• +95-67(3)408505
  • mmcc.office@commerce.gov.mm
ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ
Download : Myanmar / English
အခန်း(၁) အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရ မည်-

(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ဆိုသည်။

(ခ) ငွေရေးကြေးရေးအဖွဲ့အစည်း ဆိုသည်မှာ ဘဏ်၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်း များနှင့် ဇယားဝင်အဖွဲ့အစည်းများ ကိုဆိုသည်။

(ဂ) ဘဏ် ဆိုသည်မှာ ဘဏ်လုပ်ငန်းဆောင်ရွက်ရန် ဤဥပဒေအရ ဗဟိုဘဏ်က လိုင်စင်ထုတ်ပေးထား သည့် လုပ်ငန်းအဖွဲ့အစည်း ကိုဆိုသည်။ ယင်းစကားရပ်တွင် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ ဖွံ့ဖြိုးရေး ဘဏ်နှင့် လိုင်စင်ရရှိထားသော နိုင်ငံခြားဘဏ်ခွဲတို့လည်း ပါဝင်သည်။

(ဃ) ဘဏ်လုပ်ငန်း ဆိုသည်မှာ ကူးသန်းရောင်းဝယ်ရေးဘဏ် လုပ်ငန်းကိုသော်လည်းကောင်း၊ ဖွံ့ဖြိုး  ရေးဘဏ် လုပ်ငန်းကိုသော်လည်းကောင်း ဆိုသည်။

(င) လုပ်ငန်းအဖွဲ့အစည်း ဆိုသည်မှာ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရလည်းကောင်း၊ အထူး ကုမ္ပဏီအက်ဥပဒေအရလည်းကောင်း ဖွဲ့စည်းတည်ထောင်ထားသော ကုမ္ပဏီများနှင့် နိုင်ငံပိုင်ငွေရေး ကြေးရေး အဖွဲ့အစည်းတို့ကို ဆိုသည်။

(စ) ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်း ဆိုသည်မှာ အောက်ပါလုပ်ငန်းများကို ဆိုသည်-

(၁) အပ်နှံငွေအမျိုးမျိုး လက်ခံခြင်းလုပ်ငန်း၊

(၂) ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများက ထုတ်ပေးသော သို့မဟုတ် ပေးသွင်းသော ချက်လက်မှတ် များကို ငွေထုတ်ပေးသည့် လုပ်ငန်းနှင့် ငွေကောက်ခံပေးသည့် လုပ်ငန်း၊

(၃) ချေးငွေအမျိုးမျိုး ထုတ်ချေးခြင်းလုပ်ငန်း၊

(၄) ပုဒ်မ ၅၂ ပါ ဗဟိုဘဏ်က သတ်မှတ်လုပ်ကိုင်ခွင့်ပြုသည့် ဘဏ်လုပ်ငန်းများ။

(ဆ) ကူးသန်းရောင်းဝယ်ရေးဘဏ် ဆိုသည်မှာ ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်းဆောင်ရွက်ရန် ဤဥပဒေအရ ဗဟိုဘဏ်က လိုင်စင်ထုတ်ပေးထားသည့် ဘဏ်ကိုဆိုသည်။

(ဇ) ဖွံ့ဖြိုးရေးဘဏ်လုပ်ငန်း ဆိုသည်မှာ သက်တမ်းတစ်နှစ်ထက်ကျော်လွန်သော စာရင်းသေ အပ်နှံ ငွေများကိုသာ လက်ခံပြီး ၎င်းအပ်နှံငွေများ၏ သက်တမ်း သို့မဟုတ် အစိုးရအဖွဲ့က ဖြည့်ဆည်းပေးသည့် ရန်ပုံငွေများ၏ သက်တမ်းနှင့်ကိုက်ညီသော ချေးငွေများဖြင့် အထူးစီးပွားရေးလုပ်ငန်းကဏ္ဍများသို့ ချေးငွေဖြည့်ဆည်းပေးသည့် လုပ်ငန်းများကို ဆိုသည်။

