• +95-67(3)408505
  • mmcc.office@commerce.gov.mm
အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ
Download : Myanmar / English
အခန်း(၄) ဗဟိုကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၅။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ဤဥပဒေပါ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန် အသေးစားနှင့် အလတ် စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-

 

(၁)

နိုင်ငံတော်သမ္မတ

ဥက္ကဋ္ဌ

(၂)

ဒုတိယသမ္မတများ

ဒုတိယ ဥက္ကဋ္ဌများ

(၃)

သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီး

အဖွဲ့ဝင်များ

(၄)

စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များမှသင့်လျော်သော ကိုယ်စားလှယ်နှင့် စီပွားရေးပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်ပုဂ္ဂိုလ်များ

အဖွဲ့ဝင်များ

(၅)

တာဝန်ခံဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး

အတွင်းရေးမှူး

 

(ခ) ပုဒ်မခွဲ (က)အရ ဖွဲ့စည်းထားသော အဖွဲ့ဝင်များအနက်မှ တွဲဖက်အတွင်းရေးမှူးကို သတ်မှတ်၍ တာဝန်ပေး အပ်ရမည်။

(ဂ) ဗဟိုကော်မတီဖွဲ့စည်းခြင်းကို နိုင်ငံတော်သမ္မတက ထုတ်ပြန်ကြေငြာ ရမည်။

၆။ ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က) ဤဥပဒေပါ အခြေခံမူများနှင့်အညီ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်စေရန် မူဝါဒများ ချမှတ်ခြင်း၊ လမ်းညွှန်ခြင်း၊

(ခ) နိုင်ငံတော် စီးပွားရေးအင်အားစုများတွင် အချိုးအစား အများဆုံး ပါဝင်နေသည့် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ခြင်း၊

(ဂ) ငွေကြေးအကူအညီနှင့် နည်းပညာအကူအညီများ ရရှိရေးအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ပေးရန် လမ်းညွှန်မှုပေးခြင်း၊

(ဃ) အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း စျေးကွက်များ ကျေးလက်ဒေသအထိ ဖွံ့ဖြိုးရေးကို အားပေးမြှင့်တင်ခြင်း၊

(င) ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု စီးပွားရေး လုပ်ငန်းများအတွက် စျေးကွက် ချိတ်ဆက်ရေး လုပ်ငန်းများ ပုံမှန်ဖြစ်ထွန်းတိုးတက် လာစေရန် စီစဉ်ပေးခြင်း၊

(စ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သည့် လူသားအရင်းအမြစ် များ လေ့ကျင့်ပြုစု ပျိုးထောင်ရေးကို အားပေးမြှင့်တင်ခြင်း၊

(ဆ) စွမ်းအင်ထုတ်လုပ်ခြင်းနှင့် စွမ်းအင်ကို အကျိုးရှိရှိ ထိရောက်စွာ အသုံးချရေးနည်းပညာ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှု နည်းပညာများ အသုံးပြုရေးအတွက် လမ်းညွှန်ပံ့ပိုးပေးခြင်း၊

(ဇ) တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာနှင့် စက်ကိရိယာများ အသုံးပြုရေးအတွက် ဆက်စပ်ညှိနှိုင်း လမ်းညွှန်ခြင်း၊ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းများ တိုးတက်ပေါ်ထွန်းလာရန် လမ်းညွှန် ပံ့ပိုးပေးခြင်း၊

(ဈ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ၏ အခြေခံအဆောက်အအုံများနှင့် အထောက် အကူပြုပစ္စည်းများ လုံလောက်စွာ ထောက်ပံ့ဖြည့်တင်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခြင်း၊

(ည) လုပ်ငန်းကော်မတီ ဖွဲ့စည်းပေးခြင်းနှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း၊

(ဋ) အေဂျင်စီ၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့နှင့် အခြားလိုအပ်သော အဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ရန် လမ်းညွှန် ခြင်း။