• +95-67(3)408505
  • mmcc.office@commerce.gov.mm
အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ
Download : Myanmar / English
အခန်း(၁) အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ ဟုခေါ်တွင် စေရမည်။

၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါ စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-

(က) အသေးစား စီးပွားရေးလုပ်ငန်း ဆိုသည်မှာ မတည်ရင်းနှီးငွေတွင် မြေတန်ဖိုး မပါဝင်သည့် အောက်ပါ လုပ်ငန်းတို့ကို ဆိုသည်-

(၁) ထုတ်လုပ်မှုလုပ်ငန်းကို အဓိကလုပ်ကိုင်သော လုပ်ငန်းဖြစ်လျှင် ဝန်ထမ်းဦးရေ အမြဲတမ်း ၅၀ ဦး ထက်မပို သော သို့မဟုတ် မတည်ရင်းနှီးငွေ ကျပ်သန်း ၅၀၀ ထက်မပိုသော လုပ်ငန်း၊

(၂) လုပ်အား အခြေပြု ထုတ်လုပ်မှုလုပ်ငန်း သို့မဟုတ် လက်ခစားလုပ်ငန်းကို အဓိကလုပ်ကိုင်သော လုပ်ငန်း ဖြစ်လျှင် ဝန်ထမ်းဦးရေ အမြဲတမ်း ၃၀၀ ဦးထက် မပိုသော သို့မဟုတ် မတည်ရင်းနှီးငွေ ကျပ်သန်း ၅၀၀ ထက်မပိုသော လုပ်ငန်း၊

(၃) လက်ကားရောင်းဝယ်ရေးလုပ်ငန်းကို အဓိကလုပ်ကိုင်သော လုပ်ငန်းတစ်ခုဖြစ်လျှင် ဝန်ထမ်းဦးရေ အမြဲတမ်း ၃၀ ဦးထက် မပိုသော သို့မဟုတ် လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ ကျပ်သန်း ၁၀၀ ထက် မပိုသောလုပ်ငန်း၊

(၄)    လက်လီရောင်းဝယ်ရေးလုပ်ငန်းကို အဓိကလုပ်ကိုင်သော လုပ်ငန်းတစ်ခုဖြစ်လျှင် ဝန်ထမ်းဦးရေ အမြဲတမ်း ၃၀ ဦးထက် မပိုသော သို့မဟုတ် လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ ကျပ်သန်း ၅၀ ထက် မပိုသောလုပ်ငန်း၊

(၅) ဝန်ဆောင်မှု ပေးသည့်လုပ်ငန်းကို အဓိကလုပ်ကိုင်သောလုပ်ငန်းတစ်ခုဖြစ်လျှင် ဝန်ထမ်းဦးရေ အမြဲတမ်း ၃၀ ဦးထက် မပိုသော သို့မဟုတ် လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ ကျပ်သန်း ၁၀၀ ထက် မပိုသောလုပ်ငန်း၊

(၆) အထက်ပုဒ်မခွဲငယ် ၁၊ ၂၊ ၃၊ ၄ နှင့် ၅ တို့မှအပ အခြားလုပ်ငန်းတစ်ခု ဖြစ်လျှင် ဝန်ထမ်းဦးရေ အမြဲတမ်း ၃၀ ဦးထက် မပိုသော သို့မဟုတ် လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ ကျပ်သန်း ၅၀ ထက် မပိုသောလုပ်ငန်း။

(ခ) အလတ်စား စီးပွားရေးလုပ်ငန်း ဆိုသည်မှာ မတည်ရင်းနှီးငွေတွင် မြေတန်ဖိုး မပါဝင်သည့် အောက်ပါ လုပ်ငန်းတို့ကို ဆိုသည်-

(၁) ထုတ်လုပ်မှုလုပ်ငန်းကို အဓိကလုပ်ကိုင်သော လုပ်ငန်းဖြစ်လျှင် ဝန်ထမ်းဦးရေ အမြဲတမ်း ၃၀၀ ဦး ထက်မပို သော သို့မဟုတ် မတည်ရင်းနှီးငွေ ကျပ်သန်း ၅၀၀ အထက်မှ ကျပ်သန်း ၁၀၀၀ ထက်မပိုသော လုပ်ငန်း၊

