၅၁။ ဘဏ်သည် ဤဥပဒေအရ လုပ်ကိုင်ခွင့်ပြုသည့် လုပ်ငန်းများကို ၎င်း၏သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့ စည်းမျဉ်းနှင့် လိုင်စင်တွင်ပါရှိသော စည်းကမ်းချက်နှင့် ကန့်သတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင် သည်။
၅၂။ ကူးသန်းရောင်းဝယ်ရေးဘဏ်သည် အောက်ပါလုပ်ငန်း အားလုံးကိုဖြစ်စေ၊ တစ်ခုခုကိုဖြစ်စေ လိုင်စင်ပါ စည်းကမ်းချက် များနှင့် အညီ ဆောင်ရွက်နိုင်သည်-
(က) အပ်နှံငွေလက်ခံခြင်းလုပ်ငန်း၊
(ခ) ချေးငွေထုတ်ချေးခြင်းလုပ်ငန်း၊
(ဂ) အငှားချသည့်လုပ်ငန်း၊
(ဃ) ကြွေးမြီများ ဝယ်ယူကောက်ခံသည့် လုပ်ငန်း၊
(င) ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊
(စ) ချေးငွေတိုကင်လုပ်ငန်း၊
(ဆ) နိုင်ငံခြားသုံးငွေလုပ်ငန်း၊
(ဇ) အကြွေးဝယ်ကတ်၊ ခရီးသွားချက်လက်မှတ်နှင့် ဘဏ်ငွေလွှဲလက်မှတ် (ငွေပေးအမိန့်လက်မှတ်) အစ ရှိသည့် ငွေပေးချေမှု စာချုပ်စာတမ်းများ ထုတ်ပေးခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်း၊
(ဈ) အာမခံများနှင့် တာဝန်ခံချက်များ ထုတ်ပေးခြင်းလုပ်ငန်း၊
(ည) မိမိ၏ ကိုယ်ပိုင်ငွေစာရင်းအတွက်ဖြစ်စေ၊ ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများ၏ ငွေစာရင်း အတွက်ဖြစ်စေ ချက်လက်မှတ်၊ ငွေတောင်းခံလွှာများနှင့် အပ်နှံသောငွေသက်သေခံလက်မှတ်များ၊ နိုင်ငံ ခြားသုံးငွေ လဲလှယ်ရေး၊ ငွေကြေးကြိုတင်ရောင်းခြင်းနှင့် လက်ငင်းရောင်းချခြင်းဆိုင်ရာ လုပ်ငန်း များ၊ နိုင်ငံခြားသုံးငွေ လဲလှယ်ရောင်းဝယ်ရေး လုပ်ငန်းများ၊ ပေါက်ဈေးဖြင့် အတိုးနှုန်းဆိုင်ရာ စာချုပ် စာတမ်းများ၊ စာချုပ်စာတမ်းများနှင့် လွှဲပြောင်းနိုင်သော ငွေချေးသက်သေခံ လက်မှတ်များ အစရှိသည့် ငွေကြေးဈေးကွက် စာချုပ်စာတမ်းများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း၊
(ဋ) စီးပွားရေးလုပ်ငန်းကြီးများကို အကြံဉာဏ်ပေးခြင်းလုပ်ငန်း၊
(ဌ) ငွေကြေးပွဲစားလုပ်ငန်း၊
(ဍ) ရင်းနှီးမြှပ်နှံမှု အစုအဝေးစီမံခန့်ခွဲမှုနှင့် အကြံပေးလုပ်ငန်းဝန်ဆောင်မှုလုပ်ငန်း၊
(ဎ) ယုံကြည်အပ်နှံမှု ဝန်ဆောင်မှုလုပ်ငန်း၊
(ဏ) ချေးငွေထုတ်ချေးရန် ထိုက်တန်သူ ရည်ညွှန်းပေးသည့် ချေးငွေသတင်းအချက်အလက် အထောက် အကူပြုလုပ်ငန်း၊
(တ) အီလက်ထရောနစ်နည်းဖြင့် ဘဏ်လုပ်ငန်းဆောင်ရွက်ခြင်းလုပ်ငန်း၊
(ထ) မိုဘိုင်းဘဏ်လုပ်ငန်း၊
(ဒ) အပ်နှံမှုလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း၊
(ဓ) ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ချေးငွေဖြည့်ဆည်းသည့်လုပ်ငန်း၊
(န) အပေါင်လက်ခံ၍ ချေးငွေဖြည့်ဆည်းသည့်လုပ်ငန်း၊
(ပ) ဗဟိုဘဏ်က သတ်မှတ်သည့် အခြားဘဏ်လုပ်ငန်းများ။
၅၃။ ဘဏ်သည် အောက်ပါလုပ်ငန်းတို့ကို သီးခြားဖွဲ့စည်းသည့် လက်အောက်ခံကုမ္ပဏီ ထူထောင်၍ ဆောင်ရွက်နိုင်သည်-
