• +95-67(3)408505
  • mmcc.office@commerce.gov.mm
ယှဉ်ပြိုင်မှုနည်းဥပဒေများ
Download : Myanmar / English
အခန်း(၅) စုံစမ်းစစ်ဆေးရေးကော်မတီ

၂၈။     ကော်မရှင်သည် ကော်မရှင်ရုံးက တင်ပြသည့် အစီရင်ခံစာအရဖြစ်စေ၊ ခိုင်လုံသော တိုင်ကြား ချက်အရဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့်ဖြစ်စေ ဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် သည်ဟု ယူဆလျှင် စုံစမ်းစစ်ဆေးနိုင်ရန် စုံစမ်းရေးကော်မတီကို ဖွဲ့စည်း၍ ယင်းကော်မတီ၏ လုပ် ငန်းတာဝန်များကို သတ်မှတ်ပေးရမည်။

၂၉။     စုံစမ်းစစ်ဆေးရေးကော်မတီကို ဖွဲ့စည်းရာတွင် ကော်မရှင်အဖွဲ့ဝင်တစ်ဦးကို စုံစမ်းစစ်ဆေး ရေးကော်မတီ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ကျွမ်းကျင်သူ သို့မဟုတ် စုံစမ်းစစ်ဆေးရေးဆိုင်ရာ နယ် ပယ်နှင့် သက်ဆိုင်ရာနယ်ပယ်တို့တွင် အတွေ့အကြုံနှင့် ဗဟုသုတရှိသူ အနည်းဆုံးတစ်ဦးစီကို ကော်မတီဝင်များအဖြစ်လည်းကောင်း ထည့်သွင်းဖွဲ့စည်းရမည်။

၃၀။    စုံစမ်းစစ်ဆေးရေးကော်မတီဝင်အဖြစ် ခန့်အပ်ခံရသူသည် နိုင်ငံ့ဝန်ထမ်းဖြစ်ပါက ယှဉ်ပြိုင်မှု ဆိုင်ရာကိစ္စရပ်များအတွက် လေ့ကျင့်ပေးထားသော ဒုတိယညွှန်ကြားရေးမှူးနှင့်အထက် အဆင့်ရှိသူ ဖြစ်ရမည်။

၃၁။    စုံစမ်းစစ်ဆေးရေးကော်မတီဝင်များသည်-                                      

(က)    ယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဗဟုသုတရှိသူဖြစ်ရမည်။

(ခ)     အကျင့်စာရိတ္တကောင်းမွန်၍ ဘက်မလိုက်သူ ဖြစ်ရမည်။

(ဂ)     စီးပွားရေးပညာရပ်၊ ဥပဒေပညာရပ်၊ ကူးသန်းရောင်းဝယ်ရေးပညာရပ် သို့မဟုတ် သက်ဆိုင်ရာအခြားပညာရပ်နယ်ပယ်များတွင် ဗဟုသုတရှိသူဖြစ်ပြီး၊ လုပ်ငန်းအတွေ့ အကြုံ အနည်းဆုံးသုံးနှစ်ရှိသူဖြစ်ရမည်။

၃၂။     စုံစမ်းစစ်ဆေးရေးကော်မတီသည်-

(က)    ကော်မရှင်က ဖွဲ့စည်းတာဝန်ပေးအပ်သည့်နေ့မှ ခုနစ်ရက်အတွင်း စုံစမ်းစစ်ဆေးမှုကို  စတင်ဆောင်ရွက်ရမည်။

(ခ)     စုံစမ်းစစ်ဆေးဆောင်ရွက်မှုအခြေအနေကို ၁၅ ရက်လျှင် တစ်ကြိမ် ကော်မရှင်သို့ တင်ပြရမည်။

(ဂ)     စုံစမ်းစစ်ဆေးတွေ့ရှိချက်များအရ ဥပဒေနှင့်အညီ လိုအပ်သော အရေးယူဆောင်ရွက် မှုများပြုနိုင်ရန် သဘောထားမှတ်ချက်နှင့်အတူ ကော်မရှင်သို့ တင်ပြရမည်။

