၃၄။ (က) ဘဏ်များသည် ၎င်းတို့၏ မတည်ငွေရင်းကို အောက်ပါအတိုင်းထားရှိရမည်-
(၁) နိုင်ငံတော်အတွင်း ဖွဲ့စည်းတည်ထောင်ထားသည့် ဘဏ်ဖြစ်လျှင် ယင်း၏ထည့်ဝင်ပြီး မတည် ငွေရင်းမှာ ကျပ်သန်းနှစ်သောင်း (ကျပ် ၂၀ ဘီလီယံ ) အောက် မနည်းရှိခြင်း၊
(၂) နိုင်ငံခြားဘဏ်၏ ဘဏ်ခွဲ သို့မဟုတ် လက်အောက်ခံအဖွဲ့အစည်းဖြစ်ပါက အမေရိကန်ဒေါ်လာ ၇၅ သန်းနှင့် ညီမျှသော ငွေပမာဏ အောက်မနည်း မတည်ငွေရင်း ထည့်ဝင်ပြီးဖြစ်ခြင်း။
(ခ) ပုဒ်မခွဲ(က)ပါမတည်ငွေရင်းကို ဗဟိုဘဏ်က ထုတ်ပြန်သည့် စည်းမျဉ်းများဖြင့် သတ်မှတ်သည့် အတိုင်း အခါအားလျော်စွာ တိုးမြှင့်နိုင်သည်။
(ဂ) ဘဏ်သည် အသားတင် မတည်ရင်းနှီးငွေကို ဆုံးရှုံးမှုများကြောင့် လျော့နည်းမှု မရှိစေဘဲ ဗဟိုဘဏ် က စည်းမျဉ်းများဖြင့် သတ်မှတ်ထားသည့် အချိုးအစားအတိုင်း အမြဲထိန်းသိမ်း ထားရှိရမည်။
(ဃ) ဤဥပဒေပါ ရည်ရွယ်ချက်များအတွက် ဘဏ်၏ ကနဦးမတည်ရင်းနှီးငွေသည် ထည့်ဝင်ပြီး မတည် ငွေရင်း ဖြစ်ရမည်။
(င) ဘဏ်သည် အစုရှယ်ယာ မတည်ငွေရင်းကို လျှော့ချလိုပါက ဗဟိုဘဏ်၏ စာဖြင့် ကြိုတင် ခွင့်ပြု ချက်ရယူရမည်။
(စ) လက်အောက်ခံ အဖွဲ့အစည်းရှိသော ဘဏ်သည် တစ်လုံးတစ်စည်းတည်းသော မတည်ရင်းနှီးငွေ ထားရှိမှုကို အခြေခံတွက်ချက်၍ လုံလောက်သော အနည်းဆုံးမတည်ရင်းနှီးငွေ အချိုးပြည့်မီစွာ ထားရှိရ မည်။
(ဆ) ဤဥပဒေအလို့ငှာ-
(၁) အဓိက မတည်ငွေရင်း သို့မဟုတ် အလွှာ (၁) မတည်ငွေရင်း (Core capital or Tier 1 Capital) ဆိုသည်မှာ အပြည့်အဝ ထည့်ဝင်သည့် သာမန်အစုရှယ်ယာများနှင့် ထပ်တိုးစုဆောင်းထားခွင့်မရှိသော သက်တမ်းသတ်မှတ်ထားခြင်း မရှိသည့် ဦးစားပေးအစုရှယ်ယာများ (Perpetual non-cumulative preference shares)၊ မတည်ငွေရင်းမှ ခွင့်ပြုငွေများ (Capital grants) နှင့် ယင်းနှစ်အတွင်း ဆုံးရှုံး ငွေများ၊ နာမည်ကောင်းတန်ဖိုး၊ လုပ်ငန်းမလည်ပတ်မီ ကုန်ကျစရိတ်များ၊ ကြိုတင်ထုတ်ပေးသည့် ကုန် ကျစရိတ်များ၊ ရွှေ့ဆိုင်းထားသည့် စရိတ်များ (deferred charges)၊ ငှားရမ်းခွင့်များ(Leasehold rights) နှင့်ထိတွေ့၍ မရသော အခြားရရန်ပိုင်ခွင့်များကို နှုတ်ပယ်ပြီး အများပြည်သူသို့ ထုတ်ဖော်ကြေ ညာသော သီးသန့်ငွေများကို ဆို သည်။
