• +95-67(3)408505
  • mmcc.office@commerce.gov.mm
ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာနည်းဥပဒေများ
Download : Myanmar / English
အခန်း (၁) အမည်၊ သက်ဆိုင်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို ဆက်သွယ်ရေးဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည်-

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မြေထု၊ ရေထု၊ လေထု တို့ပါဝင်သော နယ်နိမိတ်အတွင်းရှိ မည်သည့်ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းနှင့်မဆို သက်ဆိုင်စေရမည်။

(ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြင်ပရောက် မည်သည့်အရပ်ဒေသ၌မဆို ရှိနေသော မြန်မာနိုင်ငံသားများနှင့်လည်း သက်ဆိုင်စေရမည်။

၃။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရ မည်-

(က) ဆက်သွယ်ရေး (Telecommunication) ဆိုသည်မှာ သတင်းအချက်အလက်တစ်ရပ်ရပ်ကို ဝါယာကြိုး၊ ဖိုင်ဘာကြိုး သို့မဟုတ် အခြားသော လျှပ်ကူးကြိုးတစ်ခုခုကို အသုံးပြု၍သော်လည်း ကောင်း၊ ရေဒီယိုလှိုင်း၊ အလင်းတန်း၊ အခြားသော လျှပ်စစ်သံလိုက်ဓာတ်ထုတ်လွှတ်သည့် နည်းလမ်းတစ်ရပ်ရပ်ကို အသုံးပြု၍သော်လည်းကောင်း မူရင်းအတိုင်းဖြစ်စေ၊ ပြုပြင်၍ ဖြစ်စေ ထုတ်လွှင့်ခြင်း သို့မဟုတ် ဖမ်းယူခြင်းကို ဆိုသည်။

(ခ) သတင်းအချက်အလက် ဆိုသည်မှာ အချက်အလက်၊ မူရင်းစာ၊ ပုံရိပ်သဏ္ဌာန်၊ အသံ၊ သင်္ကေတ (Code)၊ လက္ခဏာသင်္ကေတ (Sign)၊ အချက်ပြသင်္ကေတ (Signal) နှင့်အချက်အလက်အစုအဝေး တစ်ရပ်ရပ်တို့အပြင် ယင်းတို့ တစ်ခုထက်ပို၍ ပေါင်းစည်းထားသော အရာများနှင့် အလားတူ ကိစ္စရပ် များကို ဆိုသည်။

(ဂ) ကြိုးမဲ့ဆက်သွယ်ရေး ဆိုသည်မှာ ထုတ်လွှင့်သည့် ကိရိယာ နှင့် ဖမ်းယူသည့် ကိရိယာတို့အကြား တွင် ဝါယာကြိုး၊ ဖိုင်ဘာကြိုး သို့မဟုတ် အခြားသောလျှပ်ကူးကြိုးတစ်ခုခုကို အသုံးမပြုဘဲ သတင်းအချက်အလက်တစ်ရပ်ရပ်ကို ရေဒီယိုလှိုင်း၊ အလင်းတန်း၊ လျှပ်စစ်သံလိုက်ဓာတ် ထုတ်လွှတ် ခြင်း သို့မဟုတ် အခြားနည်းလမ်းတစ်ရပ်ရပ်ဖြင့် ထုတ်လွှင့်ခြင်း သို့မဟုတ် ဖမ်းယူခြင်းကို ဆိုသည်။

(ဃ) ဆက်သွယ်​ရေးကွန်ရက် ဆိုသည်မှာ ဆက်သွယ်ရေးနည်းပညာတစ်ခုခုကို အသုံးပြုပြီး ကွန်ရက် အထောက်အကူပြုပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ ကွန်ပျူတာ၊ ကွန်ပျူတာကဲ့သို့သော အလားတူ ပစ္စည်း၊ ယင်းတို့နှင့် တွဲဖက်အသုံးပြုနိုင်သည့်စနစ်နှင့်ပစ္စည်းကို ကြိုးဖြင့်ဖြစ်စေ၊ ကြိုးမဲ့ဖြစ်စေ အချင်း ချင်းချိတ်ဆက်အသုံးပြုသော စနစ်ကို ဆိုသည်။

