• +95-67(3)408505
  • mmcc.office@commerce.gov.mm
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း(၂၄) အထွေထွေ

၉၃။ ဤဥပဒေအာဏာမတည်မီက မှတ်ပုံတင်အက်ဥပဒေနှင့်အညီ-

(က) စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ်ပိုင်ရှင် သို့မဟုတ် မှတ်ပုံမတင်ထားသော်လည်း နိုင်ငံတော်၏ စျေးကွက်အတွင်းတွင် အမှန်တကယ်အသုံးပြုနေသော အမှတ်တံဆိပ်ပိုင်ရှင်များသည် မှတ်ပုံတင်အမှတ်တံဆိပ်ဆိုင်ရာအခွင့်အရေးကို ရရှိလိုလျှင် ဤဥပဒေနှင့် အညီ မှတ်ပုံတင်ပေးရန် လျှောက်ထားရမည်။

(ခ) စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားသည်ဖြစ်စေ၊ မတင်ထားသည်ဖြစ်စေ နိုင်ငံတော်၏ စျေးကွက်အတွင်းတွင် အမှန်တကယ် အသုံးပြုနေသော အမှတ်တံဆိပ်များသည် အဆိုပါ အမှတ်တံဆိပ်ကိုအသုံးပြုထားသောကုန်ပစ္စည်းသို့မဟုတ် ဝန်ဆောင်မှုများအတွက် ယင်းအမှတ်တံဆိပ် နှင့်စပ်လျဉ်းသည့် အသုံးပြုခြင်းဆိုင်ရာဦးစားပေးအခွင့်အရေးကို သတ်မှတ်ထားသော ကာလအတွင်း ခံစားစေရမည်။

၉၄။ အခြားတည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ-

(က) အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းကို ဤဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။

(ခ) အမှတ်တံဆိပ်နှင့်စပ်လျဉ်းသည့် ပြစ်မှုတစ်ရပ်ရပ်ကို ဤဥပဒေအရသာ အရေးယူရမည်။

၉၅။ မှတ်ပုံတင်အရာရှိသည် ဤဥပဒေအရ ယင်းကို အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ဆုံးဖြတ်ရာတွင် တစ်စုံတစ်ဦးအား ထိခိုက်နစ်နာစေမည်ဆိုပါက သတ်မှတ်ချက်များနှင့် အညီ ထိုသူကိုတင်ပြကြားနာခွင့်ပေးရမည်။

၉၆။ မှတ်ပုံတင်အရာရှိက မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပြီး တံဆိပ်ခတ်နှိပ်ထားသော အမှတ်တံဆိပ်မှတ်ပုံတင်လက်မှတ် မိတ္တူနှင့် အထောက်အထားစာရွက်စာတမ်းများကို သက်ဆိုင်ရာမူပိုင်ခွင့်တရားရုံးတွင် သက်သေခံအဖြစ် တင်ပြခွင့်ရှိသည်။

၉၇။ မူပိုင်ခွင့်တရားရုံးသည် ပြစ်မှုကျူးလွန်ခြင်းနှင့် သက်ဆိုင်သောကိရိယာတန်ဆာပလာများ အပါအဝင် အမှတ်တံဆိပ်အတုကို အသုံးပြုထားသည့် ကုန်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းစေရန်၊ ဖျက်ဆီးစေရန် သို့မဟုတ် အခြားနည်းဖြင့် ဆောင်ရွက်စေရန်သင့်သည် ထင်မြင်သည့်စီမံခန့်ခွဲမှု အမိန့်တစ်ရပ်ကို ချမှတ်နိုင်သည်။

၉၈။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်စေရန် ဝန်ကြီးဌာနသည် ဗဟိုကော်မတီနှင့် အေဂျင်စီ၏ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရမည့်အပြင် ကုန်ကျစရိတ်များကိုလည်း ကျခံရမည်။

၉၉။ ဝန်ကြီးဌာနသည် နိုင်ငံ့ဝန်ထမ်း မဟုတ်သည့် ဗဟိုကော်မတီ အဖွဲ့ဝင်၊ အေဂျင်စီအဖွဲ့ဝင်နှင့်လုပ်ငန်း အဖွဲ့ဝင်တို့၏ ချီးမြှင့်ငွေနှင့် စရိတ်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်သတ်မှတ် ပေးရမည်။

၁၀၀။ ဤဥပဒေပါ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်၏ ရာထူးသက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော် သမ္မတ၏ရာထူးသက်တမ်းအတိုင်းဖြစ်သည်။

၁၀၁။ ဝန်ကြီးဌာနသည် အေဂျင်စီ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် ဦးစီးဌာနနှင့် ၎င်း၏ မူပိုင်ခွင့်ဆိုင်ရာ နယ်ပယ်အလိုက် ဌာနခွဲများကို ဖွဲ့စည်းတာဝန်ပေးအပ်နိုင်သည်။

၁၀၂။ ဤဥပဒေပါ အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးကို ထိပါးချိုးဖောက်မှုများသည် အစိုးရဌာနနှင့် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုခုက စီးပွားရေးအလို့ငှာ မဟုတ်ဘဲ နိုင်ငံတော်၏အရေးပေါ်အခြေအနေနှင့် အများပြည်သူ ဘေးအန္တရာယ်ကိစ္စများတွင် အမှတ်တံဆိပ်ပါရှိ သည့်ကုန်ပစ္စည်းတစ်ခုခုကို အများပြည်သူအကျိုးငှာအသုံးပြုခြင်းနှင့် သက်ဆိုင်ခြင်း မရှိစေရ။

၁၀၃။ ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများဟု သတ်မှတ်သည်။

၁၀၄။ အမှတ်တံဆိပ်အငြင်းပွားသူ ပုဂ္ဂိုလ်များအကြားပေါ်ပေါက်လာသည့် အငြင်းပွားမှုများကို နှစ်ဦးနှစ်ဖက် ချစ်ကြည်စွာ ညှိနှိုင်းဖြေရှင်းခြင်းဖြင့်ဖြစ်စေ၊ အနုညာတစီရင်ဆုံးဖြတ်ခြင်းဖြင့်ဖြစ်စေ၊ တရားစွဲဆိုခြင်းဖြင့်ဖြစ်စေ ဖြေရှင်းနိုင်သည်။

၁၀၅။ ဤဥပဒေအရဖွဲ့စည်းတည်ထောင်သည့် ဗဟိုကော်မတီနှင့် အေဂျင်စီတို့သည် မူပိုင်ခွင့်ဥပဒေ အားလုံးအတွက် အကျုံးဝင်သည်ဟု မှတ်ယူရမည်။

၁၀၆။ ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးနှင့် သက်ဆိုင်သောနည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

(ခ) ဝန်ကြီးဌာနနှင့်သက်ဆိုင်ရာဝန်ကြီးဌာနတို့သည်-

(၁) နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(၂) အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

(ဂ) အကောက်ခွန်ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေသော ဝန်ကြီးဌာနသည် အကောက်ခွန်ဆိုင်ရာ နည်းဥပဒေ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ထုတ်ပြန် နိုင်သည်။

(ဃ) အေဂျင်စီနှင့် ဦးစီးဌာနတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။