• +95-67(3)408505
  • mmcc.office@commerce.gov.mm
ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာနည်းဥပဒေများ
Download : Myanmar / English
အခန်း (၁၃) ကွန်ရက်အထောက်အကူပြုပစ္စည်းများ တပ်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြုပြင်မွမ်းမံခြင်း

၄၁။ လုပ်ငန်းလိုင်စင်ရရှိသူသည် ကွန်ရက်အထောက်အကူပြုပစ္စည်းများ တပ်ဆင်ခြင်း သို့မဟုတ် ချိတ် ဆက်အသုံးပြုခြင်းပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာမြေနှင့် အဆောက်အအုံပိုင်ရှင် သို့မဟုတ် ယင်းမြေနှင့် အဆောက်အအုံကို စီမံခန့်ခွဲခွင့်ရှိသူနှင့် ညှိနှိုင်း၍ ကာလသတ်မှတ်ချက်ပါဝင်သော နှစ်ဦးနှစ် ဖက်သဘောတူညီချက်ဖြင့် ဆောင်ရွက်ခွင့်ရရှိသည့်နေရာတွင် အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်-

(က) လုပ်ငန်းမြေနေရာမှာ သင့်လျော်မှု ရှိ မရှိ ရွေးချယ်ဆုံးဖြတ်နိုင်ရန်အလို့ငှာ ယင်းနေရာသို့ ဝင်ရောက်ခြင်း၊ စစ်ဆေးကြည့်ရှုခြင်း၊ တိုင်းတာခြင်း၊ အနိမ့်အမြင့်မှတ်တမ်းယူခြင်း၊ မြေနမူနာရယူခြင်း၊ ကျင်းတူးခြင်း၊ အပေါ်ယံမြေလွှာကို စစ်ဆေးခြင်းတို့ အပါအဝင် အခြားလိုအပ်သော ကိစ္စများကို ဆောင် ရွက်ခြင်း၊

(ခ) ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းနှင့် ဆက်စပ်သည့်လုပ်ငန်းများ ဆောင်ရွက်ရန်အလို့ငှာ အဆိုပါ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်တွင် လိုအပ်သော ကွန်ရက်အထောက်အကူပြုပစ္စည်းများကို နေရာချထားခြင်း၊ ထားရှိခြင်း၊ တပ်ဆင်ခြင်း၊ ချိတ်ဆက်ခြင်းနှင့် ပစ္စည်းလုံခြုံရေးအတွက် ဆောင်ရွက် ခြင်း၊

(ဂ) ကွန်ရက်အထောက်အကူပြုပစ္စည်းများကို ဝင်ရောက်ကြည့်ရှုစစ်ဆေးခြင်း၊ ထိန်းသိမ်းထားရှိခြင်း နှင့် ပြုပြင်မွမ်းမံခြင်း။

၄၂။ လုပ်ငန်းလိုင်စင်ရရှိသူသည် ပုဒ်မ ၄၁ ပါ လုပ်ငန်းကိစ္စများ ဆောင်ရွက်ရန်သဘောတူညီမှုရရှိထား သည့် မြေနှင့် အဆောက်အအုံပိုင်ရှင်ပြောင်းလဲမှုဖြစ်ပေါ်ပါက အဆိုပါ မြေနှင့် အဆောက်အအုံတွင် ကွန်ရက်အထောက်အကူပြုပစ္စည်းများ တပ်ဆင်ခြင်း သို့မဟုတ် ချိတ်ဆက်အသုံးပြုခြင်းတို့ကို ဆက် လက်ဆောင်ရွက်နိုင်ရေးအတွက် သဘောတူညီမှုရယူထားရမည်။

၄၃။ လုပ်ငန်းလိုင်စင်ရရှိသူသည် ကွန်ရက်အထောက်အကူပြုပစ္စည်းများ တပ်ဆင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ပြောင်းလဲခြင်းနှင့် ဖယ်ရှားခြင်းများ ဆောင်ရွက်ရာတွင် အများပြည်သူအသုံးပြုသည့် လမ်း သို့မဟုတ် ယာဉ်လမ်းကြောင်း သို့မဟုတ် ရေလမ်းကြောင်း သို့မဟုတ် လေလမ်းကြောင်းတို့ကို အနှောင့်အယှက် သို့မဟုတ် အဟန့်အတားမဖြစ်စေရ။

၄၄။ လုပ်ငန်းလိုင်စင်ရရှိသူသည် ကွန်ရက်အထောက်အကူပြုပစ္စည်းများ တပ်ဆင်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းတို့အား ပြုလုပ်ရန်အလို့ငှာ ကြိုတင်လေ့လာဆန်းစစ်မှုများအတွက် ပိုင်ရှင်အား ကြိုတင် အသိပေးခြင်းမရှိဘဲ မည်သည့်မြေနေရာကိုမျှ ဝင်ရောက်ခြင်းမပြုရ။

၄၅။ လုပ်ငန်းလိုင်စင်ရရှိသူသည် ကွန်ရက်အထောက်အကူပြုပစ္စည်းများ တပ်ဆင်ခြင်း သို့မဟုတ် ထိန်းသိမ်းခြင်းပြုလုပ်ရာတွင် ထိခိုက်ပျက်စီးမှုနည်းပါးစေရန် လိုအပ်သည့် ကြိုတင်ကာကွယ်မှုများကို လုပ်ဆောင်ရမည်။

