၅။ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ ဗဟိုဘဏ်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) လိုင်စင်ထုတ်ပေးခြင်း၊
(ခ) မှတ်ပုံတင်ပေးခြင်း၊ အတည်ပြုခြင်းနှင့် လုပ်ပိုင်ခွင့်အပ်နှင်းခြင်း၊
(ဂ) ဘဏ်နှင့်ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအား ဤဥပဒေနှင့်အညီ ကြပ်မတ် ကွပ်ကဲခြင်းနှင့်ကြီးကြပ် စစ်ဆေးခြင်း၊
(ဃ) ဘဏ်နှင့်ဘဏ် မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအား ဤဥပဒေအရ ထုတ်ပြန်ထား သော အမိန့်၊ စည်းမျဉ်း၊ ညွှန်ကြားချက်နှင့် လမ်းညွှန်ချက်များကို လိုက်နာစေခြင်း၊
(င) ဘဏ်နှင့်ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းအား သတ်မှတ်ချက်များနှင့်အညီ သတင်း အချက်အလက်များနှင့် ကာလအလိုက် အစီရင်ခံစာများကို ဗဟိုဘဏ်သို့ တင်ပြစေခြင်း၊
(စ) ဘဏ်လုပ်ငန်းစနစ်နှင့် ငွေပေးချေမှုစနစ်တွင် ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုရယူသူ အကာ အကွယ်ပေးမှုကို ဖော်ဆောင်မြှင့်တင်ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း၊
(ဆ) ဤဥပဒေနှင့်အညီအပ်နှင်းသည့် အခြားလုပ်ပိုင်ခွင့်များ။
၆။ ဗဟိုဘဏ်သည် ဤဥပဒေပါ မိမိ၏လုပ်ငန်းတာဝန်တစ်ရပ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင်-
(က) မိမိ၏ဝန်ထမ်းတစ်ဦးဦးကို သတ်မှတ်ချက်များနှင့်အညီ လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
(ခ) မိမိ၏ ဝန်ထမ်းမဟုတ်သူ တစ်ဦးဦးကို ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်တစ်ရပ်ရပ်ကို ဆောင်ရွက်ရန် ဖြစ်စေ၊ လုပ်ပိုင်ခွင့် တစ်ခုခုကို ကျင့်သုံးရန်ဖြစ်စေ၊ တာဝန်တစ်ရပ်ရပ်ကို ထမ်းဆောင်ရန်ဖြစ်စေ ဗဟို ဘဏ်ဒါရိုက်တာအဖွဲ့က သတ်မှတ်ချက်ဖြင့် ခန့်အပ်နိုင်သည်။
၇။ ဗဟိုဘဏ်သည် မိမိ၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင်-
(က) ဤဥပဒေနှင့်အကျုံးမဝင်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအား ကြပ်မတ်ကွပ်ကဲသည့် အဖွဲ့ အစည်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ အခြားငွေရေးကြေးရေး ကြပ်မတ်ကွပ်ကဲသည့် အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။ ဘဏ်များ သို့မဟုတ် ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့ အစည်းများနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ ဖလှယ်နိုင်သည်။
(ခ) ငွေရေးကြေးရေး စနစ်လုံခြုံမှုနှင့် ခိုင်မာမှုရှိစေရန် အခြားငွေရေးကြေးရေး ကြပ်မတ်ကွပ်ကဲသည့် အဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာနှင့် အခြားသင့်လျော်သည့် စာချုပ်များ ချုပ်ဆိုနိုင်သည်။
(ဂ) နိုင်ငံခြားဘဏ်များ၏ ဘဏ်ခွဲများနှင့် နိုင်ငံခြားဘဏ်များ သို့မဟုတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူက အဓိက အကျိုးစီးပွားပိုင်ဆိုင်မှုရှိသည့် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများကို ကြပ်မတ်ကွပ်ကဲခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်းပြုရာတွင် ဗဟိုဘဏ်သည် ပြည်ပမှသက်ဆိုင်ရာ ကြပ်မတ်ကွပ်ကဲသည့် အဖွဲ့အစည်းများနှင့် လိုအပ်သည့် သတင်းအချက်အလက်များကို အချိန်နှင့်တစ် ပြေးညီ ဖလှယ်နိုင်ရေးအတွက် အပြန်အလှန်ဆောင်ရွက်မှု အခြေခံဖြင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။
(ဃ) ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ ချုပ်ဆိုနိုင်ပြီး ယင်းပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များတွင် နားလည်မှုစာချွန်လွှာနှင့် အခြားအစီအစဉ်များအရ ရရှိသော သတင်းအချက်အလက်များကို လျှို့ဝှက် ထားရှိရန် အချက်ပါရှိရမည်။