• +95-67(3)408505
  • mmcc.office@commerce.gov.mm
ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ
Download : Myanmar / English
အခန်း(၅) လိုင်စင်

၈။ (က) ဤဥပဒေအရ ဘဏ်လုပ်ငန်းလုပ်ကိုင်လိုသူသည် လိုင်စင်ရရှိရန် ဗဟိုဘဏ်သို့ သတ်မှတ်ပုံစံဖြင့် အောက်ပါ စာတမ်းအမှတ်အသားများ ပူးတွဲ၍ လျှောက်ထားရမည်-

(၁) နိုင်ငံတော်တွင် ဥပဒေနှင့်အညီ ဖွဲ့စည်းထားသော ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ကြောင်း စာတမ်းအမှတ်အသား၊

(၂) အဆိုပြုလျှောက်ထားသူ၏ သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်း မိတ္တူတစ်စောင်နှင့် ယင်း၏ ဖွဲ့စည်း ခြင်းဆိုင်ရာ အခြား စာတမ်းအမှတ်အသားတစ်ခုခု၊

(၃) အဓိက စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် အဆိုပြုနေရာနှင့် အဆိုပြုဘဏ်၏ရုံးခွဲများ၊

(၄) လျှောက်ထားသူ၏ စာရင်းစစ်ဆေးပြီးသော ငွေစာရင်းရှင်းတမ်းများနှင့် အရှုံးအမြတ်စာရင်း မိတ္တူ များ၊

(၅) အဆိုပြုအဖွဲ့အစည်း၏ ခွင့်ပြုမတည်ငွေရင်းနှင့် ထည့်ဝင်ပြီးမတည်ငွေရင်း၊

(၆) အဆိုပြုအဖွဲ့အစည်းအတွက် ဆောင်ရွက်မည့် လုပ်ငန်းအမျိုးအစား သတ်မှတ်ဖော်ပြချက်နှင့် ဖွဲ့စည်း တည်ဆောက်ပုံ ဖော်ပြချက်၊

(၇) အဆိုပြုအဖွဲ့အစည်းတွင် အဓိကကျသည့် အကျိုးစီးပွားရှိသူ ပိုင်ရှင်၏ အရည်အချင်းနှင့် အတွေ့ အကြုံများ၊ စီးပွားရေးလုပ်ငန်း သို့မဟုတ် အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုနှင့် ငွေရေးကြေးရေး အခြေအနေ၊

(၈) အဆိုပြုအဖွဲ့အစည်း၏ ဒါရိုက်တာများနှင့် အမှုဆောင်အရာရှိချုပ်တို့၏ အရည်အချင်းနှင့် အတွေ့ အကြုံများ၊

(၉) လျှောက်ထားသူက မိမိနှင့်ဒါရိုက်တာများ၊ အမှုဆောင်အရာရှိချုပ်၊ လုပ်ငန်းတွဲဖက် သက်ဆိုင်သူများ၏ ငွေရေးကြေးရေး၊ ပြစ်မှုကင်းရှင်းကြောင်းနှင့် လုပ်ငန်းကျွမ်းကျင်မှု နောက်ကြောင်း ကို ဗဟိုဘဏ်က စုံစမ်းစစ်ဆေးရေးအတွက် ခွင့်ပြုသည့် ခွင့်ပြုချက်၊

(၁၀) အဆိုပြုအဖွဲ့အစည်း၏ ပိုင်ရှင်များ၊ ဒါရိုက်တာများနှင့် အမှုဆောင်အရာရှိချုပ်တို့က မိမိတို့နှင့် လုပ်ငန်းတွဲဖက် သက်ဆိုင်သူများ၏ ငွေရေးကြေးရေး၊ ပြစ်မှုကင်းရှင်းကြောင်းနှင့် လုပ်ငန်းကျွမ်းကျင်မှု နောက်ကြောင်းကို ဗဟိုဘဏ်က စုံစမ်းစစ်ဆေးရေးအတွက် ခွင့်ပြုသည့်ခွင့်ပြုချက်၊

