• +95-67(3)408505
  • mmcc.office@commerce.gov.mm
စားသုံးသူကာကွယ်ရေးဥပဒေ
Download : Myanmar / English
အခန်း (၁) အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ (က) ဤဥပဒေကို စားသုံးသူကာကွယ်ရေးဥပဒေ ဟု ခေါ်တွင်စေရမည်။

(ခ) ဤဥပဒေအခန်း (၁၈)ပါ ပြဋ္ဌာန်းချက်များသည် ဤဥပဒေကို ထုတ်ပြန်ပြီး တစ်နှစ်ပြည့်မြောက်ပြီး သည့်နေ့ရက်မှ စတင်အာဏာတည်စေရမည်။ ကျန်အခန်းများပါ ပြဋ္ဌာန်းချက်များသည် ဤဥပဒေကို ထုတ်ပြန်သည့်နေ့ရက်တွင် စတင်အာဏာတည်စေရမည်။

၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်-

(က) စားသုံးသူကာကွယ်ရေး ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကို ဆိုသည်။

(ခ) စားသုံးသူ ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက် သော်လည်းကောင်း၊ အခြားသူအတွက် သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ် သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုသည်။

(ဂ) စီးပွားရေးလုပ်ငန်းရှင် ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကို ဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့် သော်လည်းကောင်း ဆောင်ရွက်သူကို ဆိုသည်။

(ဃ) ကုန်စည် ဆိုသည်မှာ စားသုံးသူ ကိုယ်တိုင်အတွက် သော်လည်းကောင်း၊ အခြားသူများအတွက် သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း သို့မဟုတ် စားသုံးခြင်းပြုသော အရာဝတ္ထုကို ဆိုသည်။ ယင်းစကားရပ်တွင် ငွေရေးကြေးရေးဆိုင်ရာ လွှဲပြောင်းနိုင်သောစာချုပ်စာတမ်း၊ အစုရှယ်ယာ၊ ငွေချေးလက်မှတ်၊ ငွေကြေးစသည့် ကိစ္စရပ်များလည်း ပါဝင်သည်။

(င) ဝန်ဆောင်မှု ဆိုသည်မှာ လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏ လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ ဖြည့်ဆည်းပေးသည့် ဆောင်ရွက်မှုကို ဆိုသည်။

(စ) ကုန်သွယ်မှု ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တန်ဖိုးသတ်မှတ်၍ အကျိုးအမြတ် ရရှိစေရန် ရည်ရွယ်ဆောင်ရွက်သော ပြုလုပ်မှုကို ဆိုသည်။

(ဆ) လိမ်လည်လှည့်ဖြားခြင်း ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ မှားယွင်း သော ဖော်ပြခြင်းဖြင့် ဖြစ်စေ၊ မမှန်ကန်သော ကြော်ငြာခြင်းဖြင့်ဖြစ်စေ၊ မရိုးမဖြောင့်သော သဘောဖြင့် ဖြစ်စေ စားသုံးသူက လွဲမှားစွာလက်ခံစေရန် ရည်ရွယ်၍ ဆောင်ရွက်မှုကို ဆိုသည်။

(ဇ) ထင်ယောင်ထင်မှားဖြစ်ခြင်း ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သဘာဝ အရည်အသွေးကို ဖြစ်စေ၊ ထုတ်လုပ်မှုဖြစ်စဉ်ကို ဖြစ်စေ၊ ဆောင်ရွက်မှုဖြစ်စဉ်ကို ဖြစ်စေ၊ ဝိသေသ လက္ခဏာကို ဖြစ်စေ၊ သတ်မှတ်ထားသော စံချိန်စံညွှန်းကို ဖြစ်စေ၊ ရည်ရွယ်ချက်ကို ဖြစ်စေ၊ အရေအတွက်ကို ဖြစ်စေ စားသုံးသူကို လွဲမှားယူဆမှုဖြစ်စေသော ပြုလုပ်မှုကို ဆိုသည်။

(ဈ) ကြော်ငြာခြင်း ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့် ဖြစ်စေ၊ အမူအယာဖြင့်ဖြစ်စေ၊ အသံဖြင့် ဖြစ်စေ၊ အခြားနည်းလမ်းဖြင့် ဖြစ်စေ စားသုံးသူသိရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်မှုကို ဆိုသည်။

(ည) အရောင်းမြှင့်တင်ခြင်း ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများ ပိုမိုသိရှိနားလည်၍အသုံးပြုမှုတိုးပွားလာစေရန်အလို့ငှာ နည်းလမ်းတစ်မျိုးမျိုးဖြင့်ဖြစ်စေ၊ တစ်မျိုးထက် ပိုသော နည်းလမ်းဖြင့် ဖြစ်စေ ပြုလုပ်သည့် ဆောင်ရွက်မှုကို ဆိုသည်။

(ဋ) နစ်နာဆုံးရှုံးမှု ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏ ရုပ်ပိုင်း ဆိုင်ရာကို ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကို ဖြစ်စေ၊ ဂုဏ်သိက္ခာကိုဖြစ်စေ၊ နာမည်ဂုဏ်သတင်းကိုဖြစ်စေ၊ ပိုင်ဆိုင်မှုတစ်ရပ်ရပ်ကိုဖြစ်စေ ထိခိုက်စေခြင်းကို ဆိုသည်။

(ဌ) ကုန်အညွှန်းအမှတ်အသား ဆိုသည်မှာ ကုန်စည် သို့မဟုတ် ကုန်စည်ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် စာဖြင့်ရေးသား၍ဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ၊ အခြားနည်းတစ်ရပ်ရပ်ဖြင့် ဖြစ်စေ ဖော်ပြထား သည့်ကုန်စည်နှင့် သက်ဆိုင်သည့် အချက်အလက် သို့မဟုတ် အမှတ်အသားကို ဆိုသည်။

(ဍ) ဘေးအန္တရာယ်ရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ဆိုသည်မှာ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများက စားသုံးရန် သို့မဟုတ် အသုံးပြုရန်မသင့်ဟု သတ်မှတ်ထုတ်ပြန်ထားသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဆိုသည်။

(ဎ) အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ကိုဆိုသည်။

(ဏ) ကော်မရှင် ဆိုသည်မှာ ဤဥပဒေအရ အစိုးရအဖွဲ့က ဖွဲ့စည်းပေးသော မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်ကို ဆိုသည်။

(တ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကို ဆိုသည်။

(ထ) ဦးစီးဌာန ဆိုသည်မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီး ဌာနကို ဆိုသည်။

(ဒ) ဦးစီးမှူးရုံး ဆိုသည်မှာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် ဖွဲ့စည်း တာဝန်ပေးအပ်ထားသော ဦးစီးဌာန၏ရုံးများကို ဆိုသည်။

(ဓ) ကော်မတီ ဆိုသည်မှာ ကော်မရှင်က ဤဥပဒေ ပုဒ်မ ၁၇ အရ ဖွဲ့စည်းသော စားသုံးသူရေးရာ ကော်မတီကို ဆိုသည်။

(န) စစ်ဆေးရေးအရာရှိ ဆိုသည်မှာ စားသုံးသူရေးရာဦးစီးဌာနက ဤဥပဒေအရ စစ်ဆေးရေးမှူး အဖြစ် တာဝန်ပေးအပ်ခြင်းခံရသူကို ဆိုသည်။

(ပ) စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့ ဆိုသည်မှာ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုသာ ဆောင်ရွက်ရန် တည်ဆဲဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် အသင်းအဖွဲ့ကို ဆိုသည်။