(င) အသုံးပြုသူဘက်ရှိ ကွန်ရက်နယ်နိမိတ် ဆိုသည်မှာ ဆက်သွယ်ရေးပစ္စည်း ကနဦးချိတ်ဆက်သည့် နေရာကို သော်လည်းကောင်း၊ သုံးစွဲသူတစ်ဦးဦးထံမှ သတင်းအချက်အလက်များ လက်ခံရရှိသော နေရာ ကိုသော်လည်းကောင်း၊ သုံးစွဲသူထံသို့ သတင်းအချက်အလက်ပေးပို့သော ကွန်ရက်အထောက်အကူပြု ပစ္စည်း၏ နေရာကိုသော်လည်းကောင်း ဆိုသည်။

(စ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်း၊ ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းနှင့် အသုံးချဝန်ဆောင်မှုလုပ်ငန်းများအနက် လုပ်ငန်းတစ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ လုပ်ကိုင်ဆောင်ရွက်ခြင်းကို ဆိုသည်။

(ဆ) ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ ကွန်ရက်အထောက်အကူပြုပစ္စည်း တစ်ခုခုကို လက်ဝယ်ထားရှိပြီး ယင်းကွန်ရက်အထောက်အကူပြုပစ္စည်းကို ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်း လိုင်စင်ရရှိထားသူအား ငှားရမ်းခြင်း သို့မဟုတ် အဆိုပါ ကွန်ရက်အထောက်အကူပြုပစ္စည်း အပေါ်တွင် မိမိကိုယ်တိုင် ဝန်ဆောင်မှုပေးသည့်လုပ်ငန်းကို ဆိုသည်။

(ဇ) ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ သတင်းအချက်အလက်ကို အပြန်အလှန်ပေးပို့ရေး အတွက် ဆက်သွယ်ရေးနည်းလမ်းတစ်ရပ်ရပ်ဖြင့် ဝန်ဆောင်မှုပေးသည့်လုပ်ငန်းကို ဆိုသည်။ ယင်း စကားရပ်တွင် အသုံးပြုသူဘက်ရှိ ကွန်ရက်နယ်နိမိတ်သက်သက်ကိုသာ ဆောင်ရွက်​ပေးသည့်လုပ်ငန်း မပါဝင်။

(ဈ) အသုံးချဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ ကွန်ရက်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ကွန်ရက်များကို အသုံးပြု၍ ဝန်ဆောင်မှုပေးသောလုပ်ငန်းတစ်ရပ်ရပ်ကို ဆိုသည်။ ယင်းတွင် အသုံးပြု သူဘက်ရှိ ကွန်ရက်နယ်နိမိတ်သက်သက်ကိုသာ ဆောင်ရွက်ပေးသည့်လုပ်ငန်း မပါဝင်။

(ည) ဆက်သွယ်ရေးပစ္စည်း ဆိုသည်မှာ ဤဥပဒေအား အထောက်အကူပြုရန်အလို့ငှာ ဝန်ကြီးဌာနက သီးခြားသတ်မှတ်သော ဆက်သွယ်ရေးပစ္စည်းကို ဆိုသည်။

(ဋ) ဆက်သွယ်ရေးဈေးကွက် ဆိုသည်မှာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုခုနှင့် သက်ဆိုင်သော ဈေးကွက်ကိုသော်လည်းကောင်း၊ ယင်းဝန်ဆောင်မှုလုပ်ငန်းတစ်ခုခုနှင့် တွဲဖက်အသုံးပြု ရသည့်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုနှင့် သက်ဆိုင်သည့် ဈေးကွက်ကိုသော်လည်းကောင်း ဆိုသည်။

