၅၃။ သက်ဆိုင်ရာကုန်ပစ္စည်းကို ထုတ်လုပ်သော ဒေသအတွင်းရှိ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ကိုယ်စားပြုသည့် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုခုသည် ဒေသဆိုင်ရာအညွှန်းကို မှတ်ပုံတင်လိုပါက မှတ်ပုံတင်ပေးရန် သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်အရာရှိထံ လျှောက်ထား ရမည်-
(က) သဘာဝထွက်ကုန် သို့မဟုတ် သဘာဝသယံဇာတများဖြင့် ကုန်ပစ္စည်းထုတ်လုပ်သူများ၊
(ခ) စိုက်ပျိုးရေးထွက်ကုန်ထုတ်လုပ်သူများ၊
(ဂ) လက်မှုပစ္စည်း သို့မဟုတ် စက်မှုပစ္စည်းဆိုင်ရာထုတ်ကုန် ထုတ်လုပ်သူများ၊
(ဃ) ပုဒ်မခွဲ (က) မှ (ဂ) အထိ ဖော်ပြထားသူများ၏ ကိုယ်စား သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများမှ တာဝန်ရှိသူများ။
၅၄။ (က) ဒေသဆိုင်ရာအညွှန်း မှတ်ပုံတင်လျှောက်ထားရာတွင် အောက်ပါသတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်-
(၁) လျှောက်ထားသည့် အဖွဲ့အစည်း သို့မဟုတ် ကိုယ်စားလှယ်၏ အမည်၊ နိုင်ငံသားနှင့်နေရပ်လိပ်စာ၊
(၂) မှတ်ပုံတင်လျှောက်ထားခြင်းအတွက် ဒေသဆိုင်ရာအညွှန်း၊
(၃) လျှောက်ထားသည့် ဒေသဆိုင်ရာအညွှန်းထွက်ရှိရာဒေသ၊
(၄) ဒေသဆိုင်ရာအညွှန်းအဖြစ် ညွှန်းဆိုသည့် ကုန်ပစ္စည်း။
(ခ) အဆိုပါ လျှောက်လွှာများနှင့်အတူ အောက်ပါတို့ကို ဖော်ပြရမည်-
(၁) ကုန်ပစ္စည်း၏ ထူးခြားသော အချက်အလက်များ သို့မဟုတ် အရည်အသွေး သို့မဟုတ် ထင်ပေါ်ကျော်ကြားမှု၊
(၂) ကုန်ပစ္စည်း၏ တိကျစွာ သတ်မှတ်ထားသော အရည်အသွေး၊ ထင်ပေါ်ကျော်ကြားမှု သို့မဟုတ် ဝိသေသလက္ခဏာများ၊ မူရင်းဒေသနှင့် ထုတ်လုပ်မှုနည်းစနစ်တို့၏ဆက်စပ်မှု၊
(၃) သတ်မှတ်သည့် အခြားအချက်များ။
(ဂ) လျှောက်ထားရာတွင် သတ်မှတ်သည့် မှတ်ပုံတင်ကြေးကို ပေးသွင်းရမည်။
၅၅။ ဒေသဆိုင်ရာအညွှန်းသည် အောက်ပါအချက် တစ်ရပ်ရပ်နှင့် ငြိစွန်းနေပါက မှတ်ပုံတင်ခွင့်မရှိစေရ-
(က) ပုဒ်မ ၂၊ ပုဒ်မခွဲ (ဏ) ပါဒေသဆိုင်ရာအညွှန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ကိုက်ညီမှုမရှိခြင်း၊
(ခ) အဆိုပါ ဒေသဆိုင်ရာ အညွှန်းကို သုံးစွဲမည့် ကုန်ပစ္စည်းသည် နိုင်ငံတော်ရှိ အများသုံးဝေါဟာရတွင် ယေဘုယျအသုံးအနှုန်း သို့မဟုတ် ဓလေ့ထုံးစံဖြစ်နေခြင်း၊
