အီလက်ထရောနစ် စာတမ်းအမှတ်အသားများကို မှန်ကန်ကြောင်း သက်သေခံထင်ရှားစေခြင်း
၁၄၉။ သက်သေခံအက်ဥပဒေ၌ မည်သို့ပင် ပြဋ္ဌာန်းချက်များပါရှိစေကာမူ အီလက်ထရောနစ်စာတမ်း အမှတ်အသားကို သက်သေခံချက်အဖြစ် တင်သွင်းလိုသူ မည်သူမဆို အီလက်ထရောနစ် စာတမ်းအမှတ်အသားသည် တွေ့ရှိချက်ကို အထောက်အကူပြုနိုင်သည့် သက်သေခံချက်ဖြင့် ယင်း၏မှန်ကန်မှုကို သက်သေပြ ရန် တာဝန်ရှိသည်။
အီလက်ထရောနစ်စာတမ်းအမှတ်အသားများအတွက် သက်သေခံရမည့် နည်းလမ်းများ
၁၅၀။ (က) အောက်ပါနည်းလမ်းတစ်ရပ်ရပ်နှင့် ညီညွတ်သော အီလက်ထရောနစ် စာတမ်းအမှတ်အသား ကို အကောင်းဆုံး သက်သေခံချက်နည်းလမ်းအဖြစ် လက်ခံနိုင်သည်-
(၁) အီလက်ထရောနစ် စာတမ်းအမှတ်အသားတွင် မှတ်တမ်းတင်ခြင်း သို့မဟုတ် သိမ်းဆည်းခြင်းပြု ထားသော အီလက်ထရောနစ်စာတမ်းအမှတ်အသားများစနစ်၏ ယုံကြည်စိတ်ချရမှုကို သက်သေ ပြ သခြင်း၊
(၂) အခိုင်အမာ သက်သေထင်ရှားပြသထားသည်ဟု မှတ်ယူခြင်း။
(ခ) ပုဒ်မခွဲ (က)တွင် မည်သို့ပင်ဆိုစေကာမူ ဆန့်ကျင်ကွဲလွဲသည့် သက်သေခံချက် မတင်ပြနိုင်သည့်ကိစ္စ ၌ ပုံနှိပ်စက်မှ ထုတ်ပေးသောစာသည် မှတ်တမ်းတင်သည့် သို့မဟုတ် သိမ်းဆည်းသည့် သတင်းအချက် အလက် မှတ်တမ်းတစ်ခုအဖြစ် ထင်ရှားစွာ သို့မဟုတ် လိုက်လျောညီစွာ ပြုလုပ်ထားလျှင် ထိုသို့ထုတ် ပေးသော အီလက်ထရောနစ်စာတမ်း အမှတ်အသားစာသည် အကောင်းဆုံးသက်သေခံနည်းလမ်းအဖြစ် ကျေနပ်လက်ခံနိုင်သည်။
အီလက်ထရောနစ် စာတမ်းအမှတ်အသား၏ မှန်ကန်မှုကို အသိအမှတ်ပြုခြင်း
၁၅၁။ ဆန့်ကျင်ကွဲလွဲ၍ သက်သေခံချက် မတင်ပြနိုင်သည့်ကိစ္စတွင် မှတ်တမ်းတင်ထားသည့် သို့မဟုတ် သိမ်းဆည်းထားသည့် အီလက်ထရောနစ်စာတမ်း အမှတ်အသားများစနစ်၏ မှန်ကန်မှုကို အောက်ပါ အထောက်အထားတစ်ရပ်ရပ်ဖြင့် သက်သေထင်ရှား ပြနိုင်သည်-
(က) အီလက်ထရောနစ်စာတမ်းအမှတ်အသားစနစ်တွင် အသုံးပြုသည့် ကွန်ပျုတာစနစ် သို့မဟုတ် အခြားအလားတူ ပစ္စည်းကိရိယာတို့သည် စနစ်တကျလည်ပတ်နေကြောင်း သို့မဟုတ် ပုံမှန်လည်ပတ် ခြင်းမရှိသော်လည်း အီလက်ထရောနစ် စာတမ်းအမှတ်အသား၏ မှန်ကန်မှုကို ထိခိုက်မှုမရှိကြောင်းနှင့် သံသယရှိစေသည့် အထောက်အထားမရှိသည်ကို သက်သေ ထင်ရှား ပြသခြင်း၊