(၂) ဖြည့်စွက်မတည်ငွေရင်း သို့မဟုတ် အလွှာ (၂)မတည်ငွေရင်း ဆိုသည်မှာ အနာဂတ်ဆုံးရှုံးမှုများ အတွက် အထွေထွေလျာထားမှုများ၊ လက်ငင်းမဖော်ပြနိုင်သည့် ဆုံးရှုံးမှုများ၊ ပြန်လည်ရရှိရန် ဦးစားပေး အဆင့်တွင်မရှိသည့် ကြွေးမြီများ၊ ရွေးနုတ်နိုင်သော ဦးစားပေး အစုရှယ်ယာများအတွက် လျာထားငွေနှင့် ဗဟိုဘဏ်က အခါအားလျော်စွာ သတ်မှတ်နိုင်သည့် အခြားပုံစံတစ်မျိုးမျိုးဖြင့် မတည်ရင်းနှီးငွေ တို့ကို ဆိုသည်။
(၃) စုစုပေါင်းမတည်ငွေရင်း ဆိုသည်မှာ အဓိက မတည်ရင်းနှီးငွေ (Core Capital) နှင့် ဖြည့်စွက် မတည်ငွေရင်း နှစ်ခုပေါင်း ကိုဆိုသည်။
(၄) ဆုံးရှုံးနိုင်ခြေ အလေးပေးတွက်ချက်ထားသော စုစုပေါင်း ရရန်ပိုင်ခွင့်များနှင့် လက်ကျန်ရှင်းတမ်း၌ မပါဝင်သည့် ရရန်ရှိ ကြွေးမြီများဆိုသည်မှာ ဗဟိုဘဏ်က သတ်မှတ်ထားသည့် နည်းလမ်းဖြင့် ဆုံးရှုံး နိုင်ခြေ ကိုက်ညှိတွက်ချက်ထားသော မတူညီသော ရရန်ပိုင်ခွင့် အမျိုးအစားများနှင့် လက်ကျန်ရှင်းတမ်း တွင် မပါဝင်သည့် ရရန်ရှိကြွေးမြီများကို ဆိုသည်။
၃၅။ (က) ဘဏ်သည် သီးသန့်ရန်ပုံငွေတစ်ရပ် ထားရှိရမည်။ နှစ်စဉ် အသားတင်အမြတ်ငွေ၏ ၂၅ ရာခိုင် နှုန်းကို အထွေထွေ သီးသန့်ငွေစာရင်းသို့ လွှဲပြောင်းပေးရမည်။ ထိုသို့ လွှဲပြောင်းပေးခြင်းကို ထည့်ဝင်ပြီး မတည်ငွေရင်း၏ ၁၀၀ ရာခိုင်နှုန်းနှင့် ညီမျှသည်အထိ ဆောင်ရွက်ရမည်။
(ခ) ပုဒ်မခွဲ(က)တွင် မည်သို့ပင်ပါရှိစေကာမူ ဗဟိုဘဏ်သည် ဘဏ်၏ နှစ်စဉ်အသားတင်အမြတ်ငွေမှ ယင်း၏ သီးသန့်ရန်ပုံငွေသို့ လွှဲပြောင်းပေးရန် မတူညီသော အချိုးတစ်ရပ်ကို အခါအားလျော်စွာ သတ်မှတ်နိုင်သည်။
၃၆။ ဘဏ်သည် ငွေဖြစ်လွယ်သော ရရန်ပိုင်ခွင့်များ အနည်းဆုံး သို့မဟုတ် ပျှမ်းမျှအနည်းဆုံး ပမာဏကို အမြဲတမ်းဖြစ်စေ၊ သတ်မှတ်ကာလတစ်ရပ်အတွက်ဖြစ်စေ ဗဟိုဘဏ်က သတ်မှတ်ထားသည့် စည်း မျဉ်းအတိုင်း ထားရှိရမည်။
၃၇။ ဘဏ်သည် ဗဟိုဘဏ်က စည်းမျဉ်းဖြင့် သတ်မှတ်ထားသည့်အတိုင်း ရရန်ပိုင်ခွင့်များ အနည်းဆုံး ပမာဏကို အမြဲထားရှိရမည်။
၃၈။ (က) နိုင်ငံခြားဘဏ်သည် ယင်း၏ဘဏ်ခွဲအတွက် သတ်မှတ်ထားသော အနည်းဆုံးမတည်ရင်းနှီး ငွေထားရှိရမည်။ ယင်းပမာဏမှာ နိုင်ငံခြားဘဏ်ခွဲကို ပြည်တွင်းဘဏ်တစ်ခုအဖြစ် တည်ထောင်၍ လိုင်စင်ပေးရာတွင် ထားရှိရမည့် အနည်းဆုံး ကနဦးမတည်ငွေရင်းပမာဏအတိုင်း ထားရှိရမည်။
(ခ) နိုင်ငံခြားဘဏ်က မိမိ၏ ဘဏ်ခွဲအတွက် ထိန်းသိမ်းထားရှိရမည့် သတ်မှတ်ထားသော မတည်ငွေ ရင်းကို ဗဟိုဘဏ်က သတ်မှတ်သည့်ပုံစံနှင့် နည်းလမ်းအတိုင်း ထိန်းသိမ်းထားရှိရမည်။