(ဂ) အများပြည်သူ၏ အေးချမ်းတည်ငြိမ်ရေး သို့မဟုတ် ကိုယ်ကျင့်တရား ကောင်းမွန်ရေး သို့မဟုတ် အများပြည်သူဆိုင်ရာမူနှင့် ဆန့်ကျင်သော ဒေသဆိုင်ရာအညွှန်းတစ်ရပ်ဖြစ်ခြင်း။
၅၆။ အကျိုးသက်ဆိုင်သူ မည်သူမဆို သို့မဟုတ် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းမဆို အောက်ပါ အကြောင်းပြချက်များဖြင့် ဒေသဆိုင်ရာအညွှန်းအား မှတ်ပုံတင်ထားခြင်းကို တရားမဝင်ကြောင်း ကြေညာရန် သို့မဟုတ် ပယ်ဖျက်ပေးရန် မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်-
(က) ပုဒ်မ ၂၊ ပုဒ်မခွဲ (ဏ) ပါ ဒေသဆိုင်ရာအညွှန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ကိုက်ညီမှု မရှိခြင်း၊
(ခ) ပုဒ်မ ၅၄၊ ပုဒ်မခွဲ (ခ) ပါ ချမှတ်ထားသော အချက်အလက်များနှင့် သက်ဆိုင်သည့်လိုအပ်ချက်များ နှင့် ကိုက်ညီစေရန် သေချာစွာ ဆက်လက်လုပ်ဆောင်နိုင်မှုမရှိခြင်း၊
(ဂ) မူရင်းထွက်ရှိရာနိုင်ငံတွင် အကာအကွယ်ပြုလုပ်မထားသော သို့မဟုတ် ကာကွယ်ခြင်းရပ်စဲသွား သော သို့မဟုတ် အဆိုပါနိုင်ငံတွင် အသုံးမပြုတော့သော ပြည်ပဒေသဆိုင်ရာ အညွှန်းတစ်ရပ်ရပ်ဖြစ်ခြင်း၊
(ဃ) အများပြည်သူ၏အေးချမ်းတည်ငြိမ်ရေး သို့မဟုတ် ကိုယ်ကျင့်တရား ကောင်းမွန်ရေး သို့မဟုတ် အများပြည်သူဆိုင်ရာမူနှင့် ဆန့်ကျင့်နေသော ဒေသဆိုင်ရာအညွှန်း တစ်ရပ်ဖြစ်ခြင်း။
၅၇။ (က) မှတ်ပုံတင်စာရင်းတွင်ဖော်ပြထားသော ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ သတ်မှတ်ဖော်ပြထား သော ဒေသအတွင်း ၎င်း၏လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နေသူများကသာကုန်သွယ်မှု လုပ်ငန်းဆောင်ရွက်ရာတွင် မှတ်ပုံတင်ထားသော ဒေသဆိုင်ရာအညွှန်းကိုသုံးစွဲခွင့်ရှိရမည်။ သို့ရာတွင် အဆိုပါကုန်ပစ္စည်းများသည် မှတ်ပုံတင်စာရင်းတွင်သတ်မှတ်ဖော်ပြထားသော အရည်အသွေး၊ ထင်ပေါ်ကျော်ကြားမှု သို့မဟုတ် အခြားသောဝိသေသလက္ခဏာများနှင့် ပြည့်စုံရမည်။
(ခ) သံတူကြောင်းကွဲဖြစ်နေသည့် ဒေသဆိုင်ရာအညွှန်းများတွင် မှတ်ပုံတင်ပြီးသော ဒေသဆိုင်ရာ အညွှန်းအမည်နှင့် နောက်ပိုင်းတွင်မှ မှတ်ပုံတင်သည့် သံတူကြောင်းကွဲ ဒေသဆိုင်ရာအညွှန်း အမည်တို့အကြား လက်တွေ့ကျင့်သုံးမှုတွင် သိသာထင်ရှားသောကွဲပြားခြားနားမှုရှိသည့်အခါမှသာ သက်ဆိုင်ရာ ထုတ်လုပ်သူများအား သာတူညီမျှပြုမူဆက်ဆံရန်နှင့် စားသုံးသူများအား ထင်ယောင် ထင်မှားမဖြစ်စေရန် လိုအပ်ချက်တို့ကို ထည့်သွင်းစဉ်းစား၍ အကာအကွယ်ပေးရမည်။