(ဈ) ဖွံ့ဖြိုးရေးဘဏ် ဆိုသည်မှာ ဖွံ့ဖြိုးရေးဘဏ်လုပ်ငန်းဆောင်ရွက်ရန် ဤဥပဒေအရ ဗဟိုဘဏ်က လိုင်စင်ထုတ်ပေးထားသည့် ဘဏ်ကို ဆိုသည်။

(ည) ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း ဆိုသည်မှာ အောက်ပါလုပ်ငန်းတစ်ရပ်ဖြစ် စေ၊တစ်ရပ်ထက်ပို၍ဖြစ်စေလုပ်ကိုင်ဆောင်ရွက်ရန် ပုဒ်မ၂၀အရ မှတ်ပုံတင်ထားသည့် ငွေရေးကြေးရေး အဖွဲ့အစည်းများ ကိုဆိုသည်-

(၁) ငွေရေးကြေးရေးကုမ္ပဏီလုပ်ငန်း၊

(၂) အငှားချသည့်လုပ်ငန်း (Leasing) ၊

(၃) ကြွေးမြီများ ဝယ်ယူကောက်ခံသည့်လုပ်ငန်း (Factoring)၊

(၄) ချေးငွေတိုကင်လုပ်ငန်း (Credit token)၊

(၅) ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊

(၆) ဗဟိုဘဏ်က သတ်မှတ်သည့် အခြားချေးငွေဝန်ဆောင်မှု လုပ်ငန်းတစ်ခုခု။

(ဋ) ဦးပိုင်ကုမ္ပဏီ ဆိုသည်မှာ ဘဏ်၏အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းနှင့်အထက်အား ပိုင်ဆိုင်ပြီးဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင် အများစုကို ရွေးကောက်တင်မြှောက်နိုင်ခွင့်ရှိသော သို့မဟုတ် ဘဏ်၏စီမံခန့်ခွဲမှုများ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် မူဝါဒများကိုသော်လည်းကောင်း သိသာစွာလွှမ်းမိုး ဆောင်ရွက်နိုင် သော ကုမ္ပဏီတစ်ခုကို ဆိုသည်။

(ဌ) ဒါရိုက်တာအဖွဲ့ ဆိုသည်မှာ ငွေရေးကြေးရေးအဖွဲ့အစည်း တစ်ခု၏ ဒါရိုက်တာအဖွဲ့ကို ဆိုသည်။

(ဍ) ဘဏ်ရုံးခွဲ ဆိုသည်မှာ ဘဏ်၏လုပ်ငန်းဆောင်ရွက်သည့် ပင်မရုံး၊ လုပ်ငန်းဆောင်ရွက်ပေးသည့် ရုံးခွဲ၊ ငွေထုတ်ပေးသည့်ရုံး၊ ငွေတစ်ဆင့်ထုတ်ပေးသည့်ရုံး၊ ကိုယ်စားလှယ်ရုံးနှင့် သတ်မှတ်ကာလ တစ်ခု အတွက်သာ လုပ်ငန်းဆောင်ရွက်ပေးသည့်ရုံးတို့ကို ဆိုသည်။

(ဎ) အလုပ်လုပ်ရက် ဆိုသည်မှာ စနေ၊ တနင်္ဂနွေ၊ အများပြည်သူ အလုပ်ပိတ်ရက်နှင့် ဘဏ်ပိတ်ရက်မှအပ ကျန်သည့် ပြက္ခဒိန် နေ့ရက် တစ်ခုခုကို ဆိုသည်။