(၁၁) ဗဟိုဘဏ်က စည်းမျဉ်းဖြင့်သတ်မှတ်သည့် အခြားအချက်အလက်များ။

(ခ) ဤဥပဒေပြဋ္ဌာန်းခြင်းမပြုမီက ဥပဒေတစ်ရပ်ရပ်ဖြင့် တည်ထောင်ခဲ့သော နိုင်ငံတော်ပိုင်ဘဏ်များ သည် ဤဥပဒေအရ လိုင်စင်ပြန်လည်လျှောက်ထားခြင်းကို ပုဒ်မ ၁၇၆ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင် ရွက်ရမည်။

၉။ နိုင်ငံခြားဘဏ်တစ်ခုခုသည် နိုင်ငံတော်တွင် မိမိ၏လက်အောက်ခံဘဏ် သို့မဟုတ် ဘဏ်ခွဲတစ်ခုခု ဖွင့်လှစ်တည်ထောင်၍ ဘဏ်လုပ်ငန်းလုပ်ကိုင်နိုင်ရေးအတွက် လိုင်စင်ရရှိရန် ဗဟိုဘဏ်သို့ သတ်မှတ်ပုံစံ ဖြင့် လျှောက်ထားရမည်။ ယင်းသို့ လျှောက်ထားရာတွင် ပုဒ်မ ၈ ပါ စာတမ်းအမှတ်အသားများ အပြင် အောက်ပါစာတမ်း အမှတ်အသားများကိုပါ ပူးတွဲတင်ပြရမည်-

(က) အပြည်ပြည်ဆိုင်ရာ မြီရှင်အဆင့်သတ်မှတ်သည့် အေဂျင်စီတစ်ခုက မြီရှင်အဆင့် သတ်မှတ်သည့် အစီရင်ခံစာ (Credit rating report) ၊

(ခ) မတည်ငွေရင်း အခြေအနေဖော်ပြချက်နှင့် စုစုပေါင်းရရန်ပိုင်ခွင့်နှင့် မတည်ငွေရင်းအရ မိခင်နိုင်ငံ၌ လည်းကောင်း၊ ကမ္ဘာလုံး ဆိုင်ရာ၌လည်းကောင်း မိမိဘဏ်၏ အဆင့်သတ်မှတ်ချက်၊

(ဂ) နိုင်ငံခြားဘဏ်က နိုင်ငံတော်ရှိ မိမိ၏လက်အောက်ခံဘဏ် သို့မဟုတ် ဘဏ်ခွဲ၏ လုပ်ငန်းဆောင် ရွက်မှုများနှင့် စပ်လျဉ်းသည့် တာဝန်များအားလုံးကို ကာမိစေမည့် ငွေကြေးရန်ပုံငွေ ထည့်ဝင်မည်ဖြစ် ကြောင်း ကတိပြုဝန်ခံစာ၊

(ဃ) နိုင်ငံခြားဘဏ်၏ အဓိကလုပ်ငန်းနေရာ တည်ရှိသည့်နိုင်ငံ၏ ဘဏ်လုပ်ငန်း ကြပ်မတ်ကွပ်ကဲသူက အောက်ပါအချက်များအတွက် ထောက်ခံစာ-

(၁) နိုင်ငံခြားဘဏ်သည် ထိုနိုင်ငံတွင် ဘဏ်လုပ်ငန်းလုပ်ကိုင်ရန် တရားဝင်လိုင်စင် ရရှိထားကြောင်း၊

(၂) နိုင်ငံခြားဘဏ်ကို ထိုနိုင်ငံ၏ ဥပဒေအရ နိုင်ငံတော်တွင် လက်အောက်ခံဘဏ် သို့မဟုတ် ဘဏ်ခွဲ ဖွင့်လှစ်လုပ်ကိုင်ရန် ခွင့်ပြုထားကြောင်း၊

(၃) နိုင်ငံခြားဘဏ်၏ ဒါရိုက်တာ သို့မဟုတ် အရာရှိသည် ထိုရာထူးအတွက် သင့်လျော်မှန်ကန်မှု မရှိ သည့် အချက်အလက်များ မတွေ့ရှိရကြောင်း။

