• +95-67(3)408505
  • mmcc.office@commerce.gov.mm
ယှဉ်ပြိုင်မှုနည်းဥပဒေများ
Download : Myanmar / English
အခန်း(၇) ယှဉ်ပြိုင်မှုဆိုင်ရာအမှုကိစ္စများတွင် သက်ဆိုင်သူများ၏ တာဝန်နှင့် အခွင့်အရေးများ

၄၅။    တိုင်ကြားသူသည်-

(က)    တိုင်ကြားချက်နှင့် စပ်လျဉ်း၍ တင်ပြခွင့်ရှိသည်။

(ခ)     တိုင်ကြားသည့်ကိစ္စကို သိရှိသည့်သက်သေများ တင်ပြခွင့်ရှိသည်။

(ဂ)     စုံစမ်းစစ်ဆေးသည့်ကိစ္စနှင့် သက်ဆိုင်သော သက်သေခံအထောက်အထား၊ စာရွက်စာ တမ်း၊ ငွေရေးကြေးရေးအထောက်အထား၊ သံသယဖြစ်ဖွယ်ကိစ္စရပ်များနှင့် ခိုင်လုံ သော အကျိုးအကြောင်းဖော်ပြချက်များကို တင်ပြနိုင်သည်။

(ဃ)    စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ရမည်။

၄၆။    စုံစမ်းစစ်ဆေးခြင်းခံရသူသည်-

(က)    စုံစမ်းစစ်ဆေးမည့်ကိစ္စရပ်များနှင့်ပတ်သက်သည့် လိုအပ်သော သက်သေခံအထောက် အထား၊ စာရွက်စာတမ်း၊ ငွေရေးကြေးရေးအထောက်အထားနှင့် ခိုင်လုံသော အကျိုး အကြောင်း ဖော်ပြချက်များကို တင်ပြရမည်။

(ခ)     လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရမည်။

(ဂ)     မှားယွင်းသော သို့မဟုတ် အထင်အမြင်လွဲမှားစေနိုင်သော အချက်အလက် သို့မဟုတ် သက်သေခံအထောက်အထားများ၊ ထွက်ဆိုချက်များကို ပေးအပ်ထွက်ဆိုပါက ဥပဒေ အရ အရေးယူခြင်းခံရမည်။

(ဃ)    ယင်းနှင့်ပတ်သက်သည့် သို့မဟုတ် အကျိုးစီးပွားစပ်ဆိုင်သည့် အဆောက်အအုံ၊ မြေ၊ လုပ်ငန်းနေရာတို့ကို စုံစမ်းစစ်ဆေးရေးကော်မတီ သို့မဟုတ် လုပ်ငန်းအဖွဲ့က ဥပဒေ နှင့်အညီ ဝင်ရောက်ကြည့်ရှုစစ်ဆေးခြင်းနှင့် ရှာဖွေခြင်းပြုရာတွင် ခွင့်ပြုရမည့်အပြင် ပူးပေါင်းဆောင်ရွက်ရမည်။

(င)     ကော်မရှင်၊ စုံစမ်းစစ်ဆေးရေးကော်မတီ သို့မဟုတ် လုပ်ငန်းအဖွဲ့မှ တောင်းဆိုသော သက်သေခံအထောက်အထားများကို သတ်မှတ်ချိန်အတွင်း တင်ပြရမည်။

(စ)     အမှုကိစ္စနှင့်သက်ဆိုင်သည့် သက်သေခံအထောက်အထားများကို လေ့လာခွင့်၊ မှတ်စု ထုတ်ယူခွင့်၊ မိတ္တူကူးယူခွင့်ရှိသည်။

(ဆ)    မိမိတို့တင်ပြလိုသည့် သက်သေခံအထောက်အထားများကို တင်ပြခွင့်၊ တိုင်ကြားခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းချေပခွင့်ရှိသည်။

(ဇ)     ကျွမ်းကျင်သူပညာရှင်များနှင့် သက်သေများကို စုံစမ်းစစ်ဆေးရေးကော်မတီသို့ တင်ပြ ခွင့်ရှိသည်။