(၂) လုပ်အားအခြေပြု ထုတ်လုပ်မှုလုပ်ငန်း သို့မဟုတ် လက်ခစားလုပ်ငန်းကို အဓိကလုပ်ကိုင်သော လုပ်ငန်း ဖြစ်လျှင် ဝန်ထမ်းဦးရေ အမြဲတမ်း ၆၀၀ ဦးထက် မပိုသော သို့မဟုတ် မတည်ရင်းနှီးငွေ ကျပ်သန်း ၅၀၀ အထက်မှ ကျပ်သန်း ၁၀၀၀ ထက်မပိုသော လုပ်ငန်း၊

(၃) လက်ကားရောင်းဝယ်ရေးလုပ်ငန်းကို အဓိကလုပ်ကိုင်သော လုပ်ငန်းတစ်ခုဖြစ်လျှင် ဝန်ထမ်းဦးရေ အမြဲ တမ်း ၆၀ ဦးထက် မပိုသော သို့မဟုတ် လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ ကျပ်သန်း ၁၀၀ အထက်မှ ကျပ်သန်း ၃၀၀ ထက် မပိုသောလုပ်ငန်း၊

(၄) လက်လီရောင်းဝယ်ရေးလုပ်ငန်းကို အဓိကလုပ်ကိုင်သော လုပ်ငန်းတစ်ခုဖြစ်လျှင် ဝန်ထမ်းဦးရေ အမြဲတမ်း ၆၀ ဦးထက် မပိုသော သို့မဟုတ် လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ ကျပ်သန်း ၅၀ အထက်မှ ကျပ်သန်း ၁၀၀ ထက် မပိုသောလုပ်ငန်း၊

(၅) ဝန်ဆောင်မှုပေးသည့် လုပ်ငန်းကို အဓိကလုပ်ကိုင်သောလုပ်ငန်းတစ်ခုဖြစ်လျှင် ဝန်ထမ်းဦးရေ အမြဲတမ်း ၁၀၀ ဦးထက် မပိုသော သို့မဟုတ် လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ ကျပ်သန်း ၁၀၀ အထက်မှ ကျပ်သန်း ၂၀၀ ထက် မပိုသောလုပ်ငန်း၊

(၆) အထက်ပုဒ်မခွဲငယ် ၁၊ ၂၊ ၃၊ ၄ နှင့် ၅ တို့မှအပ အခြားလုပ်ငန်းတစ်ခု ဖြစ်လျှင် ဝန်ထမ်းဦးရေ အမြဲတမ်း ၆၀ ဦးထက် မပိုသော သို့မဟုတ် လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ ကျပ်သန်း ၅၀ အထက်မှ ကျပ်သန်း ၁၀၀ ထက် မပိုသောလုပ်ငန်း။

(ဂ) လုပ်ငန်းဆောင်ရွက်သူ ဆိုသည်မှာ အသေးစားစီးပွားရေးလုပ်ငန်း သို့မဟုတ် အလတ်စားစီးပွားရေးလုပ်ငန်း သို့မဟုတ် အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းနှစ်ရပ်လုံးကို လုပ်ကိုင်သည့် ရာနှုန်းပြည့် နိုင်ငံသားစီးပွားရေး လုပ်ငန်း လုပ်ဆောင်သူ သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းကို ဆိုသည်။

(ဃ) စီးပွားရေးလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့ ဆိုသည်မှာ လုပ်ငန်းဆောင်ရွက်သူများက တည်ဆဲဥပဒေများ နှင့်အညီ ဖွဲ့စည်းထားသော အကျိုးအမြတ်မယူသည့် အသင်းအဖွဲ့၊ ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်း၊ တစ်ဆင့်ခံ အဖွဲ့အစည်းနှင့် အဖွဲ့ခွဲ တစ်ခုခုကို ဆိုသည်။

(င) ဗဟိုကော်မတီ ဆိုသည်မှာ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီကို ဆိုသည်။

(စ) လုပ်ငန်းကော်မတီ ဆိုသည်မှာ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီကို ဆိုသည်။