၃၉။ ဘဏ်သည်-
(က) အမြတ် သို့မဟုတ် အရှုံး တစ်ခုခုကို ကြေညာခြင်းမပြုမီ ထုတ်ချေးငွေများ၊ ကြိုတင်ထုတ်ချေးငွေ များနှင့် အခြားရရန်ပိုင်ခွင့်များအတွက် ဆုံးရှုံးနိုင်မှုကို ကာမိစေရန် ကြိုတင်လျာထားချက်များ ပြုလုပ်ရ မည်။
(ခ) ပုဒ်မခွဲ (က)အရ ပြုလုပ်သည့်ထုတ်ချေးငွေများ၊ ကြိုတင်ထုတ်ချေးငွေများနှင့် အခြားရရန်ပိုင်ခွင့် များအတွက် ကြိုတင်လျာထားချက်များကို ဗဟိုဘဏ်က သတ်မှတ်ထားသော စည်းမျဉ်းများနှင့်အညီ လုံ လောက်စွာထားရှိရမည်။
အမြတ်ဝေစုခွဲဝေခြင်း
၄၀။ (က) ဘဏ်သည် ၎င်း၏ အစုရှယ်ယာဝင်များသို့ ၎င်းရရှိသော အမြတ်ငွေများမှ အစုပေါ် အမြတ် ငွေပေးခြင်း သို့မဟုတ် နည်းလမ်းတစ်မျိုးမျိုးဖြင့် ခွဲဝေခြင်းကို သာပြုလုပ်ရမည်။
(ခ) ဘဏ်သည် ၎င်း၏ အစုရှယ်ယာဝင်များအား အစုပေါ်အမြတ်ငွေပေးခြင်း သို့မဟုတ် အမြတ်ခွဲဝေမှု နည်းလမ်းတစ်မျိုးမျိုးကို အောက်ပါအခြေအနေများတွင် ဆောင်ရွက်ခြင်း မပြုရ-
(၁) ရုပ်ဝတ္ထုပုံသဏ္ဌာန်ဖြင့် ရရန်ပိုင်ခွင့်များ၊ မသက်ဆိုင်သည့် ကြိုတင်အသုံးစရိတ်များနှင့် အခြားအသုံး စရိတ်များ အပါအဝင် ၎င်း၏ ငွေလုံးငွေရင်း အသွင်ပြောင်း အသုံးစရိတ်များအားလုံးကို လုံးဝပယ်ဖျက်မှု မရှိသေးခြင်း၊
(၂) ၎င်း၏ ရရန်ပိုင်ခွင့်များ တန်ဖိုးစုစုပေါင်းသည် ပေးရန်တာဝန် စုစုပေါင်းတန်ဖိုးနှင့် မတည်ရင်းနှီး ငွေစုစုပေါင်းတန်ဖိုးထက် လျော့နည်းနေခြင်း၊
(၃) ဘဏ်သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ် အရ သတ်မှတ်ချက်ကိုဖြစ်စေ ချိုးဖောက်ခြင်း။
ရရန်ပိုင်ခွင့်၊ ပေးရန်တာဝန်နှင့် လျာထားချက်များ သတ်မှတ်ခြင်း
၄၁။ ဗဟိုဘဏ်သည် အောက်ပါတို့ကို သတ်မှတ်နိုင်သည်-
(က) ဘဏ်၏ကွဲပြားခြားနားသော အတန်းအစားအလိုက် သို့မဟုတ် အမျိုးအစားအလိုက် အနည်းဆုံး ထားရှိရမည့် ရရန်ပိုင်ခွင့် ပမာဏအမျိုးမျိုး၊
(ခ) ဘဏ်၏ကွဲပြားခြားနားသော အတန်းအစား သို့မဟုတ် အမျိုးအစားများအလိုက် ရရန်ပိုင်ခွင့်များ နှင့်ပေးရန်တာဝန်များ၊
(ဂ) ဘဏ်၏ကွဲပြားခြားနားသော အတန်းအစား နှင့် အမျိုးအစားများအလိုက် ဤဥပဒေ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ထားရှိရမည့် လျာထားချက်များ။
အကျိုးစီးပွားများ ရယူပိုင်ဆိုင်ခြင်း
