• +95-67(3)408505
  • mmcc.office@commerce.gov.mm
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း(၁) အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ (က) ဤဥပဒေကိုကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေဟု ခေါ်တွင်စေရမည်။

(ခ) ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင် အာဏာတည်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်-

(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။

(ခ) ဗဟိုကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီကိုဆိုသည်။

(ဂ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို ဆိုသည်။

(ဃ) သက်ဆိုင်ရာဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပြန်ကြားရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သို့မဟုတ် ပညာရေးဝန်ကြီးဌာနကို ဆိုသည်။

(င) အေဂျင်စီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီကို ဆိုသည်။

(စ) ဦးစီးဌာန ဆိုသည်မှာ ဝန်ကြီးဌာနက မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန်တာဝန် ပေးအပ်သော ဦးစီးဌာနကို ဆိုသည်။

(ဆ) မှတ်ပုံတင်အရာရှိ ဆိုသည်မှာ မူပိုင်ခွင့်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သည့် ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။

(ဇ) စစ်ဆေးရေးအရာရှိ ဆိုသည်မှာ မူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ စစ်ဆေးမှုများ ဆောင်ရွက်သည့် ဦးစီးဌာနရှိ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အထက်အဆင့်ရှိသော အရာရှိကို ဆိုသည်။

(ဈ) မူပိုင်ခွင့် (Intellectual Property Rights) ဆိုသည်မှာ ကိုယ်ပိုင်အသိဉာဏ်ဖြင့် ပြုလုပ်သော တီထွင်ဖန်တီးမှုများကို အကာအကွယ်ပေးရန် ဥပဒေအရ ပေးအပ်သည့်အခွင့်အရေးကိုဆိုသည်။ ယင်းစကားရပ်တွင် စာပေနှင့်အနုပညာ မူပိုင်ခွင့်၊ တီထွင်မှုမူပိုင်ခွင့်၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်နှင့် အခြားသော မူပိုင်ခွင့်အမျိုးအစားများလည်းပါဝင်သည်။

(ည) အမှတ်တံဆိပ် ဆိုသည်မှာ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုကို အခြားသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ခွဲခြားသိရှိစေနိုင်သော ကိုယ်ပိုင်အမည်နာမများ၊ အက္ခရာများ၊ ကိန်းဂဏန်းများ၊ ပုံဖော်ထားသော အစိတ်အပိုင်းများ၊ အရောင်အသွေး ပေါင်းစပ်မှုတို့အပါအဝင် မျက်စိဖြင့် မြင်တွေ့နိုင်သာ အမှတ်အသားတစ်ခုခုကိုသော်လည်းကောင်း၊ ယင်းအမှတ်အသား တစ်ခုနှင့်တစ်ခုပေါင်းစပ်ထားသည့် အမှတ်အသားတစ်ခုခုကိုသော်လည်းကောင်း ဆိုသည်။ ယင်းစကားရပ်တွင် ကုန်အမှတ်တံဆိပ်၊ ဝန်ဆောင်မှုအမှတ်တံဆိပ်၊ စုပေါင်းပိုင်အမှတ်တံဆိပ် နှင့် အသိအမှတ်ပြုအမှတ်တံဆိပ်တို့လည်း ပါဝင်သည်။

(ဋ) ကုန်အမှတ်တံဆိပ် ဆိုသည်မှာ ကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ငန်းတစ်ခု၏ ကုန်ပစ္စည်းများကို အခြားသောလုပ်ငန်းများ၏ ကုန်ပစ္စည်းများမှ ခွဲခြားသိရှိစေနိုင်သော အမှတ်တံဆိပ် တစ်ခုခုကိုဆိုသည်။

(ဌ) ဝန်ဆောင်မှုအမှတ်တံဆိပ် ဆိုသည်မှာ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ငန်းတစ်ခု၏ ဝန်ဆောင်မှုများကို အခြားသောလုပ်ငန်းများ၏ ဝန်ဆောင်မှုများမှခွဲခြားသိရှိစေနိုင်သော အမှတ်တံဆိပ် တစ်ခုခုကိုဆိုသည်။

(ဍ) စုပေါင်းပိုင်အမှတ်တံဆိပ် ဆိုသည်မှာ စက်မှုလုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများ သို့မဟုတ် ကုန်သည်များဖြင့် စုစည်းထားသော အဖွဲ့အစည်း၊ အသင်းအဖွဲ့ သို့မဟုတ် လူမှုစီးပွားရေး အဖွဲ့အစည်းများ သို့မဟုတ် သမဝါယမအသင်းကဲ့သို့ စုပေါင်းဖွဲ့စည်းထားသော အဖွဲ့အစည်းက ပိုင်ဆိုင်သည့် အမှတ်တံဆိပ်တစ်ခုခုကို ဆိုသည်။ ယင်းစကားရပ်တွင် အဆိုပါအဖွဲ့အစည်း၏ အဖွဲ့ဝင်များ ပိုင်ဆိုင်သည့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများကို အခြားသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများမှ ခွဲခြားသိရှိစေနိုင်သော အမှတ်တံဆိပ်လည်းပါဝင်သည်။