(ခ) အီလက်ထရောနစ်စာတမ်းအမှတ်အသားကို တင်သွင်းလိုသော ပုဂ္ဂိုလ်၏ အကျိုးစီးပွားနှင့် ဆန့်ကျင်သောပုဂ္ဂိုလ်က မှတ်တမ်းတင်ထားသည့် သို့မဟုတ် သိမ်းဆည်းထားသည့် အီလက်ထရောနစ် စာတမ်းအမှတ်အသား ဖြစ်ခြင်း၊
(ဂ) အီလက်ထရောနစ်စာတမ်းအမှတ်အသားမှာ တင်သွင်းလိုသော ပုဂ္ဂိုလ်၏ကြီးကြပ်မှုအရ မှတ်တမ်း တင်ခြင်း သို့မဟုတ် သိမ်းဆည်းခြင်းမပြုဘဲ ပုဂ္ဂိုလ်တစ်ဦးက ၎င်း၏ပုံမှန်နှင့် သာမန်လုပ်ငန်းတွင် မှတ်တမ်းတင်ထားသော သို့မဟုတ် သိမ်းဆည်းထားသော အီလက်ထရောနစ် စာတမ်းအမှတ်အသား ဖြစ်ခြင်း။
ထည့်သွင်းစဉ်းစားရမည့် စံနှုန်းများ
၁၅၂။ (က) တရားရုံးတစ်ရုံးသည် အီလက်ထရောနစ်စာတမ်းအမှတ်အသားကို သက်သေခံအဖြစ် လက်ခံ နိုင်မခံနိုင်ဆိုသည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ ဥပဒေ၏ နည်းဥပဒေတစ်ရပ်ရပ်အရ ဆုံးဖြတ်ရန်အလို့ငှာ သက် သေခံချက်ကို အီလက်ထရောနစ် စာတမ်းအမှတ်အသား၏သဘောသဘာဝနှင့် ရည်ရွယ်ချက်၊ အီလက် ထရောနစ်စာတမ်းအမှတ်အသားကို အသုံးပြုသော သို့မဟုတ် မှတ်တမ်းတင်သော သို့မဟုတ် သိမ်းဆည်းသော လုပ်ငန်း သို့မဟုတ် စီးပွားရေးလုပ်ငန်း သို့မဟုတ် ကြိုးပမ်းအားထုတ်မှုပုံစံနှင့် ပတ်သက်မှုရှိခြင်း၊ အီလက်ထရောနစ်စာတမ်းအမှတ်အသားများကို မှတ်တမ်းတင်စေရန် သို့မဟုတ် သိမ်းဆည်း စေရန်နည်းလမ်းနှင့်သက်ဆိုင်သောစံနှုန်း၊ လုပ်ထုံးလုပ်နည်း၊ အလေ့အထ သို့မဟုတ် အလေ့အကျင့်တစ်ရပ်ရပ် ကိုတင်ပြခြင်းဖြင့် သက်သေခံအဖြစ် လက်ခံနိုင်သည်။
(ခ) အီလက်ထရောနစ်စာတမ်းအမှတ်အသားဖြင့် ဖော်ပြသော သတင်းအချက်အလက်တွင် ကိန်းဂဏန်း အချက်အလက်များ၊ စာသားများ၊ အသံများ၊ သင်္ကေတများ၊ ကွန်ပျုတာအစီအစဉ်များ၊ ကွန်ပျုတာ ညွှန်ကြားချက်များ သို့မဟုတ် ကွန်ပျုတာထဲတွင် အသင့်သုံးနိုင်ရန် ထည့်ထားသော အချက်အလက်များ ပါဝင်သည်။