၄၂။ (က) ဘဏ်တစ်ခုခု၏ အဓိကကျသည့် အကျိုးစီးပွားရယူလိုသူသည် ဗဟိုဘဏ်က သတ်မှတ်သည့် အတိုင်း အခြားအထောက်အထား၊ စာတမ်းအမှတ်အသားများ ပူးတွဲ၍ ဗဟိုဘဏ်သို့ လျှောက်ထားရ မည်။
(ခ) ဗဟိုဘဏ်သည် ပုဒ်မခွဲ (က) တွင် ပူးတွဲတင်ပြထားသည့် အထောက်အထားများနှင့် လျှောက်ထားသူ၏ နောက်ကြောင်းကို စစ်ဆေးပိုင်ခွင့်ရှိသည်။ ထပ်မံလိုအပ်သည့် စာတမ်းအမှတ်အသား များနှင့် သတင်းအချက်အလက်များကို တောင်းဆိုနိုင်သည်။
(ဂ) ဗဟိုဘဏ်သည် ပုဒ်မခွဲ(က)နှင့် (ခ) တို့အရ တင်သွင်းသည့် လျှောက်လွှာတွင် အောက်ပါအခြေအနေ တစ်ရပ်ရပ် သို့မဟုတ် တစ်ရပ်ထက်ပိုကြောင်း တွေ့ရှိပါက အတည်ပြုချက် ထုတ်ပေးခြင်းမပြုရန် ဆုံးဖြတ်နိုင်သည်-
(၁) လျှောက်ထားသူမှာ ပုဂ္ဂိုလ်ရေးအရ သင့်မြတ်လျော်ကန်သူ မဟုတ်ခြင်း၊
(၂) လျှောက်ထားသူသည် ဥပဒေအရဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ပါက ယင်း၏တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသည့် ဒါရိုက်တာများ သို့မဟုတ် အမှုဆောင်အရာရှိများမှာ သင့်မြတ်လျော်ကန်သူများ မဟုတ်ခြင်း၊
(၃) လျှောက်ထားသူသည် ဘဏ်အပေါ် သိသိသာသာ ဩဇာလွှမ်းမိုး၍ ဆောင်ရွက်ခြင်းကြောင့် ဘဏ်၏စီမံခန့်ခွဲမှုကို ထိခိုက်နိုင်ကြောင်း ဗဟိုဘဏ်က သိရှိထားခြင်း။
(ဃ) ဗဟိုဘဏ်သည် ပုဒ်မခွဲ (က) အရ လျှောက်ထားချက် တစ်ရပ်ရပ်ကို အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုပိုင်ခွင့်ရှိသည်။
၄၃။ ဘဏ်၏ အဓိကအစုရှယ်ယာဝင်ဖြစ်သူ မည်သူမဆို ဤဥပဒေ စတင်အာဏာတည်သည့်နေ့မှ ခြောက်လအတွင်း အဆိုပါ အဓိက အစုရှယ်ယာဝင်အဖြစ် ဆက်လက်တည်ရှိရေးအတွက် ဗဟိုဘဏ်၏ သဘောတူအတည်ပြုချက်ရရှိရန် လျှောက်ထားခြင်း ပြုရမည်။ ဗဟိုဘဏ်၏ သဘောတူအတည်ပြုချက် ရရှိမှသာလျှင် အဆိုပါ အဓိကအစုရှယ်ယာဝင်အဖြစ် ဆက်လက်တည်ရှိ ရမည်။
၄၄။ ဘဏ်အသီးသီးသည် ဘဏ်တွင်အဓိကကျသည့် အကျိုးစီးပွားရှိသည့် အစုရှယ်ယာဝင်များ၏ အမည်နှင့် နေရပ်လိပ်စာ၊ အဆိုပါ အစုရှယ်ယာဝင်များက မဲပေးပိုင်ခွင့်အရေအတွက်တို့ပါဝင်သည့် နှစ်စဉ် အစီရင်ခံစာကို ဗဟိုဘဏ်သို့ တင်ပြရမည်။
၄၅။ ပုဂ္ဂိုလ်တစ်ဦးချင်းက ဖြစ်စေ၊ တစ်ဦးထက်ပိုသူများက ပူးပေါင်း၍ ဖြစ်စေ ဘဏ်တစ်ခုခုမှ အဓိက ကျသည့် အကျိုးစီးပွားများ ရယူရန် သဘောတူစာချုပ် ချုပ်ဆိုခြင်း သို့မဟုတ် စီစဉ်ဆောင်ရွက်ခြင်း ပြုလုပ်လိုလျှင် ဗဟိုဘဏ်၏ စာဖြင့်ကြိုတင်ခွင့်ပြုချက် ရယူ ရမည်။