(ဆ) အေဂျင်စီ ဆိုသည်မှာ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီကို ဆိုသည်။

(ဇ) အေဂျင်စီရုံးခွဲများ ဆိုသည်မှာ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ သို့မဟုတ် ပြည်ထောင်စု နယ်မြေတို့တွင် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသော ရုံးခွဲများကို ဆိုသည်။

(ဈ) တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်အဖွဲ့ ဆိုသည်မှာ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ပြည်ထောင်စု နယ်မြေတို့တွင် အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် တစ်နေရာတည်း၌ မှတ်ပုံတင်ခြင်း၊ ခွင့်ပြုမိန့်များ လျှောက်ထားရာတွင် ဝန်ဆောင်မှုပေးခြင်းနှင့် ဤဥပဒေပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ပေးရန် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းက ဖွဲ့စည်းတာဝန်ပေးအပ်သည့် အဖွဲ့ကို ဆိုသည်။

(ည) ရန်ပုံငွေ ဆိုသည်မှာ ဤဥပဒေအရ ထူထောင်ထားသော အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေကို ဆိုသည်။

(ဋ) ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဆိုသည်မှာ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေကို စီမံခန့်ခွဲ သည့်  အဖွဲ့ကို ဆိုသည်။

(ဌ) တာဝန်ခံဝန်ကြီးဌာန ဆိုသည်မှာ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်အထည်ဖော်ရာတွင် အဓိကတာဝန်ယူ ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ပေးအပ်သည့် ဝန်ကြီးဌာနကို ဆိုသည်။

(ဍ) သက်ဆိုင်ရာဝန်ကြီးဌာနများ ဆိုသည်မှာ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်အထည်ဖော်ရာတွင် ဆက်စပ်ပါဝင်နေသော ဝန်ကြီးဌာနများကို ဆိုသည်။

(ဎ) ဘဏ် ဆိုသည်မှာ မြန်မာနိုင်ငံတွင် ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်းဖြစ်စေ၊ ဖွံ့ဖြိုးရေးဘဏ်လုပ်ငန်း ဖြစ်စေ ဆောင်ရွက်ရန် ဗဟိုဘဏ်က လိုင်စင်ထုတ်ပေးထားသည့် ကုမ္ပဏီကိုဆိုသည်။ ယင်းစကားရပ်တွင် လိုင်စင်ရရှိထားသော နိုင်ငံခြားဘဏ်လည်း ပါဝင်သည်။

(ဏ) စွန့်ဦးတီထွင်မှု ဆိုသည်မှာ စျေးကွက်ဝင် ပိုမိုအသုံးတည့်သော နည်းပညာ၊ ထုတ်ကုန်ပစ္စည်းများ၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှု များကို ဆန်းသစ်တီထွင် ဖန်တီးနိုင်မှုကိုဆိုသည်။

(တ) မှတ်ပုံတင်ခွင့်ပြုခြင်း ဆိုသည်မှာ ဤဥပဒေပါ အခွင့်အရေးများကို ရရှိခံစားနိုင်ရန် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို သတ်မှတ်ချက်များနှင့်အညီ အေဂျင်စီက မှတ်ပုံတင်ခွင့်ပြုခြင်းကို ဆို သည်။

(ထ) ချေးငွေဆိုင်ရာ သတင်းအချက်အလက်ဌာန ဆိုသည်မှာ ချေးငွေဆိုင်ရာ သတင်းအချက်အလက်များ သို့မဟုတ် ငွေရေးကြေးရေး အဖွဲ့အစည်းနှင့် ဆက်သွယ်ဆောင်ရွက်သူများ၏ ငွေချေးရန် ထိုက်တန်မှုကို အကဲဖြတ်သုံးသပ်ရန် ဆီလျော်သက်ဆိုင်သော အခြားသတင်းအချက်အလက်များကို စုစည်းနိုင်ရန်နှင့် စုစည်းရရှိသည့် သတင်းအချက်အလက်များကို ငွေရေးကြေးရေးအဖွဲ့အစည်းများသို့ အသိပေးနိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် တည်ထောင်ထားသော ဌာနကို ဆိုသည်။