• +95-67(3)408505
  • mmcc.office@commerce.gov.mm
ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ
Download : Myanmar / English
အခန်း(၁၄) အုပ်ချုပ်သူခန့်ထား၍ စီမံခန့်ခွဲခြင်း

အုပ်ချုပ်သူခန့်ထားခြင်း

၉၇။ (က) ပုဒ်မ ၉၆၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၈) အရ ဗဟိုဘဏ်၏ အမိန့်ဖြင့် အုပ်ချုပ်သူများကို ခန့် ထားရမည်။

(ခ) ပုဒ်မခွဲ (က) အလို့ငှာ ဘဏ်တွင်အုပ်ချုပ်သူအဖြစ် ခန့်ထားမည့်သူမှာ သင့်မြတ်လျော်ကန်၍ အရည် အချင်းပြည့်မီသူ ဖြစ်ရမည်။

(ဂ) အုပ်ချုပ်သူသည် ဆောင်ရွက်ရမည့်အရည်အချင်း ပျက်ယွင်းလာသည့်အခါ ဆက်လက် ဆောင်ရွက် ရန် သင့်လျော်သော အုပ်ချုပ်သူအား ဗဟိုဘဏ်က အချိန်မရွေးအစားထိုး ခန့်ထားရမည်။

(ဃ) အုပ်ချုပ်သူတစ်ဦးအား ခန့်ထားရာတွင် အုပ်ချုပ်သူ ခန့်အပ်မှုတွင် သတ်မှတ်ထားသည့်အတိုင်း ၂၄ လ ထက်မကျော်စေဘဲ ခန့်ထားရမည်။ အဆိုပါသက်တမ်းကို နောက်ထက် ၂၄ လထက် မကျော်စေဘဲ တစ်ကြိမ် ဆက်လက်သက်တမ်းတိုး ခန့်ထားနိုင် သည်။

(င) အုပ်ချုပ်သူသည် ဗဟိုဘဏ်က တာဝန်ပေးသည့်အတိုင်း လုပ်ငန်းဆောင်ရွက်ရမည့် အပြင် လစာ စရိတ်ခံစားပိုင်ခွင့်ကို ဗဟိုဘဏ်ထံမှ ရရှိစေရမည်။

(စ) အုပ်ချုပ်သူ ခန့်ထားခြင်းအတွက် အုပ်ချုပ်သူလစာငွေ အပါအဝင် ဗဟိုဘဏ်၏ ကုန်ကျစရိတ် အားလုံးကို အုပ်ချုပ်သူ ခန့်ထားရန် လိုအပ်သောဘဏ်က ကျခံစေရမည်။

(ဆ) ဗဟိုဘဏ်သည် အုပ်ချုပ်သူများကို ခန့်ထားခြင်း သို့မဟုတ် သက်တမ်းတိုးခြင်းတို့ကို အမိန့်စာဖြင့် ပြုလုပ်ရမည်ဖြစ်ပြီး ခန့်ထားခြင်း သို့မဟုတ် သက်တမ်းတိုးခြင်း ဆုံးဖြတ်ချက်၏ အကြောင်းရင်းကို ဖော်ပြရမည်။

အုပ်ချုပ်သူခန့်ထားခြင်းကို ပြန်လည်သုံးသပ်ခြင်း

၉၈။ (က) ဘဏ်အတွက် အုပ်ချုပ်သူခန့်ထားမှုအပေါ် ဗဟိုဘဏ်က အုပ်ချုပ်သူခန့်ထားမည် ဖြစ်ကြောင်း ဆုံးဖြတ်ချက်ပြုသည့် ရက်မှ အလုပ်လုပ်ရက် ငါးရက်အတွင်း ဘဏ်၏ဒါရိုက်တာအဖွဲ့က အဖွဲ့အစည်း၏ ကိုယ်စား ဗဟိုဘဏ်သို့ စာဖြင့် ကန့်ကွက်စာ တင်နိုင်သည်။

(ခ) အလုပ်လုပ်ရက် ငါးရက်အတွင်း ကန့်ကွက်စာမတင်လျှင် ဘဏ်သည် အုပ်ချုပ်သူခန့်ထားခြင်းကို သဘောတူသည်ဟု မှတ်ယူရမည်။