၄၆။ (က) ပုဒ်မ ၄၃ နှင့် ပုဒ်မ ၄၅ တို့ပါ ပြဋ္ဌာန်းချက်များသည် အောက်ပါတို့နှင့်သက်ဆိုင်ခြင်း မရှိစေရ-
(၁) အောက်ပါကိစ္စရပ်များအတွက် ဘဏ်ကပိုင်ဆိုင်ရရှိသည့် မဲပေးပိုင်ခွင့်ရှိသော အစုရှယ်ယာများ-
(ကက) မိမိရရန်ရှိသော ကြွေးမြီအတွက် လက်ခံရရှိသည့် အစုရှယ်ယာများ၊
(ခခ) တာဝန်ခံ၍ ရောင်းချပေးခြင်း အစီအစဉ်အရ ဘဏ်ကတစ်နှစ်အတွင်း သို့မဟုတ် ဗဟိုဘဏ်က ခြွင်းချက်ဖြင့် တစ်နှစ်ထက်ပို၍ ခွင့်ပြုပေးသည့် ကာလအတွင်း ထုတ်ရောင်းမည့် အစုရှယ်ယာများ၊
(၂) ကိုယ်စားလှယ်၊ ယုံမှတ်အပ်နှံသူ သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် မဲပေးနိုင်သည့် အစု ရှယ်ယာများ ရယူခြင်း။
(ခ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁)၊ ပုဒ်မခွဲငယ်စိတ် (ကက) အရ ဘဏ်တစ်ခု၏ မဲပေးနိုင်သည့် အစုရှယ်ယာများကို ရယူသော အခြားဘဏ်သည် အဆိုပါမဲပေးသည့် အစုရှယ်ယာများကို ရယူကြောင်း ဗဟိုဘဏ်သို့ အကြောင်းကြားရမည်။
၄၇။ (က) ဗဟိုဘဏ်သည် ပုဂ္ဂိုလ်တစ်ဦးဦးက ပုဒ်မ ၄၂၊ ၄၃၊ ၄၄နှင့် ၄၅ တို့ပါ ပြဋ္ဌာန်းချက်ကို ဖြစ်စေ၊ ပုဒ်မ ၅၀ အရ ထုတ်ပြန်သည့် သတ်မှတ်ချက်များကို ဖြစ်စေ မလိုက်နာကြောင်း တွေ့ရှိလျှင် အောက်ပါစီမံ ခန့်ခွဲရေး နည်းလမ်းတစ်ရပ်ရပ်ဖြင့် အရေးယူ ဆောင်ရွက်နိုင်သည်-
(၁) ဖောက်ဖျက်သူ၏ မဲပေးသည့် အစုရှယ်ယာများနှင့် စပ်လျဉ်း၍ အဆိုပါ အစုရှယ်ယာကို လွှဲပြောင်း ခြင်း သို့မဟုတ် အစုရှယ်ယာလွှဲပြောင်းရန် သဘောတူညီချက် သို့မဟုတ် အစီအစဉ်ကို လွှဲပြောင်းခြင်း မပြုရန် တားမြစ်ခြင်း၊
(၂) အဆိုပါ အစုရှယ်ယာနှင့် စပ်လျဉ်း၍ မဲပေးပိုင်ခွင့်အား တားမြစ်ခြင်း၊
(၃) အစုရှယ်ယာများ ထပ်မံထုတ်ခြင်းကို တားမြစ်ခြင်း သို့မဟုတ် ၎င်းအစုရှယ်ယာများ ကိုင်ထားသူ အား ရောင်းချရန် ကမ်းလှမ်းခြင်းကို တားမြစ်ခြင်း၊
(၄) စာရင်းရှင်းလင်းဖျက်သိမ်းခြင်းမှအပ အဆိုပါအစုရှယ်ယာအပေါ် ဘဏ်ထံမှ ပေးချေမှုကို တားမြစ် ခြင်း၊
(၅) ဖောက်ဖျက်သူနှင့် စပ်လျဉ်း၍ ဗဟိုဘဏ်က အဆိုပါ အစုရှယ်ယာများကို အများပြည်သူအား လေလံတင်၍ ရောင်းချရန် အဆိုပါ ပုဂ္ဂိုလ်အား ညွှန်ကြားခြင်း။
(ခ) ဗဟိုဘဏ်သည် ပုဒ်မခွဲ (က)အရ ထုတ်ပြန်သည့် ညွှန်ကြားချက်ကို ဖောက်ဖျက်သူထံသို့ ဖြစ်နိုင်သမျှ ချက်ချင်းပေးပို့ရမည်ဖြစ်ပြီး သင့်လျော်သည့်နည်းလမ်းဖြင့် အများသိစေရန် ကြေညာရမည်။