၁၀။ (က) ဗဟိုဘဏ်သည် ပုဒ်မ ၈ နှင့် ၉ တို့အရ လျှောက်ထားသည့် လိုင်စင်လျှောက်လွှာကို စိစစ်၍ သတ်မှတ်ချက်များနှင့် ပြည့်စုံကြောင်း တွေ့ရှိရပါက လိုင်စင်လျှောက်ထားချက်ကို ခွင့်ပြုနိုင်သည်။

(ခ) ဗဟိုဘဏ်သည် အောက်ပါအခြေအနေတစ်ရပ်ရပ် ပေါ်ပေါက်ကြောင်းတွေ့ရှိလျှင် လျှောက်လွှာကို ငြင်းပယ်ရမည်-

(၁) ဤဥပဒေပါ လိုင်စင်ထုတ်ပေးရန် လိုအပ်ချက်များနှင့် မပြည့်စုံခြင်း၊

(၂) လိုင်စင်လျှောက်လွှာတွင် ပါရှိသည့် သတင်းအချက်အလက်ဖြစ်စေ၊ ယင်းနှင့် ဆက်စပ်၍ ပူးတွဲ တင်ပြသည့် သတင်းအချက်အလက် တစ်ရပ်ရပ်တွင်ဖြစ်စေ မှားယွင်းကြောင်း၊ လွဲမှားထင်မှတ်စေ ကြောင်း သို့မဟုတ် မတိကျကြောင်း တွေ့ရှိ ခြင်း၊

(၃) လျှောက်ထားသူသည် ဤဥပဒေ သို့မဟုတ် မြန်မာနိုင်ငံ၏ အခြားဥပဒေတစ်ရပ်ရပ်အရ လိုအပ် ချက်များကို လိုက်နာနိုင်ဖွယ်ရာမရှိကြောင်း ညွှန်ပြချက်ရှိသည်ဟု ဗဟိုဘဏ်က ဆုံးဖြတ်ခြင်း၊

(၄) အဆိုပြုအဖွဲ့အစည်းတွင် အဓိကကျသည့် အကျိုးစီးပွားရှိသူတစ်ဦးဦးက လျှောက်ထားသူအပေါ် ဩဇာလွှမ်းမိုးသောကြောင့် လျှောက်ထားသူ၏စီမံခန့်ခွဲမှုကို ထိခိုက်နိုင်ကြောင်း ဗဟိုဘဏ်ကဆုံးဖြတ် ခြင်း၊

(၅) လျှောက်ထားသူသည် အဖွဲ့အစည်းအုပ်စုတစ်စုနှင့် ဆက်နွှယ်နိုင်ခြေရှိပြီး ထိုအဖွဲ့အစည်းအုပ်စု သည် လျှောက်ထားသူ၏ စီမံခန့်ခွဲမှုကို ထိခိုက်လာနိုင်ကြောင်း သို့မဟုတ် ဗဟိုဘဏ်၏ ကြပ်မတ်ကွပ်ကဲ ခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်း တာဝန်ထမ်းဆောင်ရာတွင် အဟန့်အတား ဖြစ်စေကြောင်း ဗဟိုဘဏ်ကဆုံးဖြတ်ခြင်း၊

(၆) နိုင်ငံတော်၏ လက်ရှိစီးပွားရေးနှင့် ငွေရေးကြေးရေး အခြေအနေများအရ လျှောက်ထားသူ၏ လိုင် စင်လျှောက်ထားမှုကို ငြင်းပယ်သင့်ကြောင်း ဗဟိုဘဏ်က ဆုံးဖြတ်ခြင်း။

၁၁။ ဗဟိုဘဏ်သည်-

(က) ပြည့်စုံသည့် လျှောက်လွှာကိုရရှိပါက သတ်မှတ်ချက်များနှင့်အညီ ထပ်မံစိစစ်ပြီး လက်ခံရရှိသည့် နေ့ရက်မှ ခြောက်လထက် နောက်မကျစေဘဲ လျှောက်ထားသူအား လိုင်စင်ထုတ်ပေးမည်ဖြစ်ကြောင်း သို့မဟုတ် ငြင်းပယ်မည်ဖြစ်ကြောင်း စာဖြင့်ပြန်ကြား ရမည်။

