်ဘက်ဆိုင်ရာတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ခဲ့ပါသည်။
၂၀၀၀ ပြည့်နှစ်တွင် စက်မှုဝန်ကြီးဌာန၊ စက်မှုညွှန်ကြားရေးဦးစီးဌာနသို့ ဒုတိယ ညွှန်ကြားရေးမှူးရာထူးဖြင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပါသည်။ လက်ရှိတွင် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
ဒေါက်တာမိုးမိုးသွယ်၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်သည် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် အဖွဲ့ဝင်အဖြစ် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှ စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်မှ သိပ္ပံဘွဲ့(ဓာတုဗေဒ)၊ သိပ္ပံဂုဏ်ထူးဘွဲ့ (ဓာတုဗေဒ)၊ သိပ္ပံမဟာဘွဲ့ (ဓာတုဗေဒ)နှင့် စင်ကာပူနိုင်ငံရှိ နန့်ယန်းနည်းပညာတက္ကသိုလ်မှ အသုံးချသိပ္ပံဘာသာရပ်ဖြင့် ပါရဂူဘွဲ့ရရှိခဲ့ပါသည်။
ရန်ကုန်တက္ကသိုလ်တွင် ၁၉၉၁ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် ၁၉၉၇ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ၊ မန္တလေးနည်းပညာတက္ကသိုလ်တွင် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ သင်ကြားရေးဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ မြန်မာ့သိပ္ပံနှင့် နည်းပညာသုတေသနဦးစီးဌာန၊ ပေါ်လီမာသုတေသနဌာနတွင် ဌာနမှူးအဖြစ် ၂၀၀၃ ခုနှစ်တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင် ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။
ဦးသန်းထွန်းအောင်၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွန်းအောင်သည် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် အဖွဲ့ဝင်အဖြစ် ၂၀၁၉ ခုနှစ်မှစတင်၍ စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ၂၀၀၂ ခုနှစ်မှစတင်၍ တာဝန်ထမ်းဆောင်ခဲ့ ပြီး ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ စည်းမျဉ်းစည်းကမ်းသတ်မှတ်ရေး နယ်ပယ်၌ နှစ်ပေါင်း (၂၀) ကျော် အတွေ့အကြုံရှိပါသည်။ ၂၀၂၃ ခုနှစ်တွင် Telecom ကဏ္ဍ ဖြေလျှော့မှုတွင် ပါဝင်ခဲ့ပြီး ၎င်းကဏ္ဍကို သိသိသာသာ ဖွံ့ဖြိုးတိုးတက်စေခဲ့ပါသည်။ အာဆီယံ၊ နိုင်ငံတကာ ဆက်သွယ်ရေးသမဂ္ဂ (International Telecommunication Union-ITU)၊ အာရှ-ပစိဖိတ် ဆက်သွယ်ရေးအဖွဲ့အစည်း (Asia-Pacific Telecommunity- APT)၊ ကမ္ဘာလုံးဆိုင်ရာ စာတိုက်များသမဂ္ဂ (Universal Postal Union-UPU)၊ အာရှ-ပစိဖိတ် စာတိုက်များသမဂ္ဂ (Asia-Pacific Postal Union-APPU) အပါအဝင် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (Regional Comprehensive Economic Partnership-RCEP)၊ အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN Australia New Zealand Free Trade Area-AANZFTA)၊ အာဆီယံ လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်(ASEAN Free Trade Area-AFTA) တို့ကဲ့သို့သော အဓိကဆွေးနွေးညှိနှိုင်းမှုများတွင် မြန်မာနိုင်ငံကိုယ်စားပြု၍ ဆွေးနွေးခဲ့ပါသည်။
ဦးသိန်းနိုင်ထွန်း၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်
ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးသိန်းနိုင်ထွန်းသည် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် အဖွဲ့ဝင်အဖြစ် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၈၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၉)သို့ တက်ရောက်ခဲ့ပါသည်။
တပ်မတော်တွင် ဒုတိယဗိုလ်အဆင့်မှ ဗိုလ်မှူးကြီးအဆင့်ထိ ၁၉၈၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထဲရေးဝန်ကြီးဌာနသို့ ဌာနကူးပြောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းတာဝန်ပေးသည့် သတင်းအချက်အလက်ရယူခြင်းဆိုင်ရာ မူဝါဒကော်မတီတွင်လည်း အတွင်းရေးမှူးတာဝန်များ ထမ်းဆောင်လျက်ရှိပါသည်။ လက်ရှိ တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေး မှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
ဦးဝင်းလွင်၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင်သည် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်တွင် အဖွဲ့ဝင်အဖြစ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဒေါ်အေးအေးသိန်း၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်
ဥပဒေပညာရှင် ဒေါ်အေးအေးသိန်းသည် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်တွင် အဖွဲ့ဝင်အဖြစ် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၈၀ ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့ပါသည်။