(ဂ) ပုဒ်မခွဲ (က)အရ ညွှန်ကြားချက် ထုတ်ဆင့်ခံရသော ဖောက်ဖျက်သူတစ်ဦးဦးသည် ထိုညွှန်ကြား ချက်ကို လက်ခံရရှိသည့်နေ့မှ ၁၄ ရက်အတွင်း ဗဟိုဘဏ်သို့ အဆိုပါအမိန့်ကို ပယ်ဖျက်ပေးရန် သို့မဟုတ် ပြင်ဆင်ပေးရန် စာဖြင့်လျှောက်ထားနိုင်သည်။
(ဃ) ဗဟိုဘဏ်သည် ပုဒ်မခွဲ (ဂ)အရ လျှောက်ထားချက်ကို စိစစ်ပြီးနောက် အဆိုပါညွှန်ကြားချက်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းတစ်ခုခုကို ပြုလုပ်နိုင်သည်။
(င) ဗဟိုဘဏ်သည် ဘဏ်၏ဒါရိုက်တာများ သို့မဟုတ် အရာရှိများထံသို့ ပုဒ်မခွဲ(က)အရ ထုတ်ဆင့် သည့် ညွှန်ကြားချက် တစ်ရပ်ရပ်ကို အကျိုးသက်ရောက်မှုရှိစေရန် လိုအပ်သလို ညွှန်ကြားနိုင်သည်။
ဘဏ်များပေါင်းစည်းခြင်း
၄၈။ (က) ဘဏ်သည် ဗဟိုဘဏ်၏ စာဖြင့်ကြိုတင်ခွင့်ပြုချက်ရရှိမှသာ အောက်ပါတို့ကို ဆောင်ရွက်နိုင် သည်-
(၁) ဘဏ်တစ်ခုက အခြားဘဏ်တစ်ခု၏ လုပ်ငန်းကိုဖြစ်စေ၊ လုပ်ငန်း၏အဓိက အစိတ်အပိုင်းကိုဖြစ် စေရယူခြင်း သို့မဟုတ် မိမိ၏ ကိုယ်ပိုင်လုပ်ငန်းအားလုံးကိုဖြစ်စေ၊ အဓိကအစိတ်အပိုင်းကိုဖြစ်စေ ရောင်းချခြင်း၊
(၂) ဘဏ်တစ်ခုက အခြားဘဏ်တစ်ခုနှင့် ပေါင်းစပ်ခြင်း သို့မဟုတ် ပူးပေါင်းခြင်း၊
(၃) နိုင်ငံခြားဘဏ်က နိုင်ငံတော်ရှိ ဘဏ်၏ လုပ်ငန်းကိုဖြစ်စေ၊ အဓိက အစိတ်အပိုင်းကိုဖြစ်စေ ရယူ ခြင်း သို့မဟုတ် နိုင်ငံတော်ရှိ ၎င်း၏ကိုယ်ပိုင်လုပ်ငန်းအားလုံးကို ဖြစ်စေ၊ အဓိကအစိတ်အပိုင်းကို ဖြစ်စေ ရောင်းချခြင်း၊
(၄) ဘဏ်၏ သို့မဟုတ် ၎င်း၏ဦးပိုင်ကုမ္ပဏီ၏ ထိန်းချုပ်ကွပ်ကဲမှုပြောင်းလဲခြင်း။
(ခ) ပုဒ်မခွဲ (က)ပါဗဟိုဘဏ်၏ စာဖြင့် ကြိုတင်ခွင့်ပြုချက်ရရှိရန်အတွက် လျှောက်လွှာကိုအဆိုပြု သဘောတူစာချုပ်မိတ္တူနှင့် အခြားသက်ဆိုင်ရာသတင်းအချက်အလက်နှင့် စာတမ်းအမှတ်အသားများ ကိုပူးတွဲ၍ ဗဟိုဘဏ်သို့ တင်ပြရမည်။
(ဂ) ဗဟိုဘဏ်သည် လျှောက်လွှာကို လက်ခံရရှိပြီးနောက် လျှောက်ထားသူထံသို့ဖြစ်စေ၊ အခြားပုဂ္ဂိုလ် တစ်ဦးဦးထံသို့ဖြစ်စေ နောက်ထပ်သတင်းအချက်အလက်နှင့် စာတမ်းအမှတ်အသားများ ထပ်မံလိုအပ် ပါက တောင်းခံနိုင်သည်။
(ဃ) ဗဟိုဘဏ်သည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ပြီးလျှောက်လွှာကိုအတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။ လျှောက်လွှာကို အတည်ပြုရာတွင် လိုအပ်သော ပြင်ဆင်ခြင်း ကိုဖြစ်စေ၊ စည်းကမ်းချက်များ သတ်မှတ်ခြင်းကို ဖြစ်စေ ဆောင်ရွက်နိုင်သည်။
