အခကြေးငွေ၊ ကုန်ကျစရိတ် အစရှိသည်များ ပြန်လည်ရယူကောက်ခံခြင်း
၁၄၅။ (က) သက်ဆိုင်ရာဘဏ်ထံမှ ဗဟိုဘဏ်သည် အောက်ပါတို့ကို ကြွေးမြီတစ်ရပ်အဖြစ် ပြန်လည်ရ ယူကောက်ခံခွင့် ရှိစေရမည်-
(၁) ပုဒ်မ ၁၄၊ ပုဒ်မခွဲ (ခ)အရ ပေးချေရမည့် အခကြေးငွေတစ်ရပ်ရပ်၏ ငွေပမာဏ၊
(၂) ဘဏ်က အောက်ဖော်ပြပါ ပုဂ္ဂိုလ်တစ်ဦးဦးအား ပေးချေရမည့် အခကြေးငွေနှင့် ကုန်ကျစရိတ် တစ်ရပ်ရပ်-
(ကက) ခန့်အပ်သည့် စာရင်းစစ်၊
(ခခ) ပုဒ်မ ၉၆ ၊ ပုဒ်မခွဲ (က) ၊ ပုဒ်မခွဲငယ် (၁၈)အရ ခန့်အပ်သည့် အုပ်ချုပ်သူ တစ်ဦး၊
(၃) ဤဥပဒေအရ ဘဏ်ကပေးချေရမည့် ငွေရေးကြေးရေး ပြစ်ဒဏ်တစ်ရပ်ရပ်။
(ခ) ဤပုဒ်မအရ ပြန်လည်ရရှိမည့် ဒဏ်ကြေးငွေတစ်ရပ်ရပ်ကို ပြန်လည်ရရှိရန် ဆောင်ရွက်မှုသည် ထိုသို့ ဆောင်ရွက်သည့်နေ့မှ ခြောက်နှစ်ထက် မကျော်လွန်စေရ။
ဘဏ်ပိတ်ရက်များ ကြေညာခြင်း
၁၄၆။ (က) ဗဟိုဘဏ်သည် နေ့တစ်နေ့နေ့ သို့မဟုတ် နေ့များကို ဘဏ်ပိတ်ရက် သို့မဟုတ် ဘဏ်ပိတ် ရက်များအဖြစ် မည်သည့် အချိန်တွင်မဆို အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ကြေညာနိုင်သည်။
(ခ) ပုဒ်မခွဲ (က)အရ ဘဏ်ပိတ်ရက်အဖြစ် ကြေညာထားသည့် နေ့တွင် ဗဟိုဘဏ်၏ ခွင့်ပြုချက် မရဘဲ နိုင်ငံတော်ရှိ မည်သည့်ဘဏ်မျှ လုပ်ငန်းဆောင်ရွက်ခြင်းမပြုရ။
၁၄၇။ (က) ဗဟိုဘဏ်နှင့် စပ်လျဉ်း၍ တရားစွဲဆိုတင်သွင်းလာသော အမှုတစ်ခုခုကို စီရင်ပိုင်ခွင့် အာဏာရှိသည့် တရားရုံးတစ်ခုခုသည် ဗဟိုဘဏ်ကသော်လည်းကောင်း သို့မဟုတ် ဗဟိုဘဏ်၏ ကိုယ် စားဆောင်ရွက်ရန် ဗဟိုဘဏ်ကခန့်အပ်ထားသော ပုဂ္ဂိုလ်တစ်ဦးဦး၊ ဗဟိုဘဏ်၏ဝန်ထမ်း သို့မဟုတ် ကိုယ် စားလှယ်တစ်ဦးဦးက သော်လည်းကောင်း တရားရုံးရှေ့၌ ကြားနာရာ၌ အရေးယူဆောင် ရွက်မှုတစ်ခုနှင့် စပ်လျဉ်းသည့် အောက်ဖော်ပြပါ တို့ကို သုံးသပ်ရမည်-
(၁) ဗဟိုဘဏ်က ၎င်း၏ဥပဒေအရ လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်ခြင်းရှိမရှိ၊
(၂) ဗဟိုဘဏ်က ဆုံးဖြတ်ရာတွင် လိုက်နာကျင့်သုံးသည့် လုပ်ထုံးလုပ်နည်းများသည် ဤဥပဒေအရ ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများနှင့် ကွဲလွဲပြီး ဆောင်ရွက်ခြင်း ရှိမရှိ၊