(က) အာမခံလုပ်ငန်း၊
(ခ) ငွေချေးသက်သေခံလက်မှတ်များ ပွဲစားလုပ်ငန်း၊
(ဂ) ဗဟိုဘဏ်က ခွင့်ပြုသည့်ဘဏ်လုပ်ငန်းနှင့် ဆက်စပ်နေသည့် လုပ်ငန်းတစ်ရပ်ရပ်။
၅၄။ ဖွံ့ဖြိုးရေးဘဏ်သည် အောက်ပါလုပ်ငန်းအားလုံးကို ဖြစ်စေ၊ တစ်ခုခုကိုဖြစ်စေ လိုင်စင်ပါ စည်း ကမ်းချက်များနှင့်အညီ ဆောင်ရွက်နိုင်သည်-
(က) ကာလရှည်ငွေကြေးဖြည့်ဆည်းသည့်လုပ်ငန်း၊
(ခ) အာမခံချက်နှင့် ကတိဝန်ခံချက်များ ထုတ်ပေးခြင်းလုပ်ငန်း၊
(ဂ) ဗဟိုဘဏ်က သတ်မှတ်သော အခြားဘဏ်လုပ်ငန်းများ။
၅၅။ ဘဏ်၏ လက်အောက်ခံကုမ္ပဏီများသည် ဘဏ်တစ်ခုအား စစ်ဆေးသည့် နည်းလမ်းနှင့်အညီ ဗဟို ဘဏ်၏ ကြီးကြပ် စစ်ဆေးခြင်းကို ခံယူရမည်။ ဗဟိုဘဏ်သို့ အစီရင်ခံရမည့် ကိစ္စနှင့်စပ်လျဉ်း၍ ဗဟို ဘဏ်က အဆိုပါဘဏ်နှင့် ယင်း၏ လက်အောက်ခံကုမ္ပဏီအသီးသီး၏ သတင်းအချက်အလက် တစ်ရပ် ရပ်ကို သီးခြားဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ တင်ပြရန် တောင်းဆို နိုင်သည်။
၅၆။ မည်သည့်ဘဏ်မျှ အောက်ပါကိစ္စရပ်များမှအပ ဘဏ်၏ငွေစာရင်းကို အသုံးပြု၍လည်းကောင်း၊ ကော်မရှင်ခယူ၍ လည်းကောင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ အပါအဝင် လက်ကား သို့မဟုတ် လက်လီ ကုန်သွယ်မှုလုပ်ငန်းများ မဆောင်ရွက်ရ-
(က) ဘဏ်၏ လက်ဝယ်ရှိအာမခံပစ္စည်းများ ထုခွဲရောင်းချခြင်း၊
(ခ) ဘဏ်က ရွှေ သို့မဟုတ် နိုင်ငံခြားငွေကို ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်း။
၅၇။ မည်သည့်ဘဏ်မျှ ဗဟိုဘဏ်က သတ်မှတ်သည့် ၎င်း၏ မတည်ရင်းနှီးငွေ၏ အချိုးအစားတစ်ရပ် ထက်ပို၍ အောက်ပါကိစ္စရပ်များမှအပ မရွှေ့မပြောင်းနိုင်သော ပိုင်ဆိုင်ပစ္စည်းများ ဝယ်ယူခြင်း သို့မဟုတ် အခြားနည်းဖြင့် ရယူခြင်း မပြုရ-
(က) ဘဏ်လုပ်ငန်း ဆောင်ရွက်ခြင်းအတွက် သော်လည်းကောင်း၊ ၎င်း၏ ဝန်ထမ်းများအတွက် အိမ်ရာ သို့မဟုတ် အခြားခံစား ခွင့်များ ပံ့ပိုးပေးရန်အတွက်သော်လည်းကောင်း ရယူခြင်း၊
(ခ) ချေးငွေအတွက် အာမခံအဖြစ် မရွှေ့မပြောင်းနိုင်သောပစ္စည်းများ လက်ခံရယူခြင်း။
ချေးငွေအမျိုးမျိုးထုတ်ချေးခြင်းနှင့် သက်ဆိုင်သော သတ်မှတ်ချက်များ
၅၈။ (က) ဘဏ်သည် အောက်ပါတို့ကို ဆောင်ရွက်ထားရှိရမည်-
(၁) ချေးငွေထုတ်ချေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုပြုခြင်းနှင့် ချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှုအား စီမံခန့်ခွဲခြင်းတို့နှင့် စပ်လျဉ်း၍ လုံလောက်သော ဌာနတွင်းမူဝါဒများ၊ ကျင့်သုံးသည့် နည်းလမ်းများနှင့် လုပ်ထုံးလုပ်နည်းများ၊
(၂) ရရန်ပိုင်ခွင့်များ၏ အရည်အသွေးဆန်းစစ်အကဲဖြတ်ခြင်း၊ ချေးငွေဆုံးရှုံးမှုအတွက် လျာထားခြင်းနှင့် သီးသန့်ငွေ လုံလောက်စွာ ထားရှိခြင်းတို့နှင့် စပ်လျဉ်း၍ လုံလောက်သော မူဝါဒများ၊ ကျင့်စဉ်များနှင့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်ထားရှိခြင်း။