(င) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ်(၄)နှင့် စပ်လျဉ်း၍ ထိန်းချုပ်ကွပ်ကဲခြင်းတွင် အောက်ပါတို့ပါဝင်သည်-
(၁) ကုမ္ပဏီ သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသည့် အခြားအဖွဲ့အစည်းတစ်ခုခု၏ ဒါရိုက်တာအဖွဲ့၏ ပါဝင်မှုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဩဇာလွှမ်းမိုးမှုရှိခြင်း၊
(၂) ကုမ္ပဏီများ သို့မဟုတ် လက်အောက်ခံ ကုမ္ပဏီများ သို့မဟုတ် ဦးပိုင်ကုမ္ပဏီမှ တစ်ဆင့်ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးချင်းပိုင်ဆိုင်မှုအရ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကုမ္ပဏီတစ်ခု သို့မဟုတ် လုပ်ငန်း အဖွဲ့အစည်းတစ်ခု၏ စုစုပေါင်း ဆန္ဒမဲပေးပိုင်ခွင့် ၂၀ ရာခိုင်နှုန်း သို့မဟုတ် ၂၀ ရာခိုင်နှုန်းထက်ပို၍ ပိုင်ဆိုင်ထားခြင်း။
၄၉။ (က) ဗဟိုဘဏ်က ပုဒ်မ ၄၈ အရ စာဖြင့်ကြိုတင်ခွင့်ပြုချက်နှင့်စပ်လျဉ်း၍ လျှောက်ထားမှုကို အတည်ပြုချက်ထုတ်ပေးသည့်အခါ မိမိ၏လုပ်ငန်းကို အခြားပုဂ္ဂိုလ်သို့ လွှဲပြောင်းပေးရမည့် အဖွဲ့ အစည်းနှင့် လုပ်ငန်းကို လွှဲပြောင်းရယူမည့်သူတို့သည် သဘောတူစာချုပ်ကို အကျိုးသက်ရောက်မှု ရှိစေ ရေးအတွက် လိုအပ်သည့် အမိန့်ထုတ်ပေးရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော်သို့ ပူးတွဲလျှောက်လွှာကို တင်သွင်းနိုင်သည်။
(ခ) ပုဒ်မခွဲ(က) အရလျှောက်လွှာအပေါ် ကြားနာရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သည် ကိစ္စရပ်အခြေအနေအရ သင့်လျော်မျှတမည်ဟု ထင်မြင်သည့်အတိုင်း အကျိုးသက်ရောက်မှု ရှိသည့် စည်းကမ်းချက်ဖြင့် အမိန့်ချမှတ်ပေးခြင်း၊ အဆိုပါအမိန့်ကို ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ပြုနိုင်သည်။
(ဂ) ပုဒ်မခွဲ(ခ)အရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က ချမှတ်သည့် အမိန့်ကိုလွှဲပြောင်းပေးခြင်း ခံရသူသည် အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ကြေညာရမည်။
(ဃ) လွှဲပြောင်းပေးသူသည် ပုဒ်မခွဲ (ခ)အရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော်က အမိန့်ချမှတ်သည့် နေ့မှ ရက်ပေါင်း ၃၀ အတွင်း အဆိုပါအမိန့်မှန်ကန်ကြောင်း အတည်ပြု ထားသည့် အမိန့်မိတ္တူကို ဗဟိုဘဏ်က မှန်ကန်ကြောင်း အတည်ပြုထားသည့် သဘောတူညီချက် သို့မ ဟုတ် အစီအစဉ် မိတ္တူပူးတွဲ၍-