(ဂ) ဗဟိုဘဏ်သည် သတ်မှတ်သည့်အချိန်အတွင်း ကန့်ကွက်လွှာကို ရရှိပါက ပြန်လည်သုံးသပ်ပြီး အုပ်ချုပ်သူခန့်ထားခြင်းကို အတည်ပြုခြင်း သို့မဟုတ် ရပ်စဲခြင်းတို့ကို အကြောင်းအကျိုးစာဖြင့် ဖော်ပြ၍ ဆုံးဖြတ်နိုင်သည်။

(ဃ) ပုဒ်မခွဲ (ဂ)အရ ပြုလုပ်သည့် ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။ ထို့ပြင် ဘဏ်၏ ဒါရိုက်တာအဖွဲ့၏ ဥက္ကဌထံ ဆုံးဖြတ်ချက်ကို ချက်ချင်းပေးပို့ရမည်။

(င) အုပ်ချုပ်သူအားခန့်အပ်ခြင်းကို ရပ်စဲပါက အုပ်ချုပ်သူသည် ဘဏ်အပေါ် ထိန်းချုပ်ကွပ်ကဲမှုကို ဆောလျင်စွာ ပြန်လည်ပေးအပ်ရန်နှင့် အဖွဲ့အစည်း၏ ရရန်ပိုင်ခွင့်များ၊ စာရင်းစာအုပ်များနှင့် မှတ်တမ်း များကို ဘဏ်၏ တာဝန်ပေးအပ်ခြင်းခံရသော မန်နေဂျာထံ ချက်ချင်း ပြန်ပေးရမည်။

ထိန်းချုပ်ကွပ်ကဲမှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များ

၉၉။ (က) ဗဟိုဘဏ်က အုပ်ချုပ်သူအား ခန့်ထားသည့်အခါ ထိုအဖွဲ့အစည်း၏ ဒါရိုက်တာများ၊ အမှု ဆောင်အရာရှိနှင့် အရာရှိများသည် ဘဏ်၏ပိုင်ဆိုင်ပစ္စည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် အသိအမှတ် ပြုစာရင်းစစ်ဆေးချက်အပါအဝင် ကိစ္စရပ်မှန်သမျှကို အုပ်ချုပ်သူအား တင်ပြရမည်။ ထို့အပြင် ဘဏ်၏ စီးပွားရေးလုပ်ငန်းနှင့် ကိစ္စရပ်အားလုံးကို လုပ်ငန်းဆက်လက် ဆောင်ရွက် နိုင်ရန်လိုအပ်သည်များကို အုပ်ချုပ်သူအား ပံ့ပို့ဖြည့်ဆည်း ပေးရမည်။

(ခ) အုပ်ချုပ်သူသည် ဘဏ်နှင့်စပ်လျဉ်းသော စီးပွားရေးလုပ်ငန်းနှင့် ကိစ္စရပ်အားလုံးကို ထိန်းချုပ်ကွပ် ကဲသည့် တာဝန်ဆောင်ရွက်ရမည်။ ထို့အပြင် ဘဏ်၏အမည်ဖြင့် ဘဏ်ကိုယ်စား ဘဏ်၏စီးပွားရေး လုပ်ငန်းနှင့် လုပ်ငန်းကိစ္စရပ်များကို အုပ်ချုပ်သူခန့်အပ်သည့် အမိန့်စာတွင် သတ်မှတ်ကာလအထိ ဖြစ်စေ၊ အမိန့်အား မပယ်ဖျက်မီအထိဖြစ်စေ ဆောင်ရွက်ရမည်။

(ဂ) ထိုအမိန့်စာ တည်မြဲနေသမျှ ကာလပတ်လုံး တည်ဆဲဥပဒေအရ သို့မဟုတ် အခြားနည်းဖြင့် ဘဏ်နှင့် ၎င်း၏ဒါရိုက်တာများ ကျင့်သုံးနိုင်သော အခွင့်အာဏာများနှင့် လုပ်ပိုင်ခွင့်များ၊ ဖွဲ့စည်းတည်ထောင်ခြင်း ဆိုင်ရာ စာတမ်းအမှတ်အသားများ သို့မဟုတ် သင်းဖွဲ့ စည်းမျဉ်းများ နှင့် သင်းဖွဲ့မှတ်တမ်းများအရ အဖွဲ့အစည်း၊ ၎င်း၏ဒါရိုက်တာနှင့် အစုရှယ်ယာပိုင်ရှင်များ၏ လုပ်ပိုင်ခွင့်များကို အုပ်ချုပ်သူသို့ အခွင့် အာဏာအပ်နှင်းစေရမည်။