(ခ) ဘဏ်၏ ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် အရာရှိသည် ဘဏ်နှင့် ချေးငွေရယူသူတို့ ချုပ်ဆိုထားသည့် သဘောတူညီချက် တစ်ရပ်ရပ်နှင့် ချေးငွေရယူသူအပေါ် သတ်မှတ်ထားသည့် ချေးငွေ ကန့်သတ်ချက် အတွင်းမှသာ ငွေချေးခြင်း ပြုရမည်။
(ဂ) ဘဏ်သည် ဗဟိုဘဏ်သို့ အောက်ပါတို့ကို တင်ပြရမည်-
(၁) ချေးငွေပမာဏ တစ်ရပ်ရပ်ထုတ်ပေးရေးအတွက် ၎င်း၏မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်းသည့် သတင်း အချက်အလက်များ၊
(၂) ချေးငွေခွင့်ပြုခြင်းနှင့် စပ်လျဉ်း၍ ဘဏ်၏ ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် အရာရှိ များအတွက် ထားရှိသည့် ပမာဏကန့်သတ်ချက် သို့မဟုတ် စည်းကမ်းချက်များဆိုင်ရာ အစီရင်ခံစာ။
(ဃ) ဗဟိုဘဏ်သည် သက်ဆိုင်ရာဘဏ်က တင်ပြသည့် ချေးငွေမူဝါဒများ သို့မဟုတ် လုပ်ထုံးလုပ်နည်း များကို လိုအပ်ပါက ပြင်ဆင်နိုင်သည်။
ပမာဏကြီးမားသော ကြွေးမြီများ
၅၉။ (က) ဘဏ်သည် ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် စီးပွားရေးလုပ်ငန်း အုပ်စုတစ်ခုခု သို့မဟုတ် ဆက် နွှယ်နေသည့် မိတ်ဖက်အဖွဲ့အစည်း အုပ်စုတစ်ခုခုသို့ ချေးငွေထုတ်ချေးရာတွင် မိမိ၏အဓိက မတည် ငွေရင်း၏ ၂၀ ရာခိုင်နှုန်းထက်ပို၍ ထုတ်ချေးခြင်းမပြုရ။ ယင်းကန့်သတ်ချက်သည် နိုင်ငံတော်ပိုင်ဘဏ် များ၏ အစိုးရမူဝါဒဆိုင်ရာ ချေးငွေများနှင့် သက်ဆိုင်ခြင်း မရှိစေရ။
(ခ) ပုဒ်မခွဲ (က) ပါ ကန့်သတ်ချက်သည် ဗဟိုဘဏ်က သီးသန့်ဖော်ပြသတ်မှတ်ခြင်းမရှိပါက ဘဏ် များအကြား ဆောင်ရွက်ချက် များအတွက် အကျုံးဝင်ခြင်း မရှိစေရ။
(ဂ) ဗဟိုဘဏ်သည် ဘဏ်တစ်ခု၏ အာမခံဖြင့်ချေးသောချေးငွေ၊ အာမခံမဲ့ ချေးငွေ သို့မဟုတ် တစ်စိတ်တစ်ပိုင်းအာမခံဖြင့် ချေးငွေတို့အတွက် ထပ်တိုးကန့်သတ်ချက်များ သတ်မှတ်နိုင်သည်။
(ဃ) ဘဏ်သည် မိမိ၏ ပမာဏကြီးမားသော ကြွေးမြီတစ်ခုစီ၏ အချက်အလက်များကို ဗဟိုဘဏ်သို့ သတ်မှတ်ချက်များနှင့် အညီ ပေးပို့တင်ပြရမည်။
(င) ဗဟိုဘဏ်သည် ဆက်နွှယ်နေသည့် မိတ်ဖက်အဖွဲ့အစည်းအုပ်စု ၊ စုစုပေါင်းကြွေးမြီပမာဏ၊ ထပ်တိုးကန့်သတ်ချက်နှင့် အခြားလိုအပ်ချက်များကို လိုအပ်သလို သတ်မှတ်ဖော်ပြနိုင်သည်။
(စ) ဤပုဒ်မပါအလို့ငှာ ကြွေးမြီ ဆိုသည်မှာ ဘဏ်က ပုဂ္ဂိုလ်တစ်ဦးဦးသို့ဖြစ်စေ ၊ ပုဂ္ဂိုလ်တစ်ဦးဦး၏ ကိုယ်စားလှယ်သို့ ဖြစ်စေ ချေးငွေအမျိုးမျိုးထုတ်ချေးခြင်း လုပ်ငန်းကိုဆိုသည်။ ယင်းစကားရပ်တွင် ချေးငွေ၊ ကြိုတင်ထုတ်ပေးငွေ၊ စာရင်းပိုထုတ်ငွေ၊ ငှားရမ်းမှုအတွက်ချေးငွေ၊ ချေးငွေဆိုင်ရာ စာရွက် စာတမ်းများ လက်ခံခြင်း၊ အာမခံချက်ပေးခြင်း၊ ဘဏ်ငွေလွှဲစာတမ်း၊ ဘဏ်အာမခံစာချုပ်၊ နိုင်ငံခြား သုံးငွေဆိုင်ရာ သဘောတူစာချုပ်နှင့် ဘဏ်၏ လက်ကျန်ရှင်းတမ်းတွင် မပါဝင်သော ချေးငွေတစ်ခုခု အပါအဝင် ဆက်သွယ်ဆောင်ရွက်သူက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဘဏ်တစ်ခုသို့ ငွေရေး ကြေးရေး ပေးရန်တာဝန်များလည်း ပါဝင်သည်။