(ဏ) မတည်ရင်းနှီးငွေ (Capital funds) ဆိုသည်မှာ-

(၁) မြန်မာနိုင်ငံတွင် တည်ထောင်သည့် ဘဏ်ဖြစ်လျှင် ဗဟိုဘဏ်က သတ်မှတ်သည့် မတည်ငွေရင်းလုံ လောက်မှု အချိုးလိုအပ်ချက်ကို ပြည့်မီစေရန် ထည့်ဝင်ရမည့် မတည်ရင်းနှီးငွေနှင့် ဘဏ်၏ အရှုံးဖြစ် ပေါ်မှုများကို နုတ်ပယ်ပြီးနောက် အများပြည်သူသို့ ကြေညာသည့် သီးသန့်ရန်ပုံငွေနှင့် ထည့်ဝင်ပြီး မတည်ငွေရင်း နှစ်ရပ်ပေါင်းကို ဆိုသည်။

(၂) မြန်မာနိုင်ငံတွင် လိုင်စင်ရရှိသည့် နိုင်ငံခြားဘဏ်ခွဲဖြစ်လျှင် ဗဟိုဘဏ်က သတ်မှတ်သော ကနဦး မတည်ရင်းနှီးငွေနှင့် ဗဟိုဘဏ်က အခါအားလျော်စွာ သတ်မှတ်သည့် မတည်ငွေရင်း လုံလောက်မှု အချိုး ကို ပြည့်မီစေရန် ထည့်ဝင်ရမည့် မတည်ရင်းနှီးငွေကို ဆိုသည်။

(တ) ဗဟိုဘဏ် ဆိုသည်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေအရ ဖွဲ့စည်းတည်ထောင်သည့် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်ကိုဆို သည်။

(ထ) အမှုဆောင်အရာရှိချုပ် ဆိုသည်မှာ ငွေရေးကြေးရေးအဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်ချက်များ နှင့် စီမံခန့်ခွဲမှုတွင် အဓိကတာဝန်ရှိသူကိုဆိုသည်။ ဤစကားရပ်တွင် ငွေရေးကြေးရေးအဖွဲ့အစည်းတွင် တိုက်ရိုက်ခန့်ထားခြင်း ခံရသူဖြစ်စေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းအတွက် ခေတ္တဆောင်ရွက်သူဖြစ်စေ၊ ငွေရေးကြေးရေးအဖွဲ့အစည်း၏ အစီအစဉ်ဖြင့် ဆောင်ရွက်သူဖြစ်စေ အကျုံးဝင်သည်။

(ဒ) ကုမ္ပဏီ ဆိုသည်မှာ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် အတိုင်း ဖြစ်သည်။

(ဓ) လက်အောက်ခံကုမ္ပဏီ ဆိုသည်မှာ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေတွင် အဓိပ္ပာယ် ဖွင့်ဆိုထား သည့်အတိုင်းဖြစ်သည်။

(န) ချေးငွေအမျိုးမျိုး ထုတ်ချေးခြင်းလုပ်ငန်း ဆိုသည်မှာ-

(၁) ငွေရေးကြေးရေးအဖွဲ့အစည်းက ဆက်သွယ်ဆောင်ရွက်သူအား ထုတ်ပေးနိုင်သော ရန်ပုံငွေ သို့မ ဟုတ် ငွေရေးကြေးရေး အာမခံများအရ ချေးငွေထုတ်ပေးခြင်း၊ ကြိုတင်ပေးငွေနှင့် အခြားသော ချေးငွေ အမျိုးအစားများ ထုတ်ချေးပေးခြင်း သို့မဟုတ်၊

(၂) ငွေရေးကြေးရေးအဖွဲ့အစည်းက ဆက်သွယ်ဆောင်ရွက်သူများ၏ ပေးရန်တာဝန်များကို ၎င်းတို့၏ ကိုယ်စား ကျခံပေးခြင်းကို ဆိုသည်။