(ခ) မပြည့်စုံသည့် လျှောက်လွှာကို လိုအပ်ချက်များ ထပ်မံလုပ်ဆောင်နိုင်ရန် ပြန်ပေးရမည်။ သတ်မှတ်ရက်အတွင်း လိုအပ်ချက်များ ပြည့်စုံအောင် ဆောင်ရွက်နိုင်ခြင်းမရှိသော လျှောက်ထားချက်နှင့် စပ်လျဉ်း၍ လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ကြောင်း စာဖြင့် ပြန်ကြားရမည်။

(ဂ) လျှောက်ထားချက်လက်ခံရန် ဆုံးဖြတ်ပါက လိုအပ်သော စည်းမျဉ်းစည်းကမ်းများကို သတ်မှတ် ဖော်ပြပေးရမည်။ ဗဟိုဘဏ်သည် ဘဏ်၏လုပ်ငန်းခိုင်မာတည်တံ့စွာ လုပ်ကိုင်ရေးကိုဖြစ်စေ၊ ငွေရေး ကြေးရေးစနစ်ကိုဖြစ်စေ၊ ဘဏ်သို့ ငွေအပ်နှံသူများ၏ အကျိုးစီးပွားကိုဖြစ်စေ ထိခိုက်နိုင်သည့် ကိစ္စရပ် တစ်ခုခုပေါ်ပေါက်လျှင် စည်းမျဉ်း၊ စည်းကမ်းတစ်ခုခုကို လိုအပ်သလို ပြောင်းလဲ ပြင်ဆင်နိုင်သည်။

(ဃ) ဗဟိုဘဏ်သည် လိုင်စင်ရဘဏ်များ၏ စာရင်းကို နှစ်စဉ်အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန် ကြေညာရမည်။

၁၂။ ဘဏ်လုပ်ငန်းဆောင်ရွက်သူသည် အောက်ပါအချက်များနှင့် ညီညွတ်ရမည်-

(က) မြန်မာနိုင်ငံတွင် ဥပဒေနှင့်အညီဖွဲ့စည်းထားသော ကုမ္ပဏီဖြစ်ပြီး ဗဟိုဘဏ်က ထုတ်ပေးသော တရားဝင်လိုင်စင် ရရှိထားခြင်း၊

(ခ) နိုင်ငံခြားဘဏ်၏ လက်အောက်ခံဘဏ် သို့မဟုတ် ဘဏ်ခွဲဖြစ်ပြီး ဗဟိုဘဏ်က ထုတ်ပေးထားသော တရားဝင်လိုင်စင် ရရှိထားခြင်း၊

(ဂ) ပုဒ်မ ၁၉ အရ ကင်းလွတ်ခွင့်ရရှိထားသူဖြစ်ခြင်း။

၁၃။ လိုင်စင်ရရှိထားသော ဘဏ်များသည်-

(က) ဗဟိုဘဏ်က သတ်မှတ်ထားသည့် လိုင်စင်ပါ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။

(ခ) လိုင်စင်ရရှိသည့်နေ့မှ တစ်နှစ်အတွင်း လုပ်ငန်းကို စတင်လုပ်ကိုင်ရမည်။

(ဂ) ဤဥပဒေအရ ခွင့်ပြုထားသည့် ဘဏ်လုပ်ငန်းများကို သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဆောင်ရွက်ခြင်း မှအပ အခြားမည်သည့်လုပ်ငန်းကိုမျှ ဆောင်ရွက်ခြင်း မပြုရ။

(ဃ) မိမိလိုင်စင်မိတ္တူတစ်စောင်ကို မိမိ၏လုပ်ငန်းနေရာတွင်သော်လည်းကောင်း၊ မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းလုပ်ဆောင်ရာ နေရာတိုင်းတွင်သော်လည်းကောင်း ထင်ရှားစွာပြသထားရမည်။