ရင်းနှီးမြှုပ်နှံမှုအပေါ်ကန့်သတ်ချက်များ
၆၀။ (က) ဘဏ်တစ်ခုသည် အောက်ပါကုမ္ပဏီ သို့မဟုတ် လုပ်ငန်းအမျိုးအစားတစ်ခုခု၏ အစုရှယ်ယာ များကို ရယူခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်း မပြုရ-
(၁) အများနှင့်သက်ဆိုင်သော ကုမ္ပဏီမဟုတ်သည့်အပြင် ဗဟိုဘဏ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိသော ကုမ္ပဏီ သို့မဟုတ် လုပ်ငန်း။
(၂) ဗဟိုဘဏ်က လုပ်ကိုင်ခွင့်မရှိဟု ကြေညာထားသော လုပ်ငန်းအမျိုးအစားကို လုပ်ကိုင်နေသော ကုမ္ပဏီ သို့မဟုတ် လုပ်ငန်း။
(ခ) ဘဏ်တစ်ခုသည် အခြားကုမ္ပဏီတစ်ခု သို့မဟုတ် လုပ်ငန်းတစ်ခုတွင် အစုရှယ်ယာရယူခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်း ပြုလျှင် မိမိဘဏ်၏ မတည်ရင်းနှီးငွေ၏ ၁၀ ရာခိုင်နှုန်း ထက်မပိုသော ပမာဏကိုသာ ဝယ်ယူနိုင်ခွင့်ရှိသည်။
၆၁။ (က) ဘဏ်တစ်ခုသည် အခြားကုမ္ပဏီတစ်ခု သို့မဟုတ် လုပ်ငန်းတစ်ခုတွင် အောက်ပါအတိုင်း အစုရှယ် ယာရယူခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်း ပြုနိုင်သည်-
(၁) အခြားဘဏ်တစ်ခုတွင် အဆိုပါဘဏ်၏ မတည်ရင်းနှီးငွေ၏ ငါးရာခိုင်နှုန်းအထိ တန်ဖိုးရှိသော အစုရှယ်ယာ၊
(၂) ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းလုပ်ငန်း ဆောင်ရွက်သည့်လုပ်ငန်း သို့မဟုတ် ကုမ္ပဏီတစ်ခုခုတွင် အဆိုပါ ကုမ္ပဏီ သို့မဟုတ် လုပ်ငန်း မတည်ရင်းနှီးငွေ၏ငါးရာခိုင်နှုန်းအထိ တန်ဖိုးရှိသော အစုရှယ်ယာ။
(ခ) ပုဒ်မ ၆၀၊ ပုဒ်မခွဲ (ခ) ပါ ကန့်သတ်ချက်တွင် အောက်ပါတို့ အကျုံးမဝင်-
(၁) တာဝန်ခံ၍ရောင်းချခြင်း သို့မဟုတ် တစ်ဆင့်တာဝန်ခံ၍ရောင်းချခြင်း စာချုပ်တစ်ရပ်ရပ်အရ အလုပ် လုပ်ရက်ခုနစ်ရက်ထက် မပိုသောကာလအတွက် သို့မဟုတ် ဗဟိုဘဏ်က အတည်ပြုသည့် အခြားထပ် တိုးကာလတစ်ခုခုအတွက် ဘဏ်ကကုမ္ပဏီ သို့မဟုတ် လုပ်ငန်းတစ်ခုခု၏ ရှယ်ယာတစ်ရပ်ရပ်ကို လက်ဝယ်ထားရှိခြင်း သို့မဟုတ် ရယူခြင်း၊
(၂) ဘဏ်၏ လက်အောက်ခံကုမ္ပဏီတစ်ခု၏ အစုရှယ်ယာ သို့မဟုတ် ဤဥပဒေအခန်း (၁၄)နှင့် (၁၅) တို့အရ အခြားဘဏ်တွင် ဗဟိုဘဏ်က အတည်ပြုပေးသည့် ရှယ်ယာကို လက်ဝယ်ထားရှိခြင်း သို့မဟုတ် ရယူခြင်း၊
(၃) ဘဏ်တစ်ခုသို့ ပေးရန်စေ့ရောက်သည့် ကြွေးမြီတစ်ရပ်ရပ်အတွက် ပေးချေသည့်ရှယ်ယာအား လက်ဝယ်ထားရှိခြင်း သို့မဟုတ် ရယူခြင်းတစ်ရပ်ရပ်ရှိပါက အဆိုပါရယူခြင်း၊ လက်ဝယ်ထားရှိခြင်းကို ဗဟိုဘဏ်သို့ စာဖြင့်အကြောင်းကြားရန် ဖြစ်ပြီး အဆိုပါရယူသည့်နေ့မှစ၍ နှစ်နှစ်အတွင်း ရောင်းချ ရမည်။