(ဃ) အမိန့်စာအတည်ဖြစ်နေသည့် ကာလတစ်လျှောက်လုံးတွင် ဘဏ်၏မည်သည့် ဒါရိုက်တာ ၊ အမှု ဆောင်အရာရှိ သို့မဟုတ် အရာရှိမျှ အုပ်ချုပ်သူက တာဝန်ပေးသည့် သို့မဟုတ် လုပ်ပိုင်ခွင့်ပေးသည့် ကိစ္စမှအပ ဘဏ်နှင့်စပ်လျဉ်းသော အလုပ်တွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ပတ်သက် ခြင်း မရှိစေရ။

(င) အုပ်ချုပ်သူကစာဖြင့် အတည်ပြုချက်ပေးသည့် ကိစ္စမှအပ မည်သည့် ဒါရိုက်တာ ၊ အမှုဆောင်အရာရှိ သို့မဟုတ် အရာရှိကိုမျှ လစာစရိတ်ခံစားခွင့်မရှိစေရ။

အုပ်ချုပ်သူ၏ ပြုပြင်ရေးဆောင်ရွက်ချက်များ

၁၀၀။ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ၊ အထူး ကုမ္ပဏီအက်ဥပဒေ နှင့် အခြားတည်ဆဲ ဥပဒေများ တွင် မည်သို့ပင် ပါရှိစေကာမူ အုပ်ချုပ်သူသည် ဗဟိုဘဏ်၏ အတည်ပြုချက်ဖြင့် ဘဏ်အားပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် အောက်ပါ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ဆောင်ရွက်ရမည်-

(က) နိုင်ငံတော်တွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ ဘဏ်၏ လုပ်ငန်းဆောင်ရွက်ချက်များ၏ မည်သည့် အစိတ်အပိုင်းကိုမဆို ရပ်ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊

(ခ) ဘဏ်၏ ရရန်ပိုင်ခွင့်များကို အခြားဘဏ် သို့မဟုတ် ဥပဒေအရဖွဲ့စည်းသော အဖွဲ့အစည်းသို့ ဗဟို ဘဏ်က သတ်မှတ်ပေးသော စည်းကမ်းချက်အတိုင်း ရောင်းချခြင်း၊

(ဂ) ဘဏ်၏ အရာရှိများ၊ ဝန်ထမ်းများကို အလုပ်မှရပ်စဲခြင်း သို့မဟုတ် ၎င်းတို့ကို အစားထိုးခန့်ထား ခြင်း၊

(ဃ) ပုဒ်မခွဲ (ဂ)ပါ ပုဂ္ဂိုလ်များသည် နိုင်ငံတော်ပိုင်ဘဏ်များမှ ပုဂ္ဂိုလ်များဖြစ်လျှင် သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းသို့ လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန် အကြောင်းကြားခြင်း၊

(င) အုပ်ချုပ်သူက ဘဏ်တစ်ခုသည် အခြားဘဏ်နှင့် ပူးပေါင်းရန် လိုအပ်သည်ဟု စဉ်းစားဆုံးဖြတ် သည့်အခါ ပူးပေါင်းရန်အစီအစဉ်ကို ဆောင်ရွက်ခြင်း၊

(စ) မတည်ငွေရင်းကို တိုးမြှင့်ခြင်းနှင့် အစုရှယ်ယာပိုင်ရှင်သစ်များသို့ ရောင်းချခြင်းနှင့် ဒါရိုက်တာအဖွဲ့ ကိုပြန်လည် ဖွဲ့စည်းခြင်းဖြင့် ဘဏ်ကို ပြင်ဆင်ဖွဲ့စည်းတည်ထောင်ခြင်း၊

(ဆ) ငွေအပ်နှံသူများအကျိုးငှာ အုပ်ချုပ်သူက စဉ်းစားချင့်ချိန်သည့် နည်းလမ်းအတိုင်း ဘဏ်ကိုပြန် လည်တည်ထောင်ခြင်း၊ အကျိုးအမြတ်မရှိနိုင်သော လုပ်ငန်းများကို ပိတ်သိမ်းခြင်း အပါအဝင်ဘဏ်ကို ဖြစ်စေ၊ ၎င်း၏စီမံအုပ်ချုပ်မှုအဖွဲ့ကိုဖြစ်စေ ပြန်လည်ဖွဲ့စည်းခြင်း၊