(ပ) ငွေစုငွေချေးအသင်းလုပ်ငန်း ဆိုသည်မှာ အသင်းဝင်များစာရင်းရှိ စုဆောင်းထားသည့် ငွေများကို အသုံးပြု၍ အသင်းဝင်တစ်ဦးချင်းသို့ စားသုံးမှုအတွက်ဖြစ်စေ၊ ကုန်ထုတ်လုပ်မှု အတွက်ဖြစ်စေ၊ ကူးသန်းရောင်းဝယ်မှုအတွက်ဖြစ်စေ ချေးငွေများ ထုတ်ပေးခြင်းကို အဓိကထား၍ ဆောင်ရွက်သည့် လုပ်ငန်းကို ဆိုသည်။

(ဖ) ချေးငွေတိုကင်လုပ်ငန်း ဆိုသည်မှာ အကြွေးဝယ်ကတ်၊ မြီစားကတ်၊ ကြိုတင်ပေးကတ် သို့မဟုတ် တန်ဖိုးသိုမှီးထားသောကတ် (stored value card)နှင့် ဗဟိုဘဏ်မှ သတ်မှတ်ခွင့်ပြုထားသော အခြားကတ် သို့မဟုတ် အခြားနည်းလမ်းများဖြင့် ချေးငွေတိုကင် ထုတ်ပေးသည့် လုပ်ငန်းကိုဆိုသည်။

(ဗ) ချေးငွေသတင်းအချက်အလက်ဌာန ဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်း အတွက်ဖြစ်စေ၊ ကုမ္ပဏီ များအတွက်ဖြစ်စေ ချေးငွေဆိုင်ရာ သတင်းအချက်အလက်များကို စုဆောင်းပြီး အခကြေးငွေရယူ၍ အဆိုပါ သတင်းအချက်အလက်များ ပံ့ပိုးပေးသည့် အဖွဲ့အစည်းကို ဆိုသည်။

(ဘ) အပ်နှံငွေ ဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုက ငွေအပ်နှံပြီး အဆိုပါငွေအပ်နှံသူက တောင်းဆိုသည့်အခါတွင်ဖြစ်စေ၊ ငွေအပ်နှံသူနှင့် ငွေလက်ခံသူတို့ သဘောတူ ထားသည့် အချိန်ကာလတစ်ခုတွင်ဖြစ်စေ ငွေပမာဏ တစ်ရပ်လုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းအား ပြန်လည်ပေးရမည့် ငွေတစ်ရပ်ကို ဆိုသည်။

(မ) စာတမ်းအမှတ်အသား ဆိုသည်မှာ အောက်ပါတို့ ပါဝင်သည်-

(၁) မည်သည့်ပုံစံဖြင့်မဆို သရုပ်ဖော်ထားသည့် သို့မဟုတ် ဖော်ပြထားသည့် အရာဝတ္ထု တစ်ခုခု၊

(၂) အီလက်ထရောနစ် နည်းဖြင့်ဖြစ်စေ၊ သံလိုက်နည်းဖြင့်ဖြစ်စေ၊ စက်မှုပိုင်းဆိုင်ရာ နည်းဖြင့်ဖြစ်စေ၊ ရုပ်သေ သို့မဟုတ် ရုပ်ရှင်ဖြင့် မှတ်တမ်းတင်ထားသည့် မြင်နိုင်သော အရာတစ်ခုခု၊ အသံသွင်းထားသည့် အရာတစ်ခုခု။

(ယ) ဝန်ထမ်း ဆိုသည်မှာ ငွေရေးကြေးရေးအဖွဲ့အစည်း၏ ဝန်ထမ်းကိုဆိုသည်။ ထို့ပြင် ယင်းစကားရပ် တွင် အခြားအလုပ်ရှင်က ခေတ္တလွှဲပြောင်းပေးထားသူများ ပါဝင်သည်။

(ရ) ကြွေးမြီများဝယ်ယူကောက်ခံသည့်လုပ်ငန်း (Factoring) ဆိုသည်မှာ သူတစ်ဦးဦးက ရရန်ရှိသည် များကို ငွေရေးကြေးရေး အဖွဲ့အစည်းက လျော့နှုန်းဖြင့်ဝယ်ယူ၍ ကောက်ခံပြီး ရယူသည့်လုပ်ငန်းကိုဆို သည်။