(ဂ) ဤပုဒ်မအရ အစုရှယ်ယာများကို ရယူသော သို့မဟုတ် လက်ဝယ်ထားရှိသော ဘဏ်တစ်ခုခုသည် သက်ဆိုင်ရာတို့က အချိန်မရွေး စစ်ဆေးနိုင်ရန် အဆိုပါရယူထားသော သို့မဟုတ် လက်ဝယ်ထားရှိသော ရှယ်ယာများကို သီးခြားမှတ်တမ်းဖြင့် ထိန်းသိမ်းရမည်။
(ဃ) ဤပုဒ်မအလို့ငှာ ဗဟိုဘဏ်သည် အောက်ပါတို့အတွက် စည်းမျဉ်းများဖြင့် သတ်မှတ်နိုင်သည်-
(၁) ဘဏ်က စီးပွားရေးလုပ်ငန်းတစ်ခုတွင် အစုရှယ်ယာပါဝင်ခြင်း၊ ရယူခြင်း၊ လက်ဝယ်ထားရှိခြင်း၊
(၂)အဆိုပါဘဏ်တစ်ခုက ရယူထားသော၊ လက်ဝယ်ရှိသော စုစုပေါင်းအစုရှယ်ယာများ၏ တန်ဖိုးပမာ ဏ နှင့် ပုဂ္ဂိုလ်တစ်ဦးဦးထံမှရယူ ပိုင်ဆိုင်နိုင်သော သဘောသဘာဝနှင့် အများဆုံးတန် ဖိုး ပ မာဏ။
(င) ဤပုဒ်မ၏ ပြဋ္ဌာန်းချက်များကိုဖြစ်စေ၊ စည်းမျဉ်းများကိုဖြစ်စေ ဘဏ်တစ်ခုခုက ဖောက်ဖျက်လျှင် ဗဟိုဘဏ်သည် အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်-
(၁) အဆိုပါ ဘဏ်အား ကုမ္ပဏီတစ်ခုတွင်ဖြစ်စေ ၊စီးပွားရေးလုပ်ငန်းတစ်ခုတွင်ဖြစ်စေ အစုရှယ်ယာများ ပမာဏတိုးမြှင့်မှုကို တားမြစ်ခြင်း၊
(၂) ဘဏ်အား ကုမ္ပဏီတစ်ခု သို့မဟုတ် လုပ်ငန်းတစ်ခုလက်ဝယ်ရှိသည့် အစုရှယ်ယာများ ပမာဏကို သတ်မှတ်ထားသည့် အချိန်အတွင်းလျှော့ချရန် သို့မဟုတ် သတ်မှတ်ထားသည့် ကန့်သတ်ချက်ပမာဏ အထိ ထားရှိရန် ညွှန်ကြားခြင်း။
၆၂။ ပုဒ်မ ၆၀ နှင့် ၆၁ ပါ ပြဋ္ဌာန်းချက်များသည် နိုင်ငံခြားဘဏ်များ၊ ယင်းတို့၏ နိုင်ငံခြားဘဏ်ခွဲ များနှင့် သက်ဆိုင်ခြင်း မရှိစေရ။
၆၃။ (က) မည်သည့်ဘဏ်မျှ မိမိဘဏ်က ပိုင်ဆိုင်သော ရှယ်ယာများရယူခြင်း ဆောင်ရွက်ရန် သို့မဟုတ် စည်းကမ်းချက်သတ်မှတ် မထားသော သို့မဟုတ် အရေးပေါ်ပေးရန်တာဝန်ပေါ်ပေါက်နေသော ဘဏ်က ထုတ်ဝေသည့် ကြွေးမြီဆိုင်ရာ သက်သေခံ လက်မှတ်များ၊စာချုပ်များကို ဝယ်ယူခြင်းဆောင်ရွက်ရန် ချေးငွေထုတ်ခြင်းမပြုရ။
(ခ) မည်သည့်ဘဏ်မျှ မိမိပိုင်အစုရှယ်ယာများကို အာမခံထား၍လည်းကောင်း၊ မိမိဘဏ်တွင် အကျိုး စီးပွားများစွာ ရှိသော ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာများကို အာမခံထား၍လည်းကောင်း ချေးငွေထုတ် ချေးခြင်း မပြုရ။
(ဂ) ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ (ခ)ပါ ပြဋ္ဌာန်းချက်များသည် သက်ဆိုင်ရာ ဘဏ်ဝန်ထမ်းများက ဘဏ်၏ အစုရှယ်ယာများအား ပိုင်ဆိုင်နိုင်သည့် အစီအစဉ်အတွက် ကိုယ်ပိုင်အစုရှယ်ယာများကို အာမခံထား၍ ချေးငွေပေးခြင်းနှင့် သက်ဆိုင်ခြင်း မရှိစေရ။ ယင်းသို့ချေးငွေပေးခြင်းသည် ဘဏ်၏ထည့်ဝင်ပြီး မတည် ရင်းနှီးငွေ၏ ငါးရာခိုင်နှုန်းထက် မပိုရ။
ဆက်နွှယ်နေသူများအား ချေးငွေပေးခြင်း
၆၄။ (က) မည်သည့်ဘဏ်မျှ ၎င်း၏ဒါရိုက်တာများ ၊မန်နေဂျာများ သို့မဟုတ်ဘဏ်၏ ငါးရာခိုင်နှုန်း ထက်ပိုသည့် မဲပေးနိုင်သော အစုရှယ်ယာများကို ကိုင်ဆောင်ထားသူ အစုရှယ်ယာဝင်များအား ချေးငွေ ထုတ်ချေးခြင်း မပြုရ။
