• +95-67(3)408505
  • mmcc.office@commerce.gov.mm
စားသုံးသူကာကွယ်ရေးဥပဒေ
Download : Myanmar / English
အခန်း (၆) စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များ

၁၄။ စစ်ဆေးရေးအရာရှိသည် တိုင်ကြားလာမှုအပေါ် စုံစမ်းစစ်ဆေးရန် သို့မဟုတ် ဘေးအန္တရာယ်ရှိ သည်ဟု ထင်မြင်ယူဆရသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို စောင့်ကြည့်စစ်ဆေးနိုင်ရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်စေရန်အလို့ငှာ ကုန်စည်နှင့် ဝန်ဆောင်မှုစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ရှိသည်။

၁၅။ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ပြည်တွင်း၌ ထုတ်လုပ်သော ကုန်စည်များ၊ ပြည်ပမှ တင်သွင်းသော ကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီး ကုန်စည်ကို ဘေးအန္တရာယ် ရှိ မရှိ စောင့်ကြည့် စစ်ဆေးခြင်း၊

(ခ) ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပါဝင်မှု ရှိ မရှိ စောင့်ကြည့်စစ်ဆေးခြင်း၊

(ဂ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးရန် သို့မဟုတ် အသုံးပြုရန် သင့် မသင့်နှင့် ဘေးအန္တရာယ် ရှိ မရှိ စောင့်ကြည့်စစ်ဆေးခြင်း၊

(ဃ) ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများတွေ့ရှိသည်ဟု သတင်းရရှိပါက မှန်ကန်မှု ရှိ မရှိ စစ်ဆေးခြင်း၊

(င) သက်ဆိုင်ရာ ဦးစီးမှူးရုံးနှင့် ကော်မတီကချမှတ်သော အရေးယူမှုများနှင့်စပ်လျဉ်း၍ လိုက်နာ ဆောင်ရွက်မှု ရှိ မရှိ စောင့်ကြည့်စစ်ဆေးခြင်း၊

(စ) ဤဥပဒေပါ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်မှုမရှိစေရန် စောင့်ကြည့်စစ်ဆေးခြင်း၊

(ဆ) စောင့်ကြည့်စစ်ဆေးတွေ့ရှိမှုများကို သက်ဆိုင်ရာ ဦးစီးမှူးရုံးသို့ တင်ပြခြင်း၊

(ဇ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ တိုင်ကြားလာမှုအပေါ် စုံစမ်းစစ်ဆေးခြင်းနှင့် ယင်းစုံစမ်းစစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ တွေ့ရှိချက်များကို သက်ဆိုင်ရာဦးစီးမှူးရုံးသို့ တင်ပြခြင်း၊

(ဈ) ကုန်စည်နှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆပါက သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင်ရန်နှင့် သက်ဆိုင်ရာအစိုးရဌာန၏ ဓာတ်ခွဲခန်းနှင့် နိုင်ငံတကာအသိအမှတ်ပြု ဓာတ်ခွဲခန်းများသို့ ပေးပို့ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဦးစီးမှူးရုံးသို့ တင်ပြခြင်း၊

(ည) ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စစ်ဆေးစဉ်ကာလအတွင်း ဆက်လက်ဖြန့်ဖြူးရောင်းချခြင်းမရှိစေရန် သို့မဟုတ် ဆက်လက်ဆောင်ရွက် ခြင်းမပြုစေရန်အတွက် သက်ဆိုင်ရာဦးစီးမှူးရုံးသို့ တင်ပြခြင်း၊

(ဋ) ဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာဦးစီးမှူးရုံးက အခါအားလျော်စွာပေးအပ်သော လုပ်ငန်းတာဝန် များကို ဆောင်ရွက်ခြင်း။

၁၆။ စစ်ဆေးရေးအရာရှိသည် မိမိ၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် လိုအပ်ပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အကူအညီကို ရယူဆောင်ရွက်နိုင်သည်။