(လ) သင့်လျော်မှန်ကန်ခြင်းရှိမှု (Fit and proper) ဆိုသည်မှာ ဤဥပဒေအရ အကျုံးဝင်သည့် ပုဂ္ဂိုလ်များအတွက် ဗဟိုဘဏ်က စည်းမျဉ်းများဖြင့်သတ်မှတ်သည့် စံနှုန်းများကို ဆိုသည်။ ယင်းစကား ရပ်တွင် ပုဂ္ဂိုလ်တစ်ဦး၏ ရိုးသားမှု၊ ဖြောင့်မတ်မှု၊ လုံ့လဝီရိယရှိမှု၊ စွမ်းဆောင်ရည်ရှိမှု၊ ဘဏ်လုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်း အတွေ့အကြုံရှိမှုတို့ ပါဝင်သည်။

(ဝ) ငွေရေးကြေးရေးကုမ္ပဏီလုပ်ငန်း ဆိုသည်မှာ အများပြည်သူထံမှ အပ်နှံငွေမယူဘဲ အခြားနည်းဖြင့် ရရှိသည့် ငွေကြေးရန်ပုံငွေဖြင့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုဝယ်ယူခြင်းအတွက် ချေးငွေထုတ်ပေး သည့်လုပ်ငန်းကို အဓိကဆောင်ရွက်သည့် လုပ်ငန်းကို ဆိုသည်။

(သ) နိုင်ငံခြားဘဏ်ခွဲ ဆိုသည်မှာ မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းဆောင်ရွက်ရန် ဗဟိုဘဏ်က လိုင်စင် ထုတ်ပေးထားသည့် နိုင်ငံခြားဘဏ်၏ ဘဏ်ခွဲတစ်ခုကို ဆိုသည်။

(ဟ) အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ကိုဆို သည်။

(ဠ) အငှားချသည့်လုပ်ငန်း (Leasing) ဆိုသည်မှာ အငှားချထားသူက ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းကို ငှားယူသူအား ဝယ်ယူသည့် နည်းလမ်းဖြင့် ဖြစ်စေ၊ ဝယ်ယူခြင်း မဟုတ်သည့် နည်းလမ်းဖြင့်ဖြစ်စေ ငှားရမ်းခြင်းကိုဆိုသည်။ ယင်းစကားရပ်တွင် တစ်ဆင့်ငှားရမ်းခြင်း လုပ်ငန်းလည်း ပါဝင်သည်။

(အ) လိုင်စင် ဆိုသည်မှာ ဤဥပဒေအရ ဘဏ်လုပ်ငန်းလုပ်ကိုင်ရန် ဗဟိုဘဏ်က ထုတ်ပေးသော ခွင့်ပြုချက်ကို ဆိုသည်။

(ကက) မှတ်ပုံတင်လက်မှတ် ဆိုသည်မှာ ဤဥပဒေအရ ဗဟိုဘဏ်က ဘဏ်မဟုတ်သော ငွေရေးကြေး ရေးအဖွဲ့အစည်းများအား လုပ်ငန်းလုပ်ကိုင်ရန် ထုတ်ပေးသော ခွင့်ပြုချက်ကို ဆိုသည်။

(ခခ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနကို ဆိုသည်။

(ဂဂ) ငွေကြေးဝန်ဆောင်မှု လုပ်ငန်း ဆိုသည်မှာ အောက်ပါတစ်ခုခုကို ဆောင်ရွက်သည့် လုပ်ငန်းကို ဆိုသည်-

(၁) ငွေလွှဲခြင်း၊

(၂) ငွေပေးချေမှုလုပ်ငန်းများကို လုပ်ကိုင်ခြင်း၊

(၃) ချက်လက်မှတ်များကို ငွေသားဖြင့်လဲလှယ်ပေးခြင်း၊

(၄) ခရီးသွားချက်လက်မှတ် သို့မဟုတ် ငွေပေးအမိန့်လက်မှတ်များ ထုတ်ဝေခြင်းနှင့် ရောင်းချခြင်း။