(ဃ)    စတင်စုံစမ်းသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း စုံစမ်းစစ်ဆေးတွေ့ရှိချက် အပြီးသတ် အစီရင်ခံစာကို ကော်မရှင်ထံ တင်ပြရမည်။

(င)     အပြီးသတ်အစီရင်ခံရမည့်ကာလတိုးမြှင့်သတ်မှတ်ပေးနိုင်ရန် လိုအပ်ပါက ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြချက်တို့ဖြင့် ကော်မရှင်ထံသို့ တင်ပြ၍ ခွင့်ပြုချက် တောင်းခံ ရမည်။

၃၃။    စုံစမ်းစစ်ဆေးရေးကော်မတီသည် ယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များကို စုံစမ်းစစ်ဆေးရာတွင် လိုအပ်ပါက သက်ဆိုင်ရာကိစ္စရပ်အလိုက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းနိုင်သည်။

၃၄။    စုံစမ်းစစ်ဆေးရေးကော်မတီသည် မိမိ၏ လုပ်ငန်းတာဝနများကို ဆောင်ရွက်ရာတွင်-

(က)    စုံစမ်းစစ်ဆေးခြင်းခံရသူ၏ အဆောက်အအုံ၊ မြေ၊ လုပ်ငန်းနေရာတို့ကို ဥပဒေနှင့်အညီ ဝင်ရောက်ကြည့်ရှုစစ်ဆေးခွင့်နှင့် ရှာဖွေခွင့်ရှိသည်။

(ခ)     ကော်မရှင်၏ တာဝန်ပေးအပ်ချက်နှင့်အညီ ငွေကြေးနှင့်အဖိုးတန်ပစ္စည်းများကို သက်သေခံအထောက်အထားအဖြစ် သိမ်းဆည်းရန် လိုအပ်ပါက ဥပဒေနှင့်အညီ ချိတ် ပိတ်၍ သိမ်းယူနိုင်သည်။ ယင်းပစ္စည်းများကို ကော်မရှင်က သတ်မှတ်သည့်ဘဏ်တွင် လုံခြုံမှုအတွက် အပ်နှံသည့်စနစ်ဖြင့် အပ်နှံထားရမည်။

(ဂ)     လုပ်ငန်းဆိုင်ရာ အချက်အလက်များ၊ စာရွက်စာတမ်းများနှင့် အထောက်အထားများ ကို စစ်ဆေးကြည့်ရှုပြီး လိုအပ်ပါကကော်မရှင်၏ တာဝန်ပေးချက်နှင့်အညီ သက်သေခံ အထောက်အထားအဖြစ် သိမ်းဆည်းနိုင်သည်။

(ဃ)    သက်သေခံအထောက်အထားများ သိမ်းဆည်းရာ၌ ရှာဖွေသက်သေနှစ်ဦး၏ရှေ့တွင် သက်သေခံပစ္စည်းများ သိမ်းဆည်ခြင်းပုံစံ (ပုံစံ-၂) ဖြင့် မိတ္တူမှန် သုံးစောင်ပြုလုပ်၍ သိမ်းဆည်းရမည်။ ထိုပုံစံတွင် စုံစမ်းစစ်ဆေးခြင်းခံရသူ သို့မဟုတ် ပစ္စည်းသိမ်းဆည်း ခြင်းခံရသူ၊ ရှာဖွေသက်သေများနှင့် စုံစမ်းစစ်ဆေးရေးမှူးတို့က လက်မှတ်ရေးထိုး ရမည်။ သက်သေခံပစ္စည်း သိမ်းဆည်းခြင်းပုံစံ တစ်စောင်ကို စုံစမ်းစစ်ဆေးခြင်းခံရသူ သို့မဟုတ် ပစ္စည်းသိမ်းဆည်းခြင်းခံရသူထံ ပေးအပ်ရမည်။