၄၆။ လုပ်ငန်းလိုင်စင်ရရှိသူသည် မိမိ၏ကွန်ရက်အထောက်အကူပြုပစ္စည်း တပ်ဆင်ခြင်း သို့မဟုတ် ထိန်းသိမ်းမွမ်းမံခြင်းပြုရာတွင် ပေါ့လျော့ခြင်း သို့မဟုတ် တမင်ပျက်ကွက်ခြင်းကြောင့် တစ်ဦးတစ် ယောက်သောသူအား ထိခိုက်ဒဏ်ရာရရှိစေခြင်း၊ သေဆုံးခြင်း သို့မဟုတ် ပစ္စည်းတစ်စုံတစ်ရာ ပျက်စီး ဆုံးရှုံးစေခြင်းဖြစ်လျှင် ထိခိုက်ဒဏ်ရာရသူ သို့မဟုတ် နစ်နာသူသည် လုပ်ငန်းလိုင်စင်ရရှိသူထံမှ သတ်မှတ်ချက်နှင့်အညီ လျော်ကြေးရထိုက်ခွင့်ရှိသည်။

၄၇။ ဤဥပဒေအရ လိုင်စင်ရရှိသူသည် လမ်းမကြီး၊ လမ်း၊ ရထားလမ်း၊ မြစ်၊ တူးမြောင်း၊ အခြားသော ရေလမ်း၊ ရေသွင်းစိုက်ပျိုးရေးစနစ်၊ ရေမြောင်း၊ ရေပေးရေးစနစ်၊ ဆက်သွယ်ရေးလုပ်ငန်း၊ ဆိပ်ကမ်း လုပ်ငန်း သို့မဟုတ် အခြားသော အများပြည်သူနှင့် သက်ဆိုင်သည့် သို့မဟုတ် ပုဂ္ဂလိကနှင့် သက်ဆိုင် သည့် လုပ်ငန်းများကို ထိခိုက်စေနိုင်သည့် လုပ်ငန်းတစ်စုံတစ်ရာ အကောင်အထည်ဖော်ဆောင် ရွက် ခြင်းနှင့် မြေပေါ်မြေအောက်တို့တွင် ကွန်ရက်အထောက်အကူပြုပစ္စည်းများကို အသုံးပြုပြီး ဆက်သွယ် ရေးဝန်ဆောင်မှုလုပ်ငန်းအတွက် ကွန်ရက်အထောက်အကူပြုပစ္စည်းများ ထူထောင်ခြင်းပြုရာတွင် လူ နှင့် ပစ္စည်းတို့၏ လုံခြုံရေးကို အလေးဂရုပြု၍ ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။

၄၈။ ဦးစီးဌာနသည် ဆောက်လုပ်ဆဲ သို့မဟုတ် ဆောက်လုပ်ပြီး အဆောက်အအုံနှင့် မြေကွက်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှု သို့မဟုတ် ဆက်သွယ်ရေးကွန်ရက်တစ်ခုခုအတွက် လိုအပ်သည်ဟု ယူဆလျှင် သော်လည်းကောင်း၊ အဆောက်အအုံနှင့် မြေကွက်အတွင်းရှိ ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်း၏ အရည်အသွေးအား မြှင့်တင်ပေးရန် လိုအပ်သည်ဟု ယူဆလျှင်သော်လည်းကောင်း-

(က) အရင်းအနှီးစိုက်ထုတ်သူ သို့မဟုတ် အဆောက်အအုံနှင့် မြေပိုင်ရှင်အား၎င်း၏ အဆောက်အအုံ အတွင်း သို့မဟုတ် အပေါ်တွင်ဖြစ်စေ၊ မြေကွက်တွင်ဖြစ်စေ ကွန်ရက်အထောက်အကူပြုပစ္စည်းများကို သတ်မှတ်ထားသည့်အချိန်အတွင်း တပ်ဆင်နိုင်ရေးအတွက် နေရာပေးရန် သက်ဆိုင်ရာအဖွဲ့အစည်းတို့ နှင့် ညှိနှိုင်း၍ ဆောင်ရွက်နိုင်သည်။

(ခ) သတ်မှတ်ထားသည့်အချိန်အတွင်း ကွန်ရက်အထောက်အကူပြုပစ္စည်းကို တပ်ဆင်ပေးရန် လုပ်ငန်း လိုင်စင်ရရှိသူအား ညွှန်ကြားနိုင်သည်။

(ဂ) ကွန်ရက်အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ရာတွင် ကုန်ကျမည့်စရိတ်ငွေကြေး များကို လုပ်ငန်းလိုင်စင်ရရှိသူက အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ ကျခံရန် ညွှန်ကြားနိုင် သည်။

၄၉။ ဦးစီးဌာနသည် လုပ်ငန်းလိုင်စင်ရရှိသူများ၏ ကွန်ရက်အထောက်အကူပြုပစ္စည်းများ တည်ဆောက် ခြင်း၊ တပ်ဆင်ခြင်းတို့တွင် မလိုအပ်ဘဲ ဘဏ္ဍာငွေကြေးကုန်ကျမှုမရှိစေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများကို စီမံခန့်ခွဲပေးနိုင်သည်။