(ဃဃ) ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုနှင့် ဆက်နွှယ်သည့်အရာရှိ ဆိုသောစကားရပ်တွင် အောက်ပါ တို့ ပါဝင်သည်-

(၁) အမှုဆောင်အရာရှိချုပ် သို့မဟုတ် ဒုတိယအမှုဆောင်အရာရှိချုပ်၊

(၂) ငွေရေးကြေးရေးအရာရှိချုပ်၊

(၃) ငွေရေးကြေးရေးအဖွဲ့အစည်းတွင် စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်သော အခြားဝန်ထမ်း များ။

(ငင) ငွေပေးချေမှုစနစ် ဆိုသည်မှာ အောက်ပါတို့မှအပ ငွေကြေး သို့မဟုတ် ငွေချေးသက်သေခံ လက်မှတ်များကို စာရင်းရှင်းလင်းခြင်း သို့မဟုတ် ပေးချေခြင်း သို့မဟုတ် လွှဲပြောင်းခြင်းစနစ် သို့မဟုတ် အစီအစဉ်တစ်ရပ်ရပ်ကို ဆိုသည်-

(၁) ပုဂ္ဂိုလ်တစ်ဦးဦးက ကိုယ်ပိုင်စီမံခန့်ခွဲမှုကိစ္စရပ်အတွက် ဆောင်ရွက်သည့် ဌာနတွင်းငွေပေး ချေမှုစနစ်၊

(၂) ဗဟိုဘဏ်က သတ်မှတ်သည့် အခြားငွေပေးချေမှုစနစ်များ သို့မဟုတ် အစီအစဉ်များ။

(စစ) ငွေပေးချေမှုနည်းလမ်းများ ဆိုသည်မှာ ငွေ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ရယူရာ၌သော် လည်းကောင်း၊ ပေးချေရန်အတွက်သော်လည်းကောင်း အသုံးပြုနိုင်သည့် ထိတွေ့နိုင်သော သို့မဟုတ် မထိတွေ့နိုင်သော ငွေပေးချေမှု နည်းလမ်းတစ်ခုခုကိုဆိုသည်။

(ဆဆ) လုပ်ငန်းတည်နေရာ ဆိုသည်မှာ သက်ဆိုင်ရာငွေရေးကြေးရေး အဖွဲ့အစည်း၏ ရုံး သို့မဟုတ် ရုံးခွဲကို ဆိုသည်။

(ဇဇ) ဆွေမျိုးသားချင်း ဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦး၏ ဇနီးသို့မဟုတ် ခင်ပွန်း၊ ညီအစ်ကိုမောင်နှမများ၊ ထိုသူ၏ ဇနီး သို့မဟုတ် ခင်ပွန်း၏ ညီအစ်ကိုမောင်နှမများ၊ ထိုသူနှင့် ထိုသူ၏ဇနီး သို့မဟုတ် ခင်ပွန်း၏ မိဘ၊ ဘိုးဘွားနှင့် ဆက်ခံသူ သားသမီး၊ မြေးမြစ်များ၊ ၎င်းကိုမှီခိုသူများနှင့် မွေးစားခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆွေမျိုးတော်စပ်သူများကို ဆိုသည်။

(ဈဈ) ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုနှင့် ဆက်နွှယ်သူများ ဆိုသည်မှာ-

(၁) ငွေရေးကြေးရေးအဖွဲ့အစည်းတွင် အကျိုးစီးပွားအများအပြားရှိသူ သို့မဟုတ် ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုက ပုဂ္ဂိုလ်ထံတွင် သိသာထင်ရှားသော အကျိုးခံစားခွင့်ရှိခြင်း၊