၁၉၈၃ ခုနှစ်တွင် တရားရေးဝန်ထမ်းအဖြစ် ရွေးချယ်ခန့်ထားခြင်းခံရပြီး ချောင်းဆုံ၊ ကျိုက်ထို၊ မော်လမြိုင်၊ မင်္ဂလာဒုံ၊ စမ်းချောင်း၊ မှော်ဘီ၊ လားရှိုးခရိုင်၊ ရန်ကုန်မြောက်ပိုင်း ခရိုင်နှင့် စစ်ကိုင်းခရိုင်တို့တွင် တရားစီရင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နေပြည်တော်၊ ဥပဒေ လုပ်ထုံးလုပ်နည်းဌာန၊ ဥပဒေစိစစ်ရေးဌာနခွဲတွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် ဥပဒေလုပ်ထုံးလုပ်နည်းဌာန ညွှန်ကြားရေးမှူးတာဝန်ကို ပေးအပ်ခံရပြီး ၂၀၁၈ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပါသည်။
ဥပဒေလုပ်ထုံးလုပ်နည်းဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်ဆောင်သည့်ကာလ အတွင်း ဥပဒေကြမ်းများရေးဆွဲခြင်း၊ ဥပဒေပြင်ဆင်ခြင်း၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများရေးဆွဲခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ရေးဆွဲခဲ့သော ဥပဒေကြမ်းများမှာ တရားရုံးများ မထီမဲ့မြင်ပြုမှုဥပဒေ၊ စာချွန်တော် အမိန့်လျှောက်ထားမှုဆိုင်ရာဥပဒေ၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေ၊ လူမွဲခံယူခြင်းဆိုင်ရာဥပဒေတို့ဖြစ်ပါသည်။
ဦးဉာဏ်နိုင်ဝင်း၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်
ဥပဒေပညာရှင် ဦးဉာဏ်နိုင်ဝင်းသည် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်တွင် အဖွဲ့ဝင်အဖြစ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဒေါက်တာသီတာစန်း၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်
ဒေါက်တာသီတာစန်းသည် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်အဖြစ် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်မှ စတင်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ရေနံချောင်း ဒေသကောလိပ်၌ ၁၉၈၁ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ ဇီဝဗေဒဘာသာရပ် အထူးပြုတက်ရောက်ခဲ့ပါသည်။ ၁၉၈၃ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်၊ ဥပဒေပညာဌာနတွင် ဥပဒေပညာကို သင်ကြားခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် ဥပဒေဘွဲ့ကို ရရှိခဲ့ပါသည်။ ၁၉၉၅ ခုနှစ်တွင် မဟာ ဥပဒေဘွဲ့ကိုရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ဥပဒေပါရဂူဘွဲ့ကို ရရှိခဲ့ပါသည်။ မဟာဥပဒေဘွဲ့ အတွက် ‘‘The Selfdefence of the State’’ ကျမ်းကိုလည်းကောင်း၊ ဥပဒေပါရဂူဘွဲ့အတွက် ‘‘The Legal Issue on Terrorism’’ ကျမ်းကိုလည်းကောင်း ပြုစုခဲ့ပါသည်။
၁၉၉၃ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်၊ ဥပဒေပညာဌာနတွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၇ ခုနှစ်၌ ရှေ့နေချုပ်ရုံးသို့ ဦးစီးအရာရှိ အဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ပြီး ရှေ့နေချုပ်ရုံး၊ ဥပဒေများစိစစ်ရေးဆွဲရေးဌာနတွင် တာဝန်ပေးအပ်ခြင်းခံခဲ့ရပါသည်။ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန၌ ညွှန်ကြားရေးမှူးချုပ်အဖြစ် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဒေါက်တာသီတာစန်းသည် ဥပဒေရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်အဖြစ် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခု ဥပဒေပညာရှင်အဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ခြင်း ဖြစ်ပါသည်။
ဦးဇေယျသူရမွန်၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ဗဟိုအလုပ်အမှုဆောင် ဦးဇေယျသူရမွန်သည် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် တွင် အဖွဲ့ဝင်အဖြစ် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်မှ စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။
University of Chicago Booth မှ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ (MBA)၊ သမိုင်းဝိဇ္ဇာဘွဲ့နှင့် စက်မှုစွမ်းအား အင်ဂျင်နီယာဆိုင်ရာ တွဲဖက်ဘွဲ့တို့ကို ရရှိထားပါသည်။ University of Chicago's Harper Society ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါသည်။ ထို့ပြင် Singapore University of Social Sciences (SUSS) ၏ သုတေသီတစ်ဦးလည်း ဖြစ်ပါသည်။ ယခုအခါ Singapore University of Social Sciences တွင် စီးပွားရေးစီမံခန့်ခွဲမှုပါရဂူဘွဲ့ အတွက် ပညာသင်ယူလျက်ရှိပါသည်။
ဦးအောင်သွင်ဦး၊ အတွင်းရေးမှူး၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်