(၃) ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာ သို့မဟုတ် ထုတ်ပြန်သည့် လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများသည် ဤဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ၊
(၄) ဗဟိုဘဏ်၏ ဆုံးဖြတ်ချက်သည် ဤဥပဒေ သို့မဟုတ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ၏ ပြဋ္ဌာန်း ချက်များနှင့် သိသာထင်ရှားစွာ ဆန့်ကျင်ခြင်း ရှိမရှိ။
(ခ) အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ဆိုစေကာမူ ဗဟိုဘဏ်က အရေးယူဆောင်ရွက်ချက် တစ်ရပ်ရပ်သည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို တရားစွဲဆိုသည့် ကာလအတောအတွင်း ဆိုင်းငံ့ခြင်း သို့မဟုတ် ကန့်သတ်ခြင်းမရှိစေဘဲ ဆက်လက်၍ အကျိုးသက်ရောက်မှုရှိနေရမည် သို့တည်းမဟုတ် အယူ ခံပိုင်ခွင့်၊ ထပ်မံအယူခံပိုင်ခွင့် သို့တည်းမဟုတ် အယူခံခြင်းနှင့် စပ်လျဉ်း၍ အခြားတရားစွဲဆို ဆောင်ရွက် မှုရှိစေရမည်။
(ဂ) ဗဟိုဘဏ်ကပြုလုပ်သည့် အရေးယူဆောင်ရွက်မှုတစ်ခုခုအပေါ် တရားရုံးတစ်ရုံးရုံးက သက်သာခွင့် သို့မဟုတ် ပြင်ဆင်ခြင်း ပြုလုပ်ပါက ငွေကြေးဖြင့်သာ ပေးလျော်စေရမည်။
(ဃ) ဗဟိုဘဏ်အပေါ်ဖြစ်စေ၊ ပုဒ်မခွဲ (က)တွင် ရည်ညွှန်းဖော်ပြသည့် ပုဂ္ဂိုလ်တစ်ဦးဦးအပေါ်ဖြစ်စေ အရေးယူဆောင်ရွက်မှု သို့မဟုတ် တရားစွဲဆိုမှုတစ်ခုခုကို သက်ဆိုင်ရာစီရင်ပိုင်ခွင့်ရှိသော တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တွင်သာ စတင်စွဲဆိုရမည်။
အချို့သော လွှဲပြောင်းခြင်းများအတွက် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်များ
၁၄၈။ ဘဏ် သို့မဟုတ် ယင်းဘဏ်၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုခု၏ အစုရှယ်ယာများနှင့် ရရန်ပိုင် ခွင့်များကို လွှဲပြောင်းခြင်းအတွက်သော်လည်းကောင်း၊ ပုဒ်မ ၁၀၇ အရ ဘဏ်၏ အစုရှယ်ယာများနှင့် ရရန်ပိုင်ခွင့်များကို ဗဟိုဘဏ်၏ ခွင့်ပြုချက်အရ ရောင်းချခြင်း သို့မဟုတ် ထုခွဲလွှဲပြောင်းခြင်း အတွက်သော်လည်းကောင်း တည်ဆဲတံဆိပ်ခေါင်းခွန် သို့မဟုတ် အခွန်ဥပဒေအရ ကင်းလွတ် ခွင့်ရ ရှိ လိုပါက ဝန်ကြီးဌာနသို့ လျှောက်ထားရမည်။