(၂) ငွေရေးကြေးရေးအဖွဲ့အစည်း၏ ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးဦး သို့မဟုတ် ငွေရေး ကြေးရေး အဖွဲ့အစည်းကို ထိန်းချုပ်နိုင်သော စီးပွားရေး လုပ်ငန်းတစ်ခု၊

(၃) ပုဒ်မခွဲငယ်(၁) နှင့် (၂)တို့ပါ လူပုဂ္ဂိုလ်တစ်ဦး၏ ဆွေမျိုးသားချင်း တစ်ဦးဦး၊

(၄) ပုဒ်မခွဲငယ် (၁) မှ (၃) ထိ ဖော်ပြထားသော ပုဂ္ဂိုလ်တစ်ဦးဦးက ထိန်းချုပ်သည့် အဖွဲ့အစည်းတစ်ခုခု၊

(၅) ငွေရေးကြေးရေးအဖွဲ့အစည်း၌ ယခင် သို့မဟုတ် လက်ရှိကာလတွင် အကျိုးစီးပွားများစွာ ရှိနေခြင်း သို့မဟုတ် ငွေရေးကြေးရေး အဖွဲ့အစည်းနှင့် ဆက်နွှယ်ပတ်သက်နေခြင်းတို့ကြောင့် ဆက်နွှယ်နေသူဟု ဗဟိုဘဏ်က သတ်မှတ်ခြင်းခံရသူ။

(ညည) ဇယားဝင်အဖွဲ့အစည်း ဆိုသည်မှာ ဤဥပဒေအရ မဟုတ်ဘဲ အခြားသီးခြား ဥပဒေတစ်ရပ်ရပ် အရ တည်ထောင်ထားရှိပြီး သီးသန့်လူအုပ်စု၊ အသိုက်အဝန်းတစ်ခုအတွက် ငွေရေးကြေးရေးဝန်ဆောင် မှုပေးသည့် အောက်ပါအဖွဲ့အစည်းများကို ဆိုသည်-

(၁) ကျေးလက်ဖွံ့ဖြိုးရေးဘဏ်၊

(၂) စိုက်ပျိုးရေးဘဏ်၊

(၃) အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဥပဒေအရ လိုင်စင်ထုတ်ပေးထားသော အသေးစားငွေရေး ကြေးရေး အဖွဲ့အစည်းများ၊

(၄) ငွေစုငွေချေးအသင်းများ၊

(၅) စာတိုက်ငွေစုဘဏ်။

(ဋဋ) ငွေချေးသက်သေခံလက်မှတ် ဆိုသည်မှာ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်း ဝယ်ရေး ဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် အတိုင်းဖြစ်သည်။

(ဌဌ) အဓိကကျသည့်အကျိုးစီးပွား ဆိုသည်မှာ ဗဟိုဘဏ်က သတ်မှတ်သည့်အတိုင်း ငွေရေးကြေးရေး အဖွဲ့အစည်း၏ မတည်ရင်းနှီးငွေ သို့မဟုတ် ဆန္ဒမဲပေးပိုင်ခွင့်ကို ၁၀ ရာခိုင်နှုန်းနှင့် အထက် တိုက် ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်မှုကိုသော်လည်းကောင်း၊ ငွေရေးကြေးရေးအဖွဲ့အစည်း၏ စီမံခန့်ခွဲ ပိုင်ခွင့်ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ထိန်းချုပ်ကွပ်ကဲနိုင်မှုကို သော်လည်းကောင်း ဆိုသည်။

(ဍဍ) ဆက်နွှယ်နေသည့်ကုမ္ပဏီ ဆိုသည်မှာ ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာ ၂၀ ရာခိုင်နှုန်းထက် မနည်း ၅၀ ရာခိုင်နှုန်းထက် မပိုသော အစုရှယ်ယာများအား ထိန်းချုပ်ပိုင်ဆိုင်သည့် အခြားကုမ္ပဏီကို ဆိုသည်။