(ဂ) မှတ်ပုံတင်ထားသော ဒေသဆိုင်ရာအညွှန်း၏ အခွင့်အရေးရရှိသူသည် အောက်ပါကိစ္စရပ်များကို ကာကွယ်တားဆီးပိုင်ခွင့်ရှိသည်-
(၁) ကုန်ပစ္စည်း၏ ဒေသဆိုင်ရာအညွှန်းနှင့်စပ်လျဉ်း၍ အများပြည်သူကို လှည့်ဖြားရန်အလို့ငှာ မူရင်းဒေသမှန်မှမဟုတ်ဘဲ အဆိုပါဒေသမှ ထွက်ရှိသောပစ္စည်းဖြစ်ကြောင်းဖော်ပြ၍ တစ်နည်းနည်းဖြင့် အသုံးပြုခြင်း၊
(၂) တရားမျှတမှုမရှိသည့် ယှဉ်ပြိုင်မှုတစ်ရပ်ကိုဖြစ်စေသော မှတ်ပုံတင်ထားသည့် ဒေသဆိုင်ရာ အညွှန်းကို တစ်နည်းနည်းဖြင့် အသုံးပြုခြင်း၊
(၃) ကုန်ပစ္စည်း၏ မူရင်းဒေသကို ညွှန်ပြရာတွင်ဖြစ်စေ၊ ဒေသဆိုင်ရာအညွှန်းကိုဘာသာပြန်ဆို၍ အသုံးပြုရာတွင်ဖြစ်စေ၊ အမျိုးအစား၊ အုပ်စု၊ ပုံစံ၊ တုပခြင်း သို့မဟုတ် အလားတူဖော်ပြချက်များဖြင့် ဒေသဆိုင်ရာအညွှန်းကို တွဲဖက်အသုံးပြုထားရာတွင်ဖြစ်စေ အငြင်းပွားနေသော ဒေသဆိုင်ရာ အညွှန်းဖြင့် ဖော်ပြထားသော ဒေသမှမဟုတ်သည့် ကုန်ပစ္စည်းများအတွက် ဒေသဆိုင်ရာအညွှန်းကို အသုံးပြုခြင်း။
(ဃ) ကုန်ပစ္စည်းမူရင်းထွက်ရှိရာ နယ်နိမိတ်၊ ဒေသ သို့မဟုတ် နယ်မြေကို တိကျမှန်ကန်စွာဖော်ပြထား သော်လည်း အခြားနယ်နိမိတ်မှထွက်ရှိသော ကုန်ပစ္စည်းအဖြစ် အများပြည်သူကို မှားယွင်းစွာဖော်ပြထား သော အခြားဒေသဆိုင်ရာအညွှန်းများသည် ပုဒ်မခွဲ (က) နှင့် (ဂ) တို့ပါအခွင့်အရေးများမရရှိစေရ။
၅၈။ (က) မှတ်ပုံတင်အရာရှိသည် လျှောက်ထားချက်အား ပုဒ်မ ၅၃၊ ပုဒ်မ ၅၄၊ ပုဒ်မ ၅၅ တို့နှင့် ကိုက်ညီမှုရှိပါက လျှောက်ထားချက်တွင် ပါဝင်သောအကြောင်းအရာများနှင့် အချက်အလက်များကို သတ်မှတ်ချက်များနှင့်အညီ ထုတ်ပြန်ကြေညာရမည်။
(ခ) ဒေသဆိုင်ရာအညွှန်း မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသူသည် အမှတ်တံဆိပ်၏ ကန့်ကွက်ခြင်းဆိုင်ရာပြဋ္ဌာန်းချက်များကို လိုအပ်သလို အသုံးပြုနိုင်သည်။
(ဂ) မှတ်ပုံတင်အရာရှိသည် ကန့်ကွက်ချက်ကို လက်ခံရရှိခြင်း မရှိလျှင်သော်လည်းကောင်း၊ ကန့်ကွက်ချက်ကို ငြင်းပယ်ခဲ့လျှင်သော်လည်းကောင်း ဒေသဆိုင်ရာအညွှန်းကို မှတ်ပုံတင်ပေးရမည်။
၅၉။ မှတ်ပုံတင်ထားသော ဒေသဆိုင်ရာအညွှန်း၏ သက်တမ်းသည် ၎င်းကိုအကာအကွယ်ပေးရန်ခွင့်ပြုခဲ့သည့် ထူးခြားသောဝိသေသလက္ခဏာများ၊ အရည်အသွေး သို့မဟုတ် ထင်ပေါ်ကျော်ကြားမှုများ တည်ရှိနေသရွေ့ ဤဥပဒေအရ အကာအကွယ် ရရှိစေရမည်။