(ခ) မည်သည့်ဘဏ်ကမျှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ငွေရေးကြေးရေးအဖွဲ့ အစည်းနှင့် ဆက်နွှယ်နေသူနှင့် ဈေးကွက်စည်းကမ်းသတ်မှတ်ချက်များထက် လျော့နည်းသော စည်း ကမ်းချက်များဖြင့် မည်သည့် လွှဲပြောင်းဆောင်ရွက်ခြင်း ကိုမျှမပြုလုပ်ရ။
(ဂ) အောက်ပါအခြေအနေများရှိမှသာ ဘဏ်သည် ဆက်နွယ်နေသူများနှင့် ဆောင်ရွက်ချက်များ ပြုလုပ် နိုင်သည်-
(၁) ဘဏ်၏ ဒါရိုက်တာအဖွဲ့ အစည်းအဝေးတွင် အဆိုပါကိစ္စနှင့် ပတ်သက်သည့် ဒါရိုက်တာမှအပ ကျန်ဒါရိုက်တာအဖွဲ့ဝင် သုံးပုံနှစ်ပုံအောက်မနည်းသည့် ဆန္ဒမဲအရ ဒါရိုက်တာအဖွဲ့ အစည်းအဝေးက အတည်ပြုထားပြီးဖြစ်ခြင်း၊
(၂) အဆိုပါ ဆောင်ရွက်ချက်အတွက် အာမခံပစ္စည်းတင်သွင်းထားခြင်း။
(ဃ) မည်သည့်ဘဏ်မျှ ဆက်နွှယ်နေသူအား ဗဟိုဘဏ်က သတ်မှတ်ထားသော ပမာဏထက် ကျော်လွန်၍ ချေးငွေတစ်ရပ်ရပ်ကို ထုတ်ချေးခြင်းမပြုရ။
(င) ဗဟိုဘဏ်သည် အောက်ပါတို့ကို သတ်မှတ်နိုင်သည်-
(၁) ချေးငွေ၏ အရင်းပမာဏ၊
(၂) ချေးငွေအားလုံးအတွက် စုစုပေါင်းအရင်းငွေပမာဏလက်ကျန် သို့မဟုတ်ဘဏ်တစ်ခုက ဆက်နွှယ် နေသော စီးပွားရေး လုပ်ငန်းအုပ်စုကိုဖြစ်စေ၊ ယင်းအုပ်စု၏ အဖွဲ့ဝင်တစ်ဦးဦးကိုဖြစ်စေ ထုတ်ချေးသည့် ချေးငွေအမျိုးအစားတစ်ရပ်ရပ်။
(စ) ဆက်နွှယ်နေသူနှင့် ပတ်သတ်နေသည့် ပေးရန်ရှိသည့် ချေးငွေများအားလုံးကို ချေးငွေအပြည့်အဝ ပေးပြီးသည့် အချိန်အထိ ဘဏ်၏ လက်ရှိဘဏ္ဍာရေးနှစ်နှင့် လာမည့် ဘဏ္ဍာရေးနှစ်များအတွက် ရေးဆွဲ သော ငွေရေးကြေးရေး စာရင်းများတွင် ဖော်ပြရမည်။
(ဆ) ဘဏ်သည် ၎င်းတို့နှင့် ဆက်နွှယ်နေသူများက ဤပုဒ်မတွင် ဖော်ပြထားသော စည်းမျဉ်းစည်းကမ်း များကို ချိုးဖောက်ကြောင်း တွေ့ရှိပါက ဗဟိုဘဏ်သို့ ဖောက်ဖျက်သူများကို ဖော်ပြ၍ ချက်ချင်းသတင်း ပို့ရမည်။
(ဇ) ဘဏ်သည် ဤပုဒ်မပါ စည်းကမ်းချက်များအား ချိုးဖောက်ခြင်းနှင့်စပ်လျဉ်း၍ စီမံဆောင်ရွက်ခြင်း မပြုပါက ဗဟိုဘဏ်သည် ချေးငွေများ ပြန်လည်ရရှိရေးအတွက်ရက်ပေါင်း ၃၀ အတွင်း ညွှန်ကြားချက် ထုတ်ခြင်း သို့မဟုတ် လိုအပ်သလို သတ်မှတ် ချက်များ ချမှတ်ဆောင်ရွက်နိုင်သည်။
(ဈ) ဤပုဒ်မပါ ပြဋ္ဌာန်းသည့် ချေးငွေထုတ်ချေးခြင်းသည် အဆိုပါဘဏ်၏ ဝန်ထမ်းများသို့ ထုတ်ချေး သည့် ချေးငွေအစီအစဉ် တစ်ရပ်ဖြစ်ပါက ဘဏ်၏ဝန်ထမ်းတစ်ဦးဖြစ်သော ဒါရိုက်တာတစ်ဦး သို့မဟုတ် အရာရှိတစ်ဦးနှင့် အကျုံးဝင်သက်ဆိုင်ခြင်း မရှိစေရ။
၆၅။ ဗဟိုဘဏ်သည် ဘဏ်များအတွက် နိုင်ငံခြားငွေဖြင့် ချေးငွေအမြင့်ဆုံး ကန့်သတ်ချက်များကို နိုင်ငံ ခြားငွေကြေး တစ်မျိုးဖြင့် ဖြစ်စေ၊ နိုင်ငံခြားငွေအမျိုးမျိုးဖြင့်ဖြစ်စေ စည်းမျဉ်းထုတ်ပြန်၍ သတ်မှတ် နိုင်သည်။
၆၆။ (က) ဗဟိုဘဏ်သည် ကြပ်မတ်ကွပ်ကဲရေးနှင့် စပ်လျဉ်း၍ ဘဏ်များလိုက်နာရမည့် လိုအပ်ချက် များကို သတ်မှတ်ရန် ဤဥပဒေ၏ ပြဋ္ဌာန်းချက်များနှင့်အညီ စည်းမျဉ်းများကို အသေးစိတ် သတ်မှတ် ထုတ်ပြန်ရမည်။
