• +95-67(3)408505
  • mmcc.office@commerce.gov.mm
စားသုံးသူကာကွယ်ရေးဥပဒေ
Download : Myanmar / English
အခန်း (၁၉) တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်း တိုင်ကြားခြင်း

၄၄။ အောက်ပါပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုသည် စားသုံးသူ၏ နစ်နာဆုံးရှုံးမှု တစ်ရပ်ရပ်ကို တိုင်ကြားလိုပါက လူကိုယ်တိုင်သော်လည်းကောင်း၊ လူထုဆက်သွယ်ရေး နည်းလမ်း တစ်ခုခုဖြင့်သော်လည်းကောင်း သက်ဆိုင်ရာ ဦးစီးမှူးရုံးသို့ သက်သေခံအထောက်အထားနှင့်အတူ တိုင်ကြားနိုင်သည်-

(က) နစ်နာသည့် စားသုံးသူ၊

(ခ) နစ်နာသည့် စားသုံးသူ၏ မိသားစုဝင်များ၊

(ဂ) နစ်နာသည့် စားသုံးသူနှင့် ဆက်နွှယ်သော ပုဂ္ဂိုလ်များ၊

(ဃ) အစိုးရဌာနအဖွဲ့အစည်းများ၊

(င) စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များ။

စိစစ်ဆောင်ရွက်ခြင်း

၄၅။ သက်ဆိုင်ရာ ဦးစီးမှူးရုံးသည် ပုဒ်မ ၄၄ အရ တိုင်ကြားလာသော ကိစ္စများနှင့်စပ်လျဉ်း၍ သက်သေခံအထောက်အထားများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် အောက်ပါအတိုင်းဆောင်ရွက်ရမည်-

(က) တိုင်ကြားမှုနှင့်စပ်လျဉ်း၍ မှန်ကန်မှု ရှိ မရှိ စိစစ်ခြင်း၊

(ခ) ပြည့်စုံမှန်ကန်မှုမရှိသော တိုင်ကြားမှုနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်စေရေးအတွက် ဆောင်ရွက်စေ ခြင်း၊

(ဂ) လူထုဆက်သွယ်ရေး နည်းလမ်းတစ်ခုခုဖြင့် တိုင်ကြားမှုနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်နိုင်ရန် မှတ်တမ်းရယူခြင်း။

ညှိနှိုင်းဖြေရှင်းပေးခြင်း

၄၆။ သက်ဆိုင်ရာဦးစီးမှူးရုံးသည် ပုဒ်မ ၁၅၊ ပုဒ်မခွဲ (ဇ) အရ စစ်ဆေးရေးအရာရှိက တင်ပြလာသည့် စုံစမ်းစစ်ဆေးမှုနှင့်စပ်လျဉ်း၍ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် အောက်ပါတို့ကို ဆောင်ရွက်ရမည်-

(က) စုံစမ်းစစ်ဆေးခဲ့မှုနှင့်စပ်လျဉ်း၍ လိုအပ်သော စာရွက်စာတမ်းများနှင့် အခြားသက်သေခံပစ္စည်း များကို စစ်ဆေးခြင်း၊

(ခ) တိုင်ကြားခံရသည့် စီးပွားရေးလုပ်ငန်းရှင် သို့မဟုတ် ယင်း၏ တရားဝင်ကိုယ်စားလှယ်ကို ညှိနှိုင်း ဖြေရှင်းနိုင်ရန် ခေါ်ယူခြင်း၊

(ဂ) စားသုံးသူတိုင်ကြားမှုကို သိမြင်သော ပုဂ္ဂိုလ် သို့မဟုတ် မျက်မြင်သက်သေနှင့် စားသုံးသူ ကာကွယ်ရေး ဆိုင်ရာကိုသိရှိသော ကျွမ်းကျင်သူများရှေ့တွင် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင် သို့မဟုတ် ယင်း၏တရားဝင်ကိုယ်စားလှယ်တို့ကို ခေါ်ယူစစ်ဆေးခြင်း၊