(၁) ကုမ္ပဏီများ မှတ်ပုံတင်အရာရှိထံနှင့်
(၂) ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသော သို့မဟုတ် အမိန့်အရ လွှဲပြောင်း ပေးသည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းတွင် အကျိုးသက်ဆိုင်သည့် သက်ဆိုင်ရာ မှတ်ပုံတင် သို့မဟုတ် မှတ်တမ်းအာဏာရှိသူထံ (ရှိလျှင် )တင်သွင်းရမည်။
(င) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သည် ပုဒ်မခွဲ (က) အရ လွှဲပြောင်းရောင်းချနိုင်သော မြေကိုဖြစ်စေ၊အစုရှယ်ယာတစ်ခုခုကိုဖြစ်စေ၊ လွှဲပြောင်းရောင်းချနိုင်သော မြေတွင် အကျိုးအမြတ်ကိုဖြစ်စေ လွှဲပြောင်းပေးခြင်းခံရသူ သို့ အမိန့်ဖြင့်အပြီးအပိုင် အပ်နှင်းသည့်အခါ အဆိုပါ အမိန့်ချမှတ်ပြီးနောက် မြေစီမံခန့်ခွဲသူက ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကို အကျိုးသက်ရောက်မှု ရှိစေရန် အလို့ငှာ အဆိုပါအမိန့် မိတ္တူကို မြေစီမံခန့်ခွဲသူထံ ချက်ချင်းပေးပို့စေရမည်။
(စ) ပုဒ်မခွဲ (ခ)အရ ချမှတ်သည့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၏ အမိန့်သည် နိုင်ငံတော်ပြင်ပ၌ ရှိသော လွှဲပြောင်းပေးသူ၏ ပစ္စည်းသို့မဟုတ် လုပ်ငန်းနှင့် သက်ဆိုင်နိုင် သည်။ ထိုသို့ သက်ဆိုင်မှုရှိနေလျှင် အကျိုးသက်ရောက်မှု ရှိစေရန် အဆိုပါပစ္စည်း သို့မဟုတ် လုပ်ငန်း တည်ရှိသည့် နိုင်ငံနှင့် နိုင်ငံတော်အကြား တရားရုံး စီရင်ချက်များကို အတည်ပြုရန်ကိစ္စနှင့် စပ်လျဉ်း၍ အပြန်အလှန် အစီအစဉ်များရှိလျှင် ထိုအစီအစဉ်အတိုင်း လုပ်ရမည်။ ထိုကဲ့သို့ အစီအစဉ်မရှိလျှင် အဆိုပါ နိုင်ငံ၏ သက်ဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်သည်။
အစုရှယ်ယာအများဆုံး ပိုင်ဆိုင်မှုကို ကန့်သတ်ခြင်း
၅၀။ ဗဟိုဘဏ်သည် အောက်ပါတို့ကို သတ်မှတ်နိုင်သည်-
(က) ပုဂ္ဂိုလ်တစ်ဦးဦးက အများဆုံးကိုင်ဆောင်ထားနိုင်သည့် ဘဏ်၏ မဲပေးနိုင်သည့် အစုရှယ်ယာ ရာခိုင်နှုန်းနှင့်
(ခ) ကုမ္ပဏီ၊ လုပ်ငန်းအဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးချင်း၏ အတန်းအစားအလိုက် ပုဒ်မခွဲ(က) အရ အများဆုံး ပိုင်ဆိုင်နိုင်သည့် အစုရှယ်ယာရာခိုင်နှုန်း။