၃၄။ မှတ်ပုံတင်ထားသော အမှတ်တံဆိပ်၏ မှတ်ပုံတင်သက်တမ်းသည် အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားချက် တင်သွင်းသည့်နေ့မှစ၍ ၁၀ နှစ်ဖြစ်သည်။ မှတ်ပုံတင်သက်တမ်း ၁၀ နှစ် ကုန်ဆုံးပြီးနောက် တစ်ကြိမ်လျှင် ၁၀ နှစ်စီဖြင့် သက်တမ်းတိုးနိုင်သည်။
၃၅။ အမှတ်တံဆိပ်ပိုင်ရှင်သည် မှတ်ပုံတင်သက်တမ်းကာလကို တိုးလိုလျှင် အောက်ပါအတိုင်း ဆောင်ရွက်ရမည်-
(က) မှတ်ပုံတင်သက်တမ်းကာလ ကုန်ဆုံးမည့်နေ့မတိုင်မီ ခြောက်လအတွင်း မှတ်ပုံတင်သက်တမ်း တိုးပေးရန် သတ်မှတ်သည့် အခကြေးငွေပေးသွင်း၍ လျှောက်ထားရမည်။
(ခ) မှတ်ပုံတင်သက်တမ်းကုန်ဆုံးပြီးနောက် အထူးအခွင့်အရေးအဖြစ်ပေးသော ခြောက်လအတွင်း လျှောက်ထားခွင့်ရှိသည်။ ယင်းသို့ လျှောက်ထားသည့်အခါ သတ်မှတ်သည့် မှတ်ပုံတင်ကြေးနှင့် ရက်လွန်ကြေးများကို ပေးသွင်းရမည်။
၃၆။ မှတ်ပုံတင်အရာရှိသည်-
(က) သတ်မှတ်ချက်နှင့် ညီညွတ်သော မှတ်ပုံတင်သက်တမ်းတိုးရန် လျှောက်ထားချက်ကို ခွင့်ပြုရမည်။ မှတ်ပုံတင်သက်တမ်းတိုးခြင်းသည် ယခင်မှတ်ပုံတင်သက်တမ်းကုန်ဆုံးသည့် နေ့မှစ၍ အကျိုး သက်ရောက်မှု ရှိရမည်။
(ခ) မှတ်ပုံတင်သက်တမ်းတိုးရန် လျှောက်ထားချက်ကို စစ်ဆေး၍ သတ်မှတ်ချက်နှင့် ညီညွတ်ပါက ၁၀ နှစ် သက်တမ်းတိုးပေးပြီး သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။
(ဂ) မှတ်ပုံတင်သက်တမ်းတိုးခြင်းနှင့် အခကြေးငွေ ပေးသွင်းခြင်းတို့ကို မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ရမည်။
(ဃ) မှတ်ပုံတင်သက်တမ်းတိုးခြင်းအတွက် အခကြေးငွေကို အထူးအခွင့်အရေးအဖြစ်ပေးသော ခြောက်လအတွင်း အမှတ်တံဆိပ်ပိုင်ရှင်က ပေးသွင်းခြင်းမရှိလျှင် မှတ်ပုံတင်ထားသော အမှတ်တံဆိပ်ကို မှတ်ပုံတင်ခြင်းမှ ရပ်စဲရမည်။
(င) ရပ်စဲသွားသည့် မှတ်ပုံတင်ထားသော အမှတ်တံဆိပ်ကို မှတ်ပုံတင်ခြင်းမှ ရပ်စဲကြောင်း မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ပြီး သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။