၆၀။ (က) ဒေသဆိုင်ရာအညွှန်းတစ်ရပ်ကို ဤဥပဒေနှင့်အညီ မှတ်ပုံတင်လျှောက်ထားပြီးနောက်အမှတ် တံဆိပ်မှတ်ပုံတင်ရန် လျှောက်ထားလာလျှင် ပုဒ်မ ၅၇ ကို ချိုးဖောက်၍ဖြစ်စေ၊ တူညီသောထုတ်ကုန်နှင့်ဆက်စပ်၍ဖြစ်စေ အသုံးပြုသော အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းအား မှတ်ပုံတင်အရာရှိက ငြင်းပယ်ရမည်။
(ခ) မှတ်ပုံတင်ထားသော အမှတ်တံဆိပ်များသည် ပုဒ်မခွဲ (က) နှင့် ငြိစွန်းကြောင်းတွေ့ရှိပါက ယင်းအမှတ်တံဆိပ်များသည် တရားမဝင်ကြောင်းကြေညာခြင်းခံရမည်။
(ဂ) ဒေသဆိုင်ရာအညွှန်းကို မှတ်ပုံတင်ရန် မလျှောက်ထားမီ သဘောရိုးဖြင့် မှတ်ပုံတင်ထားပြီးသော သို့မဟုတ် လျှောက်ထားပြီးသော အမှတ်တံဆိပ်သည် ပုဒ်မ ၅၇ ကို ချိုးဖောက်၍ အသုံးပြုထားသော်လည်း အခန်း (၁၅) ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းခြင်းမရှိလျှင် ဒေသဆိုင်ရာအညွှန်း မှတ်ပုံတင်ခြင်းတွင် မည်သို့ပင်ရှိစေကာမှု အဆိုပါ ထုတ်ကုန်များအတွက် ဆက်လက်အသုံးပြုနိုင်သည်။ မှတ်ပုံတင်အရာရှိသည် အဆိုပါကိစ္စရပ်များအတွက် ဒေသဆိုင်ရာအညွှန်းအသုံးပြုမှုကို ယင်းနှင့် ဆက်နွှယ်နေသော အမှတ်တံဆိပ်အသုံးပြုမှုကဲ့သို့ခွင့်ပြုရမည်။
၆၁။ (က) သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများသည် အကာအကွယ်ရရှိထားသော ဒေသဆိုင်ရာအညွှန်း များကို ကြီးကြပ်ကွပ်ကဲရမည်။ ကြီးကြပ်ကွပ်ကဲမှုဆိုင်ရာ လုပ်ငန်းအချို့ကို အခြားပုဂ္ဂိုလ်တစ်ဦးအား လွှဲအပ်နိုင်သည်။
(ခ) ကြီးကြပ်ကွပ်ကဲမှုတွင် အောက်ပါတို့ ပါဝင်ရမည်-
(၁) ဒေသဆိုင်ရာအညွှန်းအဖြစ် မှတ်ပုံတင်ထားသောထုတ်ကုန်များ၏ သတ်မှတ်ဖော်ပြချက်များနှင့် သက်ဆိုင်ရာ ထုတ်ကုန်တို့၏ ကိုက်ညီမှု၊
(၂) မှတ်ပုံတင်ထားသော ဒေသဆိုင်ရာအညွှန်းအမည်များအား စျေးကွက်တွင် အသုံးပြုမှု။
(ဂ) ထုတ်ကုန်၏ သတ်မှတ်ဖော်ပြချက်များနှင့် ကိုက်ညီရန် ကြီးကြပ်ကွပ်ကဲမှုအတွက် ကုန်ကျစရိတ် အား အကျိုးသက်ဆိုင်သူများမှ ပေးဆောင်ရမည်။
၆၂။ ဒေသဆိုင်ရာအညွှန်း၏ အခွင့်အရေးများ ထိပါးချိုးဖောက်ခြင်းနှင့်စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက်များအပြင် သတ်မှတ်ချက်များအား ဖောက်ဖျက်ပါက အမှတ်တံဆိပ် အခွင့်အရေး ထိပါးချိုးဖောက်မှုများ၏ အရေးယူမှုဆိုင်ရာ ပြဋ္ဌာန်းချက်များအတိုင်းဆောင်ရွက်ရမည်။