(ဌ) အချက်အလက်အကြောင်းအရာ ဆိုသည်မှာ ဖန်တီးနိုင်သော၊ ပြုပြင်နိုင်သော၊ သိမ်းဆည်းထားနိုင် သော၊ ပြန်လည်ဖော်ထုတ်နိုင်သော သို့မဟုတ် အီလက်ထရောနစ်နည်းပညာဖြင့် ဆက်သွယ်ပေးပို့နိုင် သော စာသား၊ အသံ၊ ပုံရိပ်ငြိမ်နှင့် ပုံရိပ်ရှင်တို့ကို သော်လည်းကောင်း၊ ယင်းတို့ကို အခြားသောရုပ်သံဖြင့် ပြန်လည်ဖော်ပြခြင်း၊ ထိတွေ့ခြင်းဖြင့် ဖော်ပြခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် ပေါင်းစပ်ဖော်ပြထား ခြင်းကိုသော်လည်းကောင်း ဆိုသည်။

(ဍ) ကွန်ရက်အထောက်အကူပြုပစ္စည်း ဆိုသည်မှာ ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာ တွင် အသုံးပြုသည့် ရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အအုံ၏ ပစ္စည်းတစ်ခုခုကိုသော်လည်းကောင်း၊ ယင်းပစ္စည်းများ ပေါင်းစပ်ထားရှိမှုကိုသော်လည်းကောင်း ဆိုသည်။

(ဎ) လှိုင်းနှုန်းစဉ် ဆိုသည်မှာ ၃ ဟတ်ဇ်မှ ၄၂၀ တာရာဟတ်ဇ်လှိုင်းနှုန်းအထိ ပါဝင်သည့် စဉ်ဆက်မပြတ် သော လျှပ်စစ်သံလိုက်လှိုင်း၏ လှိုင်းနှုန်းစဉ်ကို ဆိုသည်။

(ဏ) ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက် ဆိုသည်မှာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း များတွင် ဆက်သွယ်ခေါ်ဆိုမှုအတွက် အသုံးပြုရန် သတ်မှတ်သော နိုင်ငံတော်၏ ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်ကို ဆိုသည်။

(တ) အီလက်ထရောနစ်လိပ်စာ လျာထားသတ်မှတ်ချက် ဆိုသည်မှာ သတင်းအချက်အလက်ဆိုင်ရာ စနစ်များအကြား အပြန်အလှန်ဆက်သွယ်ရာတွင် အသုံးပြုရန် အက္ခရာ သို့မဟုတ် ဂဏန်း သို့မဟုတ် အက္ခရာနှင့်ဂဏန်းပေါင်းစပ်၍ အသုံးပြုသော အစီအစဉ်တကျဖော်ပြသည့် အီလက်ထရောနစ်လိပ်စာ လျာထားသတ်မှတ်ချက်ကို ဆိုသည်။

(ထ) ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင် ဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦး၊ ဌာန သို့မဟုတ် အဖွဲ့အစည်း တစ်ခုခုကို ဆက်သွယ်ရေးပစ္စည်းတစ်မျိုးမျိုး လက်ဝယ်ထားရှိခြင်း၊ အသုံးပြုခြင်းအတွက် ထုတ်ပေး သော ဆက်သွယ်ရေးပစ္စည်းဆိုင်ရာလိုင်စင်ကို ဆိုသည်။

(ဒ) လုပ်ငန်းလိုင်စင် ဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦး၊ ဌာန သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုအား ဤဥပဒေအရ ထုတ်ပေးထားသော ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ရပ် တည်ထောင်လုပ်ကိုင် ခွင့်လုပ်ငန်းလိုင်စင်ကို ဆိုသည်။

(ဓ) လိုင်စင် ဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦး၊ ဌာန သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုအား ဤဥပဒေအရ ထုတ်ပေးထားသော လုပ်ငန်းလိုင်စင်နှင့် ဆက်သွယ်ရေးပစ္စည်းဆိုင်ရာလိုင်စင်ကို ဆိုသည်။

(န) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကို ဆိုသည်။

(ပ) ဦးစီးဌာန ဆိုသည်မှာ ဝန်ကြီးဌာနလက်အောက်ရှိ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို ဆိုသည်။

(ဖ) အယူခံခုံရုံး ဆိုသည်မှာ ဝန်ကြီးဌာနက ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်ပါ က အယူခံဝင်ခွင့်ပြုရန် ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းထားသော ဆက်သွယ်ရေးဆိုင်ရာ အယူခံခုံရုံး ကို ဆိုသည်။