၁၄။ (က) ဗဟိုဘဏ်သည် ဘဏ်၏ကွဲပြားသော လုပ်ငန်းအတွက်ဖြစ်စေ၊ မတူညီသော အတန်းအစား၊ အမျိုးအစားများအတွက် ဖြစ်စေ ကွဲပြားသော လိုင်စင်ကြေးများကို သတ်မှတ်ထားရှိရမည်။

(ခ) လိုင်စင်ရရှိသော ဘဏ်များသည် လိုင်စင်ထုတ်ပေးသည့်နေ့၏ နှစ်ပတ်လည်နေ့မတိုင်မီ တစ်လ ထက် နောက်မကျစေဘဲ အောက်ပါတို့ကို ပေးဆောင်ရမည်-

(၁) လိုင်စင်ရရှိသည့်အခါ လိုင်စင်ကြေး၊

(၂) အဓိကလုပ်ငန်း လုပ်ဆောင်သည့်နေရာရှိ ရုံးချုပ်အပြင် နိုင်ငံတော်အတွင်းတွင် ရုံးတစ်ခုခု ဖွင့်လှစ် ခြင်း အတွက်အခကြေးငွေ၊

(၃) အဓိကလုပ်ငန်း လုပ်ဆောင်ရာနေရာရှိ ရုံးချုပ်အပါအဝင် ရုံးအသီးသီးအတွက် ထုတ်ပေးသော လိုင်စင်အတွက် နှစ်စဉ်ကြေး။

၁၅။ ဗဟိုဘဏ်သည် ဘဏ်တစ်ခုခုကို အောက်ပါအခြေအနေ တစ်ရပ်ရပ်ပေါ်ပေါက်လျှင် မိမိထုတ်ပေး ထားသော လိုင်စင်ကို ရုပ်သိမ်းနိုင်သည်-

(က) ဘဏ်များအတွက် ပြုပြင်သတ်မှတ်သည့် အနည်းဆုံးမတည်ငွေရင်းကို သတ်မှတ်ကာလအတွင်း ထည့်ဝင်ရန်ပျက်ကွက်ခြင်း၊

(ခ) လုပ်ငန်းဆုံးရှုံးမှုကြောင့် လျော့နည်းသွားသည့် အနည်းဆုံးမတည်ငွေရင်း လိုအပ်ချက်ကို သတ်မှတ် ကာလအတွင်း ပြည့်မီအောင် ဖြည့်တင်းရန် ပျက်ကွက်ခြင်း၊

(ဂ) တည်ဆဲဥပဒေများကို ဘဏ်အနေဖြင့် ဖောက်ဖျက်ခြင်းနှင့် ဗဟိုဘဏ်၏ သတ်မှတ်ချက်များကို သတ်မှတ်ကာလအတွင်း လိုက်နာရန် ပျက်ကွက်ခြင်း၊

(ဃ) မိမိဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း သို့မဟုတ် စာရင်းရှင်းလင်း ဖျက်သိမ်းခံရခြင်း သို့မဟုတ် လူမွဲအဖြစ်ခံယူခြင်း၊

(င) အခြားအဖွဲ့အစည်းတစ်ခုနှင့် ပူးပေါင်းဖွဲ့စည်းခြင်းကြောင့်ဖြစ်စေ၊ မိမိအဖွဲ့အစည်းကို ခွဲခြမ်းဖွဲ့စည်း ခြင်းကြောင့် ဖြစ်စေ မူလ တရားဝင်ရပ်တည်မှု ပျောက်ကွယ်သွားခြင်း၊

(စ) လိုင်စင်ကို ရုပ်သိမ်းခြင်းကြောင့် အမျိုးသားအကျိုးစီးပွားနှင့် ယင်းဘဏ်တွင် ငွေအပ်နှံသူများ အကျိုးစီးပွားကို ထိခိုက်နိုင်ခြင်းမရှိဟု ဗဟိုဘဏ်က ယုံကြည်ကျေနပ်မှုရှိခြင်း၊