(ဎ) အသိအမှတ်ပြုအမှတ်တံဆိပ် ဆိုသည်မှာ အမှတ်တံဆိပ်တစ်ခု၏ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု၏ မူရင်းဒေသ၊ အရည်အသွေး၊ အမျိုးအစားနှင့် အခြားထူးခြားသော အချက်အလက်များနှင့် စပ်လျဉ်း၍ အမှတ်တံဆိပ်ပိုင်ရှင်က ယင်း၏ ထိန်းချုပ်မှုဖြင့် အသုံးပြုခွင့်ရှိကြောင်း အသိအမှတ်ပြုသည့် အမှတ်တံဆိပ်တစ်ခုခုကို ဆိုသည်။

(ဏ) ဒေသဆိုင်ရာအညွှန်း ဆိုသည်မှာ မူရင်းဒေသကို အထူးဖော်ညွှန်းသော အရည်အသွေး၊ ထင်ပေါ်ကျော်ကြားမှု သို့မဟုတ် အခြားထူးခြားသော ဝိသေသလက္ခဏာများပါရှိသည့် ကုန်ပစ္စည်း ထွက်ရှိရာနိုင်ငံ၊ နယ်မြေ သို့မဟုတ် ဒေသမှမူလထွက်ရှိသော ကုန်ပစ္စည်းဖြစ်ကြောင်း ညွှန်းပြချက်တစ်ခုခုကို ဆိုသည်။

(တ) ကျော်ကြားသောအမှတ်တံဆိပ် ဆိုသည်မှာ သတ်မှတ်ထားသော စံနှင့်အညီ နိုင်ငံတော်တွင် လူသိများပြီးကျော်ကြားသော အမှတ်တံဆိပ်တစ်ခုခုကိုဆိုသည်။

(ထ) ကုန်သွယ်မှုအမည် ဆိုသည်မှာ ကုန်သွယ်မှုလုပ်ငန်းတစ်ရပ်နှင့်တစ်ရပ် ခွဲခြားသိရှိနိုင်ရန် ဖော်ပြသော အမည် သို့မဟုတ် သတ်မှတ်ချက်ကို ဆိုသည်။

(ဒ) အမှတ်တံဆိပ်ပိုင်ရှင် ဆိုသည်မှာ ဦးစီးဌာန၏ မှတ်ပုံတင်စာရင်းတွင် မှတ်ပုံတင် အမှတ်တံဆိပ်ပိုင်ရှင်အဖြစ်  အသိအမှတ်ပြု မှတ်တမ်းတင်ခြင်းခံရသည့် ပုဂ္ဂိုလ် သို့မဟုတ် တရားဝင် ဖွဲ့စည်းထားသော အဖွဲ့အစည်းကို ဆိုသည်။

(ဓ) အခွင့်အရေးရရှိသူ ဆိုသည်မှာ အမှတ်တံဆိပ်ပိုင်ရှင်၊ ကျော်ကြားသော အမှတ်တံဆိပ်ပိုင်ရှင်၊ ဒေသဆိုင်ရာအညွှန်းပိုင်ရှင်၊ ကုန်သွယ်မှုအမည်ပိုင်ရှင်၊ မှတ်ပုံတင်ထားသော အမှတ်တံဆိပ်မူပိုင်ခွင့် ဆိုင်ရာ အခွင့်အရေးကို လွှဲပြောင်းပေးခြင်းခံရသူ သို့မဟုတ် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းခံရသူ အဖြစ်မှတ်ပုံတင်ထားသော အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးရရှိသည့် လူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုခုကို ဆိုသည်။

(န) အဖွဲ့ဝင်နိုင်ငံ ဆိုသည်မှာ နိုင်ငံတော်က အဖွဲ့ဝင်အဖြစ် ပါဝင်ထားသော မူပိုင်ခွင့်ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ စာချုပ်များ သို့မဟုတ် သဘောတူညီချက်များ သို့မဟုတ် ယင်းတို့နှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ သို့မဟုတ် ဒေသဆိုင်ရာ အဖွဲ့အစည်းများ၏ အဖွဲ့ဝင်နိုင်ငံ တစ်ခုခုကို ဆိုသည်။

(ပ) မူပိုင်ခွင့်တရားရုံး ဆိုသည်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များကို စစ်ဆေးစီရင်ရန် ဥပဒေအရ တည်ထောင်သော တရားရုံးကိုသော်လည်းကောင်း၊ ယင်းရုံး၏ စီရင်ပိုင်ခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များ အပ်နှင်းထားသည့် တရားရုံးကိုသော်လည်းကောင်း ဆိုသည်။

(ဖ) ဦးစားပေးအခွင့်အရေး ဆိုသည်မှာ ပုဒ်မ ၃၁ ပါ ဦးစားပေးအခွင့်အရေးကို ဆိုသည်။

(ဗ) ကုန်စည်ပြပွဲဆိုင်ရာဦးစားပေးအခွင့်အရေး ဆိုသည်မှာ ပုဒ်မ ၃၂ ပါကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေး အခွင့်အရေးကို ဆိုသည်။