• +95-67(3)408505
  • mmcc.office@commerce.gov.mm
စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေ
Download : Myanmar / English
အခန်း( ၅) အသိအမှတ်ပြုလွှာ လျှောက်ထားခြင်းနှင့် ထုတ်ပေးခြင်း

၉။ အရည်အသွေးထောက်ခံချက် ထုတ်ပေးခွင့်ရရှိလိုသော ပြည်တွင်း၊ ပြည်ပမှဌာန၊ အဖွဲ့အစည်းတစ်ခုခု သည်လည်းကောင်း၊ အရည်အသွေးထောက်ခံချက် ထုတ်ပေးခွင့်ရှိသည့် ဌာန၊ အဖွဲ့အစည်းတစ်ခုခုနှင့် ဆက်နွှယ်သည့် လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်လိုသော ပုဂ္ဂိုလ်တစ်ဦးဦးသည်လည်းကောင်း အသိ အမှတ်ပြုလွှာရရှိရန် သတ်မှတ်ချက်များနှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားရမည်။

၁၀။ ဦးစီးဌာနသည် အသိအမှတ်ပြုလွှာရရှိရန် ပုဒ်မ ၉ အရ လျှောက်ထားချက်ကို လက်ခံရရှိသည့်အခါ လျှောက်ထားသောဌာန၊အဖွဲ့အစည်းနှင့်ပုဂ္ဂိုလ်များက နည်းပညာဆိုင်ရာ စစ်ဆေးမှုများ၊ ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများနှင့် အခြားလိုအပ်သော ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်စွမ်း ရှိ၊ မရှိ သတ်မှတ် ချက်များနှင့်အညီ စိစစ်ပြီး သဘောထားမှတ်ချက်ဖြင့် ကော်မတီမှတစ်ဆင့် ကောင်စီသို့ တင်ပြရမည်။

၁၁။ ကောင်စီသည် ဦးစီးဌာန၏ သဘောထားမှတ်ချက်ကို စိစစ်သုံးသပ်၍ အသိအမှတ်ပြုလွှာ ထုတ်ပေး ရန်သို့မဟုတ် ငြင်းပယ်ရန် ဆုံးဖြတ်ပြီး ကော်မတီမှတစ်ဆင့် ဦးစီးဌာနသို့ အကြောင်းကြားရမည်။

၁၂။ အသိအမှတ်ပြုလွှာ ရရှိသည့်ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်များသည် အသိအမှတ်ပြုကြောင်း အမှတ်တံဆိပ်ကို သုံးစွဲခွင့်ရှိသည်။

၁၃။ ဦးစီးဌာနသည် ကောင်စီ၏ ဆုံးဖြတ်ချက်နှင့်အညီ ဆောင်ရွက်ရမည်။

၁၄။ (က) အသိအမှတ်ပြုလွှာရရှိသော ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်များသည် အသိအမှတ်ပြုလွှာ ကို သက်တမ်းတိုးမြှင့်လိုပါက သတ်မှတ်ချက်များနှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားရမည်။

(ခ) ဦးစီးဌာနသည် ပုဒ်မခွဲ (က)အရ လျှောက်ထားချက်ကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး သဘော ထားမှတ်ချက်ဖြင့် ကော်မတီမှတစ်ဆင့် ကောင်စီသို့ တင်ပြရမည်။

၁၅။ (က) ကောင်စီသည် ပုဒ်မ ၁၄၊ ပုဒ်မခွဲ (ခ) အရ တင်ပြချက်ကို စိစစ်ပြီး အသိအမှတ်ပြုလွှာ သက်တမ်းတိုးမြှင့်ပေးခြင်း သို့မဟုတ် အသိအမှတ်ပြုလွှာသက်တမ်းတိုးမြှင့်ပေးရန် ငြင်းပယ်ခြင်းပြုနိုင် သည်။

(ခ) ကောင်စီသည် အသိအမှတ်ပြုလွှာသက်တမ်း၊ အသိအမှတ်ပြုလွှာကြေးနှင့် အသိအမှတ်ပြုလွှာသက် တမ်းတိုးမြှင့်ခများကို သတ်မှတ်ရမည်။

၁၆။ အသိအမှတ်ပြုလွှာရရှိသော ဌာန၊ အဖွဲ့အစည်းသည်-

(က) ထုတ်ပေးနိုင်သည့် အရည်အသွေးထောက်ခံချက် အမျိုးအစားတစ်ခုစီအတွက် စံချိန်စံညွှန်းဆိုင်ရာ အမှတ်တံဆိပ်ကို ကောင်စီ၏ အတည်ပြုချက်ရယူပြီး ဦးစီးဌာနတွင် မှတ်ပုံတင်ရမည်။

(ခ) အရည်အသွေးထောက်ခံချက် ထုတ်ပေးသည့် လုပ်ငန်းများစာရင်းကို သတ်မှတ်ချက်များနှင့်အညီ ဦးစီးဌာနသို့ တင်ပြရမည်။