(င)     သိမ်းဆည်းထားသော ပစ္စည်းများကို စုံစမ်းစစ်ဆေးနေစဉ်ကာလအတွင်း ကတိခံဝန် ချုပ်ဖြင့် ယာယီပြန်လည်အပ်နှံထားရန် ကော်မရှင်ကခွင့်ပြုလျှင် လုံလောက်သော အာမခံဖြင့် သက်သေခံပစ္စည်းများ ယာယီပြန်လည်အပ်နှံခြင်း ကတိခံဝန်ချုပ် (ပုံစံ-၃) ဖြင့် ချုပ်ဆိုစေ၍ ယင်းပစ္စည်းများကို သိမ်းဆည်းခြင်းခံရသူထံသို့ ခံဝန်ချုပ်ဖြင့် ယာယီ ပြန်လည်အပ်နှံထားရမည်။

၃၅။    စုံစမ်းစစ်ဆေးရေးကော်မတီသည် စုံစမ်းစစ်ဆေးမှုပြုရန် လိုအပ်သော လုပ်ငန်းအဖွဲ့များ၊ ဖွဲ့စည်းရာတွင် ယင်းအဖွဲ့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရမည်။

၃၆။    စုံစမ်းစစ်ဆေးရေးကော်မတီသည် လုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်ကို သတ်မှတ်ဖွဲ့စည်းရာ တွင် စုံစမ်းစစ်ဆေးမှုပြုလုပ်ရမည့် အချိန်ကာလကို ထည့်သွင်းသတ်မှတ်ပေးရမည်။

၃၇။    လုပ်ငန်းအဖွဲ့က စုံစမ်းစစ်ဆေးသည့်အချိန်ကာလ ပိုမိုလိုအပ်ကြောင်း ခိုင်လုံသောအကြောင်း ပြချက်နှင့်တကွ စုံစမ်းစစ်ဆေးရေးကော်မတီသို့ အစီရင်ခံတင်ပြလာပါက သင့်တော်သည့်အချိန်ကာ လ တိုးမြှင့်သတ်မှတ်ပေးနိုင်သည်။

၃၈။    စုံစမ်းစစ်ဆေးရေးကော်မတီသည် စီမံခန့်ခွဲမှုနည်းလည်းအရ အရေးယူဆောင်ရွက်မှုပြုရန် အကြောင်းပေါ်ပေါက်ပါက ကော်မတီဝင်များနှင့် တိုင်ပင်ဆွေးနွေးဆုံးဖြတ်ချက်ချနိုင်ရန် ကော်မတီ အစည်းအဝေးကို ကျင်းပရမည်။

၃၉။    စုံစမ်းစစ်ဆေးရေးကော်မတီသည် စုံစမ်းစစ်ဆေးမှုပြုရာ၌ နေ့စဉ်ဆောင်ရွက်ချက်၊ စစ်ဆေး တွေ့ရှိချက်ကို နေ့စဉ်မှတ်တမ်း(ပုံစံ-၄)၌ ထည့်သွင်းရေးမှတ်ရမည်။

၄၀။    ကော်မရှင်သည် အောက်ဖော်ပြပါ အခြေအနေတစ်ရပ်ရပ်ရှိသူကို စုံစမ်းစစ်ဆေးရေးကော်မတီ သို့မဟုတ် လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်း မပြုရ-

          (က)    တိုင်ကြားသူ သို့မဟုတ် စုံစမ်းစစ်ဆေးခံရသူနှင့် ဆွေမျိုးတော်စပ်သူ၊

(ခ)     စုံစမ်းစစ်ဆေးသည့်အမှုကိစ္စနှင့်စပ်လျဉ်း၍ အကျိုးသက်ဆိုင်သူ၊ လုပ်ငန်းဆက်စပ်လုပ် ကိုင်နေသူ၊

(ဂ)     တာဝန်ထမ်းဆောင်ရာတွင် မျက်နှာသာပေးဘက်လိုက်ဆောင်ရွက်နိုင်သည့် အနေ အထားရှိကြောင်း လုံလောက်သည့် အကြောင်းပြချက်ရှိသူ။