(ဆ) ဘဏ်က လိုင်စင်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ မှားယွင်းသော သို့မဟုတ် အရေးကြီးသော အချက်တွင် လွဲမှားထင်ဟပ်စေသော သတင်းအချက်အလက်များပေးခြင်း၊

(ဇ) ဘဏ်သည် လိုင်စင်ရရှိသည့်နေ့ရက်မှ တစ်နှစ်အတွင်း ခွင့်ပြုထားသော ဆောင်ရွက်ချက်များကို စတင်ဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊

(ဈ) ဘဏ်သည် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေစဉ်အတွင်း ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ခွင့်ပြု ထားသော လုပ်ငန်းများကို ဆောင်ရွက်ရန် တစ်ဆက်တည်း သုံးလပျက်ကွက်ခြင်း၊

(ည) ဘဏ်သည် ခွင့်ပြုထားသော ဆောင်ရွက်ချက်များကို ငွေအပ်နှံသူများ၏ အခွင့်အရေးနှင့် အကျိုး စီးပွားများကို ထိခိုက်နစ်နာစေသော နည်းလမ်းဖြင့် ဆောင်ရွက်ခြင်း၊

(ဋ) လိုင်စင်ကို ဆက်လက်ခွင့်ပြုခြင်းဖြင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်နိုင်ခြင်း၊

(ဌ) လိုင်စင်ကို ဆက်လက်ခွင့်ပြုခြင်းဖြင့် မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးစနစ် တည်ငြိမ်မှုကို ထိခိုက် ခြင်း၊

(ဍ) ဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၊ ဤဥပဒေနှင့် ယင်းတို့အရ ထုတ်ပြန်သော စည်းမျဉ်း ကို ဖောက်ဖျက်ခြင်း၊

(ဎ) ဘဏ်သည် ဗဟိုဘဏ်က ထုတ်ပြန်သောအမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း၊

(ဏ) ဘဏ်သည် ကြွေးမြီများကို အပြည့်အဝပေးဆပ်နိုင်မှုမရှိခြင်း သို့မဟုတ် သင့်လျော်သော အချိန် ကာလအတွင်း ကြေးမြီများကို အပြည့်အဝပေးဆပ်နိုင်ဖွယ်ရာမရှိခြင်း၊

(တ) ဘဏ်သည် ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ အခြားဘဏ်တစ်ခုခုနှင့် ပေါင်းစပ်ဖွဲ့စည်းခြင်း၊

(ထ) ဘဏ်သည် ၎င်း၏ဘဏ်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်လိုခြင်းမရှိ၍ လိုင်စင်ရုပ်သိမ်းပေးရန် ဗဟို ဘဏ်သို့ လျှောက်ထားခြင်း။

၁၆။ ဗဟိုဘဏ်သည်-

(က) လိုင်စင်ရုပ်သိမ်းခြင်းကို ပုဒ်မ ၁၅ ပါ အခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်သည့်နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း စဉ်းစားဆုံးဖြတ်ရမည်။

(ခ) ပုဒ်မခွဲ (က) အရ ဆုံးဖြတ်ချက်နှင့် ဆုံးဖြတ်ရသည့် အကြောင်းရင်းဆိုင်ရာ သတင်းအချက်အလက် များကို သက်ဆိုင်ရာ ဘဏ်သို့ စာဖြင့်ပြန်ကြားရမည်။

၁၇။ ဗဟိုဘဏ်သည် ပုဒ်မ ၁၅ နှင့် ၁၆ တို့အရ လိုင်စင်ကိုရုပ်သိမ်းရန် ဆုံးဖြတ်သည့်အခါ လိုင်စင်ကို ရုပ်သိမ်းကြောင်း အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ကြေညာရမည်။

၁၈။ ဘဏ်သည် မိမိ၏ သင်းဖွဲ့မှတ်တမ်း သို့မဟုတ် သင်းဖွဲ့စည်းမျဉ်းကို ပြောင်းလဲပြင်ဆင်လိုပါက ဗဟိုဘဏ်၏ စာဖြင့် ကြိုတင် ခွင့်ပြုချက်ရယူရမည်။