(ဇ) ဘဏ်ကိုပြန်လည်ထူထောင်ရန် ဗဟိုဘဏ်က အတည်ပြုပေးသည့် အခြားနည်လမ်း ကိစ္စရပ်များကို ဆောင်ရွက်ခြင်း။

အုပ်ချုပ်သူ၏ အစီရင်ခံစာ

၁၀၁။ (က) ဗဟိုဘဏ်က အုပ်ချုပ်သူခန့်ထားသည့် သတ်မှတ်ကာလအတွင်း ဘဏ်၏ အုပ်ချုပ်သူ သည် ထိုအဖွဲ့အစည်း၏ ဘဏ္ဍာရေးအခြေအနေနှင့် အနာဂတ်ရည်မှန်းချက်များအတွက် အစီရင်ခံစာတစ် စောင်ကို ပြုစုပြီး ဗဟိုဘဏ်သို့ တင်ပြရမည်။

(ခ) အုပ်ချုပ်သူသည် ၎င်း၏ အစီရင်ခံစာတွင် ဘဏ်ကို စာရင်းရှင်းလင်းဖျက်သိမ်းရာ၌ ရရှိနိုင်သည့် ရရန်ပိုင်ခွင့်များ ပမာဏ ပါရှိစေရမည်။

(ဂ) အစီရင်ခံစာတွင် အဆိုပြုအောက်ပါအရေးယူဆောင်ရွက်မှု အစီအစဉ်ကို ဆောင်ရွက်ရာ၌ ကုန်ကျ စရိတ်နှင့် အကျိုးအမြတ် များ ပူးတွဲပါဝင်စေရမည်-

(၁) အရေးယူဆောင်ရွက်မှု အစီအစဉ်ကို လိုက်နာဆောင်ရွက်ရာ၌ ဘဏ်သို့ပြန်လည်အပ်နှံရမည့် အစီ အစဉ်၊

(၂) ဤဥပဒေ အခန်း(၁၅)အရ ဘဏ်ကို ပြန်လည်ထူထောင်မှု အစီအစဉ်၊

(၃) ဤဥပဒေ အခန်း(၁၇)အရ မိမိဆန္ဒအလျောက် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း အစီအစဉ်၊

(၄) ဘဏ်၏ လိုင်စင်ကိုဖျက်သိမ်းခြင်းနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း အစီအစဉ် နှင့်

(၅) ဘဏ်အနေဖြင့် လူမွဲစာရင်းခံယူမှုစတင်ရန်  ဆောင်ရွက်ခြင်း။

အုပ်ချုပ်သူအဖြစ်မှ ရပ်စဲခြင်း

၁၀၂။ (က) အုပ်ချုပ်သူအဖြစ် ခန့်ထားခြင်းကို အောက်ပါတို့အနက် စောရာကာလ၌ ရပ်စဲစေရမည်-

(၁) အုပ်ချုပ်သူအား ခန့်အပ်မှုတွင် ဖော်ပြထားသည့် အချိန်ကာလ သို့မဟုတ် ထပ်တိုး အချိန်ကာလ ကုန်ဆုံးသည့်ရက်၊

(၂) ဗဟိုဘဏ်က ရပ်စဲရန် ဆုံးဖြတ်သည့်ရက်၊

(၃) တရားရုံးက ရပ်စဲရန် ဆုံးဖြတ်သည့်ရက်၊

(ခ) အုပ်ချုပ်သူသည် ခန့်ထားမှုရပ်စဲသည့်ရက်မှ အလုပ်လုပ်ရက် ၂၀ ရက်အတွင်း အုပ်ချုပ်သူအဖြစ် ဆောင်ရွက်ချက် အပြီးသတ် အစီရင်ခံစာကို ဗဟိုဘဏ်သို့ တင်ပြရမည်။

၁၀၃။ အုပ်ချုပ်သူက စီမံခန့်ခွဲရမည့် ကာလအတွင်း ဗဟိုဘဏ်သည် သက်ဆိုင်ရာ ငွေရေးကြေးရေး အဖွဲ့အစည်းအား ငွေကြေးလွယ်ကူမှု ယာယီလျော့နည်းခြင်းကို ဖြည့်ဆည်းရန် စည်းကမ်းချက် သတ်မှတ် ၍ ငွေချေးခြင်းဖြင့် ငွေကြေးပံ့ပိုးမှု ပြုနိုင်သည်။