(ခ) ယင်းသို့ ထုတ်ပြန်ရာတွင် ဘဏ်အားလုံးအတွက်ဖြစ်စေ၊ အမျိုးအစားကွဲပြားသည့် ဘဏ်များ အတွက်ဖြစ်စေ ထုတ်ပြန်သော စည်းမျဉ်းများသည် အဆိုပါဘဏ်၏ မတူညီသောရည်ရွယ်ချက်၊ သဘော သဘာဝ၊ လုပ်ငန်းပမာဏ နှင့် အဆိုပါဘဏ်၏ ငွေကြေးရရှိရာ ရင်းမြစ်တို့အပေါ်တွင် မူတည်၍ သတ် မှတ်နိုင်သည်။
(ဂ) ဗဟိုဘဏ်က ဤပုဒ်မအရ သတ်မှတ်ထားသည့် လိုအပ်ချက်များကို လိုက်နာရန် ပျက်ကွက်သည့် ဘဏ်တစ်ခုခုသည် ဗဟိုဘဏ်က သတ်မှတ်သည့်အချိန်ကာလအတွင်း ဗဟိုဘဏ်၏ စည်းမျဉ်းတွင် သတ်မှတ်သည့်နှုန်းထားဖြင့် ဗဟိုဘဏ်သို့ ဒဏ်ငွေပေးဆောင်ရမည်။
လုပ်ငန်းဆောင်ရွက်ချက်နှင့် ကတိကဝတ်များအတွက် မှတ်တမ်းများ
၆၇။ (က) ဘဏ်သည် ၎င်း၏ ဆက်သွယ်ဆောင်ရွက်ချက်နှင့် ကတိကဝတ်များ အသီးသီးအတွက် သက် ဆိုင်သော စာရွက်စာတမ်းများကို စာတွဲပြုစုထားရှိရမည်။ အဆိုပါစာတွဲသည် တရားရုံးတွင် သက်သေခံ ဝင်သော စာတမ်းအမှတ်အသားများ ဖြစ်စေရမည်။
(ခ) ဗဟိုဘဏ်သည် အောက်ပါတို့အပါအဝင် မှတ်တမ်းပြုစုခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ သတ်မှတ် ချက်များကို စည်းမျဉ်းထုတ် ပြန်သတ်မှတ်နိုင်သည်-
(၁) စာတမ်းအမှတ်အသား အမျိုးအစားများ၊
(၂) ထိန်းသိမ်းထားရှိသည့် ပုံစံ၊ နည်းစနစ်၊
(၃) ထိန်းသိမ်းထားရှိရမည့် သက်တမ်းကာလ၊
(၄) ဤပုဒ်မနှင့် သက်ဆိုင်သော အခြားလိုအပ်သည့် စာတမ်းအမှတ်အသားများ။
ငွေကြေးခဝါချမှုနှင့် သံသယရှိသော ငွေလွှဲပြောင်းပေးပို့မှု သတင်းပေးပို့ခြင်းများ
၆၈။ ဗဟိုဘဏ်သည် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပါ ကိစ္စရပ်များနှင့် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေများအရ သက်ဆိုင်ရာသို့ သတင်းပို့ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ငွေရေးကြေးရေး အဖွဲ့အစည်းများက လုပ်ဆောင်ရမည့် လုပ်ထုံးလုပ် နည်းများကို သီးခြားသတ်မှတ်ထားရှိရမည်။
လက်အောက်ခံအဖွဲ့အစည်းများ တည်ထောင်ခြင်း သို့မဟုတ် ပိုင်ဆိုင်မှုရယူခြင်းအား ထိန်းချုပ်ကွပ်ကဲ ခြင်း
၆၉။ ဘဏ်တစ်ခုသည် အောက်ပါကိစ္စရပ်များအတွက် ဗဟိုဘဏ်၏ ကြိုတင်ခွင့်ပြုချက် ရယူရမည်-
(က) ပြည်တွင်း သို့မဟုတ် ပြည်ပတွင် လက်အောက်ခံအဖွဲ့အစည်းများဖွဲ့စည်းခြင်း သို့မဟုတ် ပိုင်ဆိုင်မှု ရယူခြင်း၊
(ခ) ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ ၎င်း၏ရုံးတစ်ခုခု ဖွင့်လှစ်ခြင်း။
အဆက်အသွယ်ဘဏ်လုပ်ငန်း တည်ထောင်ခြင်း
၇၀။ (က) ဘဏ်သည် ပြည်ပရှိ မည်သည့်ဘဏ်နှင့်မဆို အဆက်အသွယ် ဘဏ်လုပ်ငန်းအား ထူထောင် ခွင့်ရှိသည်။
(ခ) ဗဟိုဘဏ်သည် မြန်မာနိုင်ငံပြင်ပရှိ ငွေရေးကြေးရေးအဖွဲ့အစည်းနှင့် အဆက်အသွယ် ဘဏ်လုပ်ငန်း ကို ထူထောင်ခြင်းနှင့် စပ်လျဉ်း၍ စည်းမျဉ်းသတ်မှတ်ချက်များကို ထုတ်ပြန်သတ် မှတ်နိုင်သည်။
