၁၃။ အမှတ်တံဆိပ်တစ်ခုခုသည် အောက်ဖော်ပြပါအချက်တစ်ရပ်ရပ်နှင့် ငြိစွန်းပါက ငြင်းပယ်ရန် ခိုင်လုံသည့် အကြောင်းပြချက်ဟု မှတ်ယူ၍ ယင်းအမှတ်တံဆိပ်ကို မှတ်ပုံတင်ခွင့် မပြုရ-
(က) သိသာထင်ရှားမှု မရှိခြင်း၊
(ခ) ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများ၏ အမျိုးအစား၊ ဆက်စပ်သော အကြောင်းအရာ၊ အရည်အသွေး၊ အရေအတွက်၊ ရည်ရွယ်ထားသော အသုံးဝင်မှု၊ တန်ဖိုး၊ မူရင်းဒေသ၊ ထုတ်လုပ်သည့်အချိန် သို့မဟုတ် အခြားသောလက္ခဏာများကို ဖော်ပြသည့်အမှတ်အသားများ သို့မဟုတ် ညွှန်ပြချက်များသာ ပါဝင်ခြင်း၊
ခြွင်းချက်။ ပုဒ်မခွဲ (က) နှင့် (ခ) တို့ပါ အချက်များသည် အောက်ပါကိစ္စရပ်တစ်ခုခုပေါ်ပေါက်လျှင် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို ငြင်းပယ်ခွင့်မရှိစေရ-
(၁) အမှတ်တံဆိပ်ကို မှတ်ပုံတင်လျှောက်ထားသည့် နေ့ရက်မတိုင်မီ ယင်းအမှတ်တံဆိပ်ကို အသုံးပြုခြင်းကြောင့် သုံးစွဲသူများအကြား သိသာထင်ရှားမှုရှိနေခြင်း၊
(၂) နိုင်ငံတော်၏ ကုန်သွယ်မှုနယ်ပယ်၌ လျှောက်ထားသူက ယင်းအမှတ်တံဆိပ်ကို သဘောရိုးဖြင့် တစ်ဆက်တည်း၊ တစ်ဦးတည်း သီးသန့် အသုံးပြုလျက်ရှိခြင်း။
(ဂ) အများပြည်သူ၏ အေးချမ်းတည်ငြိမ်မှုကိုဖြစ်စေ၊ ကိုယ်ကျင့်သိက္ခာကိုဖြစ်စေ၊ ယုံကြည်ကိုးကွယ်မှု ကိုဖြစ်စေ၊ နိုင်ငံတော်၏ဂုဏ်သိက္ခာကိုဖြစ်စေ၊ အမွန်အမြတ်ထားအပ်သော ယဉ်ကျေးမှုကိုဖြစ်စေ၊ တိုင်းရင်းသားများ၏ အမွန်အမြတ်ထားအပ်သော ရိုးရာဓလေ့ကိုဖြစ်စေ ထိပါးစေနိုင်ခြင်း၊
(ဃ) မျက်မှောက်ဝေါဟာရ အသုံးအနှုန်းတွင် ယေဘုယျ အသုံးအနှုန်းဖြစ်လာခြင်း သို့မဟုတ် ဓလေ့ထုံးစံဖြစ်လာခြင်းနှင့် ကုန်သွယ်မှုနယ်ပယ်တွင် လက်တွေ့အသုံးအနှုန်းဖြစ်လာခြင်း၊
(င) ပုဒ်မခွဲ (ခ) နှင့်စပ်လျဉ်း၍ အများပြည်သူ သို့မဟုတ် ကုန်သွယ်မှုနယ်ပယ်ကို ထင်ယောင် ထင်မှားဖြစ်စေရန် လှည့်ဖျားထားခြင်း၊
(စ) သက်ဆိုင်ရာအာဏာပိုင်များ၏ ခွင့်ပြုချက်မရဘဲ နိုင်ငံတစ်နိုင်ငံ၏ အလံ၊ အထိမ်းအမှတ်ဆိုင်ရာ အသွင်အပြင်၊ အခြားအမှတ်တံဆိပ်သင်္ကေတများ၊ နိုင်ငံတစ်နိုင်ငံက သတ်မှတ်ထားသည့် ကွပ်ကဲမှု သို့မဟုတ် အာမခံချက်ကို ဖော်ပြထားသော တရားဝင် သင်္ကေတ သို့မဟုတ် အရည်အသွေးအာမခံ အမှတ်တံဆိပ်စသည်တို့ကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အစိုးရအချင်းချင်း ဖွဲ့စည်းထားသော အဖွဲ့အစည်း၏ အထိမ်းအမှတ်ဆိုင်ရာ အသွင်အပြင်များ၊ အလံများ၊ အခြားအမှတ်တံဆိပ်၊ အမည် သို့မဟုတ် ယင်းအဖွဲ့အစည်း၏ အတိုကောက်အမည်တို့ကိုလည်းကောင်း အပြည့်အစုံကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ တိုက်ရိုက်ကူးယူခြင်း၊ တုပခြင်း သို့မဟုတ် ထင်ယောင်ထင်မှားဖြစ်စေခြင်း၊