၁၉။ (က) ဤဥပဒေသည် ဇယားဝင်အဖွဲ့အစည်းများနှင့် မသက်ဆိုင်စေရ။

(ခ) ပုဒ်မခွဲ (က)တွင် မည်သို့ပင်ဆိုစေကာမူ အောက်ပါအချက်တစ်ရပ်ရပ်အရ ဗဟိုဘဏ်၏ ထောက်ခံ ချက်ဖြင့် ဝန်ကြီးဌာနက ဆုံးဖြတ်လျှင် ဇယားဝင်အဖွဲ့အစည်းများသည် ဤဥပဒေတစ်ရပ်လုံး သို့မဟုတ် အစိတ်အပိုင်းတစ်ရပ်ရပ်နှင့် သက်ဆိုင်စေရမည်-

(၁) ငွေအပ်နှံသူများ သို့မဟုတ် အများပြည်သူ အကျိုးစီးပွား ကာကွယ်ရန်အလို့ငှာ လိုအပ်ခြင်း၊

(၂) ဇယားဝင်အဖွဲ့အစည်းများ၏ စုစုပေါင်းရရန်ပိုင်ခွင့်များသည် ဤပုဒ်မ အလို့ငှာ ဗဟိုဘဏ်က စည်းမျဉ်းဖြင့် သတ်မှတ်သည့် ပမာဏထက် ကျော်လွန်နေခြင်း၊

(၃) ယင်းအဖွဲ့အစည်းက ဘဏ်လုပ်ငန်းစနစ် သို့မဟုတ် ငွေရေးကြေးရေးစနစ် တစ်ရပ်လုံး၏ တည်ငြိမ် မှုနှင့် ခိုင်မာမှုကို ထိခိုက်နိုင်ဖွယ်ရှိခြင်း၊

(၄) ယင်းအဖွဲ့အစည်းက ဤဥပဒေအရ ဘဏ်သို့မဟုတ် ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့ အစည်းအဖြစ် လိုင်စင်ရယူခြင်း သို့မဟုတ် မှတ်ပုံတင်ခြင်းမှ တိမ်းရှောင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင် ရွက်နေခြင်း။

(ဂ) ဝန်ကြီးဌာနသည် ပုဒ်မခွဲ (ခ) ပါဆုံးဖြတ်ချက်ကို အကျိုးသက်ရောက်စေရန် အမိန့်တစ်ရပ်ကို အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ကြေညာရမည်။

(ဃ) ဝန်ကြီးဌာန သို့မဟုတ် ဗဟိုဘဏ်သည် သက်ဆိုင်ရာ ဇယားဝင်အဖွဲ့အစည်းအား အမိန့်မထုတ်မီ ကိုယ်စားပြုတင်ပြစေရန် အတွက် အခွင့်အရေးပေးရန် မလိုအပ်ပါ။

(င) ပုဒ်မခွဲ (ခ) အရ ဝန်ကြီးဌာနကထုတ်ပြန်သော အမိန့်တစ်ရပ်ရပ်သည် ဤဥပဒေ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပြီး ဤဥပဒေတွင် ပါရှိသကဲ့သို့ မှတ်ယူရမည်။

(စ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနသည် လိုအပ် သော စည်းမျဉ်းများကို လည်းကောင်း၊ ဗဟိုဘဏ်သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန် ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း ထုတ်ပြန်နိုင်သည်။

(ဆ) ဇယားဝင်အဖွဲ့အစည်းတည်ထောင်ရန် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေတစ်ရပ်ရပ်တွင်သော် လည်းကောင်း၊ အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်တွင် သော်လည်းကောင်း ပြဋ္ဌာန်းချက် တစ်စုံတစ်ရာ ပါရှိသော်လည်း ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့် ဤပုဒ်မအရ ထုတ်ပြန်သော စည်းမျဉ်း သို့မဟုတ် အမိန့်တစ်ရပ်ရပ်သည် အပြည့်အဝအာဏာ သက်ရောက်မှုရှိစေရမည်။