ငွေရေးကြေးရေးဆိုင်ရာဝန်ဆောင်မှုရယူသူများကို အကာအကွယ်ပေးခြင်း
၇၁။ (က) ဗဟိုဘဏ်သည် ဘဏ်များ၏ ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုရယူသူများကို အကာ အကွယ်ပေးခြင်းနှင့် ငွေရေးကြေးရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရန် တာဝန်ရှိသည်။
(ခ) ပုဒ်မခွဲ (က) ပါ တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အောက်ပါတို့ကို ဆောင်ရွက်ရမည်-
(၁) နိုင်ငံတော်တွင်ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုရယူသူများကို ကာကွယ်ရေးအတွက် မဟာဗျူ ဟာ အစီအစဉ်ကို စီမံချက်ရေးဆွဲရန်နှင့် အကောင်အထည်ဖော်ရန်၊
(၂) အခြားငွေရေးကြေးရေး ကဏ္ဍကြပ်မတ်ကွပ်ကဲသူများနှင့် ပူးပေါင်း၍ ဝန်ဆောင်မှု ရယူသူများကို အကာအကွယ်ပေးရေး အစီအမံများ ညှိနှိုင်းဆောင်ရွက်ရန်၊
(၃) အခြားငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ငွေရေးကြေးရေးကဏ္ဍ ကြပ်မတ်ကွပ်ကဲသူများထံမှ လိုအပ်သည့် သတင်းအချက် အလက်များရယူရန်၊
(၄) အခြားသော ငွေရေးကြေးရေးကဏ္ဍကြပ်မတ်ကွပ်ကဲသူများက ကြီးကြပ်ကွပ်ကဲခြင်းမပြုသည့် ကဏ္ဍ များ၊ လစ်လပ်နေသော ကဏ္ဍများအတွက် ညွှန်ကြားချက်များ ထုတ်ပြန်ရန်၊
(၅) ငွေရေးကြေးရေး အဖွဲ့အစည်းနှင့် ၎င်းနှင့်ဆက်ဆံသူများအကြားတွင် ပေါ်ပေါက်သည့် အငြင်းပွားမှု များကို တရားရုံး ပြင်ပတွင် ဖြေရှင်းသော စနစ်တစ်ရပ်အား တိုးမြှင့်ဆောင်ရွက်ရန်၊
(၆) ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုရယူသူများကို သုတေသနပြုခြင်းနှင့် ကိန်းဂဏန်းစုဆောင်း ခြင်း ကိစ္စများကို အားကောင်းစေရေးအတွက် ဆောင်ရွက်ရန်၊
(၇) အဓိကပါဝင်သူများ၏ ငွေရေးကြေးရေး အသိပညာဆိုင်ရာ စာပေကွန်ရက်ကို တည်ထောင်ရန်၊
(၈) ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုရယူသူများကို ကာကွယ်ရေးနယ်ပယ်နှင့် စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ပြဿနာရပ်များကို အစိုးရနှင့် အများပြည်သူတို့ သိရှိစေရန် အစဉ်တစိုက် အသိပေးဖော်ပြရန်။
(ဂ) ဗဟိုဘဏ်သည် ပုဒ်မခွဲ (က) နှင့် (ခ) အား အကျိုးသက်ရောက်စေရန်အလို့ငှာ လိုအပ်သည့် စည်း မျဉ်းများကို ထုတ်ပြန် နိုင်သည်။
မမျှတသည့် ယှဉ်ပြိုင်လုပ်ကိုင်မှုများအား တိုက်ဖျက်ရေး
၇၂။ ဘဏ်သည် အောက်ပါတို့ကို ဆောင်ရွက်ခြင်း မပြုရ-
(က) ငွေရေးကြေးရေးဈေးကွက်များတွင် ထိန်းချုပ်လွှမ်းမိုးနိုင်သည့် အနေအထားကိုရရှိစေမည့် ပဋိ ညာဉ်စာချုပ်များ သို့မဟုတ် သဘောတူညီချက်များကို ချုပ်ဆိုခြင်း သို့မဟုတ် လုပ်ဆောင်မှုများကို ဆောင်ရွက်ခြင်း၊
(ခ) မိမိအတွက်လည်းကောင်း၊ အခြားပုဂ္ဂိုလ်များအတွက် လည်းကောင်း မမျှတသည့် အခွင့်အလမ်း ရရှိစေမည့် မမှန် ကန်သော လုပ်ဆောင်မှုများ ဆောင်ရွက်ခြင်း။