(ဆ) နိုင်ငံတော်က အဖွဲ့ဝင်အဖြစ် ပါဝင်ထားသော အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များအရ သီးခြားကာကွယ်ထားသော အမှတ်တံဆိပ် သင်္ကေတများကို အသုံးပြုထားခြင်း။
၁၄။ အမှတ်တံဆိပ်တစ်ခုခုသည် အောက်ဖော်ပြပါ အချက်တစ်ရပ်ရပ်နှင့် ငြိစွန်းပါက ငြင်းပယ်ရန် ဆက်စပ်သောအကြောင်းပြချက်ဟု မှတ်ယူ၍ ယင်းအမှတ်တံဆိပ်ကို မှတ်ပုံတင်ခွင့်မပြုရ-
(က) အခြားသူတစ်ဦးဦး၏ မှတ်ပုံတင်ထားသော အမှတ်တံဆိပ်၊ ဦးစွာလျှောက်ထားသော အမှတ်တံဆိပ် သို့မဟုတ် ဦးစားပေးအခွင့်အရေး လျှောက်ထားသော အမှတ်တံဆိပ်နှင့်ထပ်တူ သို့မဟုတ် အလားတူသော အမှတ်တံဆိပ်ကို ယင်း၏ မှတ်ပုံတင်ထားသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများနှင့်ထပ်တူ သို့မဟုတ် အလားတူသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများတွင် အသုံးပြုခြင်းဖြင့် သုံးစွဲသူများ ထင်ယောင်ထင်မှားဖြစ်စေခြင်း၊
(ခ) သက်ဆိုင်ရာပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်း၏ ခွင့်ပြုချက်မရှိဘဲ ပုဂ္ဂိုလ်တစ်ဦးဦး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေး သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်း၏ အမည်၊ ဂုဏ်သတင်းကို ထိခိုက်စေနိုင်သော အမှတ်အသားကို အသုံးပြုထားခြင်း၊
(ဂ) အခြားပုဂ္ဂိုလ်တစ်ဦးဦး၏ မူပိုင်ခွင့်ကို ထိပါးချိုးဖောက်မှု ဖြစ်စေနိုင်သော အမှတ်တံဆိပ်ဖြစ်ခြင်း၊
(ဃ) အမှတ်တံဆိပ်ကို မရိုးမဖြောင့်သောသဘောဖြင့် မှတ်ပုံတင်လျှောက်ထားခြင်း၊
(င) မှတ်ပုံတင်ရန် လျှောက်ထားလာသော အမှတ်တံဆိပ်တစ်ခုသည် ကျော်ကြားသော အမှတ်တံဆိပ် တစ်ခုနှင့် ထပ်တူ သို့မဟုတ် အလားတူဖြစ်သည့်အပြင် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများလည်း ထပ်တူ သို့မဟုတ် အလားတူဖြစ်နေသဖြင့် သုံးစွဲသူများအား ထင်ယောင်ထင်မှားဖြစ်စေခြင်း၊
(စ) မှတ်ပုံတင်ရန် လျှောက်ထားလာသောအမှတ်တံဆိပ်တစ်ခုသည် မှတ်ပုံတင်ထားသည့် ကျော်ကြားသော အမှတ်တံဆိပ်တစ်ခုနှင့် ထပ်တူ သို့မဟုတ် အလားတူဖြစ်ပြီး ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများ မတူညီသော်လည်း ကျော်ကြားသော အမှတ်တံဆိပ်ပိုင်ရှင်နှင့် အသုံးပြုထားသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများအကြား ဆက်နွှယ်မှုရှိသည်ဟု ညွှန်းပြသကဲ့သို့ ဖြစ်နိုင်ခြင်းနှင့် အဆိုပါ အသုံးပြုမှုသည် မှတ်ပုံတင်ပြီးသည့် ကျော်ကြားသော အမှတ်တံဆိပ်ပိုင်ရှင်၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်ခြင်း။