(ဃ) တိုင်ကြားခံရသည့် စီးပွားရေးလုပ်ငန်းရှင် သို့မဟုတ် ယင်း၏ တရားဝင်ကိုယ်စားလှယ်သည် ဆင့်ခေါ်ရာသို့ လာရောက်ခြင်းမရှိပါက တစ်ဖက်သတ် စစ်ဆေးဆုံးဖြတ်ခွင့်ရှိခြင်း၊

(င) စားသုံးသူဘက်မှ နစ်နာဆုံးရှုံးမှု ရှိ မရှိ စစ်ဆေးခြင်းနှင့် ညှိနှိုင်းဖြေရှင်းပေးခြင်း၊

(စ) တိုင်ကြားမှုနှင့်စပ်လျဉ်း၍ ကျူးလွန်ဖောက်ဖျက်သော စီးပွားရေးလုပ်ငန်းရှင်ကို စားသုံးသူ ကာကွယ်ရေးနှင့်စပ်လျဉ်းသော သဘောတူညီချက်ကို အသိပေးအကြောင်းကြားခြင်း၊

(ဆ) ပုဒ်မခွဲ (စ) အရ သဘောတူညီချက်ကို လိုက်နာခြင်းမရှိပါက ကော်မတီသို့ တင်ပြခြင်း။

၄၇။ သက်ဆိုင်ရာ ဦးစီးမှူးရုံးသည် ပုဒ်မ ၄၆ ပါ ညှိနှိုင်းဖြေရှင်းပေးခြင်းများကို မှတ်တမ်းတင်ထားရှိ ရမည်။

၄၈။ သက်ဆိုင်ရာ ဦးစီးမှူးရုံးသည် တိုင်ကြားမှုနှင့်စပ်လျဉ်း၍ ညှိနှိုင်းဖြေရှင်းပေးခြင်း လုပ်ငန်းစဉ်များ ကို ဆောင်ရွက်ရာတွင် လျှို့ဝှက်ထားရမည့် သတင်းအချက်အလက်များကို လျှို့ဝှက်အနေဖြင့် ဆောင်ရွက် ရမည်။ သို့သော် အဆိုပါအချက်အလက်များကို ကော်မတီ၊ ကော်မရှင် သို့မဟုတ် တရားရုံးတစ်ခုခုက သက်သေခံအထောက်အထားများအဖြစ် တောင်းခံလာပါက ပေးပို့ပိုင်ခွင့်ရှိသည်။

၄၉။ သက်ဆိုင်ရာ ဦးစီးမှူးရုံးသည် ပုဒ်မ ၁၅၊ ပုဒ်မခွဲ (ဇ) အရ စစ်ဆေးရေးအရာရှိက တင်ပြလာသည့် စုံစမ်းစစ်ဆေးမှုနှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ရမည့် တိုင်ကြားမှုများကို သက်ဆိုင်ရာ အစိုးရဌာနများသို့ ပေးပို့၍ ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်သည်။

၅၀။ စားသုံးသူသည် အကြောင်းခြင်းရာများကို မရိုးမဖြောင့်သောသဘောဖြင့် ထိမ်ချန်၍သော် လည်းကောင်း၊ တစ်ဦးတစ်ယောက်ကို မတရားသော နည်းလမ်းတစ်ခုခုဖြင့် နစ်နာဆုံးရှုံးမှုဖြစ်စေရန် ရည်ရွယ်၍သော်လည်းကောင်း မဟုတ်မမှန် လိမ်လည်တိုင်ကြားခြင်း၊ မမှန်သက်သေထွက်ဆိုခြင်း၊ မမှန်သက်သေခံအထောက်အထား တင်ပြခြင်းပြုပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူခြင်းခံရမည်။

၅၁။ စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးကိစ္စနှင့်စပ်လျဉ်းသည့် ကုန်ကျစရိတ်များကို နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်စေသူဘက်မှ ကျခံစေရမည်။