၄၇။    စုံစမ်းစစ်ဆေးခြင်းခံရသူ၊ ပစ္စည်းသိမ်းဆည်းခြင်းခံရသူ သို့မဟုတ် သက်သေခံပစ္စည်းတွင် အကျိုးသက်ဆိုင်သူသည် စစ်ဆေးရေးအတွက် သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့သော သက်သေခံအထောက်အထားများကို အမှုစုံစမ်းစစ်ဆေးနေသည့်ကာလအတွင်း ခံဝန်ချုပ်ဖြင့် ယာယီ ပြန်လည်ရယူလိုပါက ရယူလိုသည့်ပစ္စည်းစာရင်းအပြည့်အစုံ၊ ပြန်လည်ရယူလိုသည့် ခိုင်လုံသော အကြောင်းပြချက်စသည်တို့ကို အသေးစိတ်ဖော်ပြ၍ စုံစမ်းစစ်ဆေးရေးကော်မတီမှတစ်ဆင့် ကော်မရှင်သို့ လျှောက်ထားရမည်။

၄၈။    တိုင်ကြားသူ သို့မဟုတ် စုံစမ်းစစ်ဆေးခြင်းခံရသူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါ က ယင်းတို့က လွှဲအပ်သော ကိုယ်စားလှယ်သည် ၎င်းတို့ကိုယ်စားပြုသည့်ဘက်မှ ရပိုင်ခွင့်ရှိသော အခွင့်အရေးနှင့် တာဝန်များကို ကာကွယ်ရန်အလို့ငှာ ယှဉ်ပြိုင်မှုဆိုင်ရာအမှုကိစ္စ၌ ပါဝင်ဆောင်ရွက် နိုင်သည်။

၄၉။    ယှဉ်ပြိုင်မှုဆိုင်ရာအမှုကိစ္စတွင် ပါဝင်ဆောင်ရွက်သော ကိုယ်စားလှယ်သည်-

(က)    ယှဉ်ပြိုင်မှုဆိုင်ရာ အမှုကိစ္စအဆင့်တိုင်း၌ ပါဝင်အကျိုးဆောင်ခွင့်ရှိသည်။

(ခ)     မိမိကိုယ်စားပြုသည့်ဘက်မှ ရပိုင်ခွင့်ရှိသည့် အခွင့်အရေးနှင့် တာဝန်များအတွက် ကာကွယ်ခုခံရန် သက်သေခံအထောက်အထားများကို ဥပဒေနှင့်အညီတင်ပြနိုင်သည်။

(ဂ)     မိမိကိုယ်စားပြုသည့်ဘက်မှ သတ်မှတ်ထားသည့် အခွင့်အရေးနှင့် တာဝန်များအတွက် ကာကွယ်ခုခံရန် ယှဉ်ပြိုင်မှုဆိုင်ရာအမှုကိစ္စနှင့် သက်ဆိုင်သည့် သက်သေခံအထောက် အထားများကို စုံစမ်းစစ်ဆေးရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့် လေ့လာခွင့်၊ မှတ်စု ထုတ်ယူခွင့်၊ မိတ္တူကူးယူခွင့်ရှိသည်။

(ဃ)    ယှဉ်ပြိုင်မှုဆိုင်ရာအမှုကိစ္စအတွက် ဆင့်ခေါ်မှုများကို လာရောက်ရင်ဆိုင်ရမည်။

(င)     သက်သေခံအထောက်အထားများ၊ သက်သေများ သို့မဟုတ် အခြားသက်ဆိုင်သူများ ကို မမှန်မကန် အစစ်ဆေးခံရန် သို့မဟုတ် မှန်ကန်မှုမရှိသော အထောက်အထားများ တင်ပြရန် တံစိုးလက်ဆောင်ပေးခြင်း၊ ဖိအားပေးခြင်း၊ စည်းရုံးခြင်း၊ သွေးဆောင်ခြင်း၊ လှုံ့ဆော်ခြင်းတို့ကို ရှောင်ကြဉ်ရမည်။

(စ)     စုံစမ်းစစ်ဆေးသော အမှုကိစ္စနှင့်စပ်လျဉ်းသည့် မိမိကိုယ်စားပြုသော စီးပွားရေး လုပ်ငန်းများ၏ လျှို့ဝှက်အချက်များ၊ ထင်မြင်ယူဆချက်များကို အမှုကိစ္စဖြေရှင်းမှု မပြီးဆုံးမီ ပြင်ပ၌မည်သည့်နည်းလမ်းဖြင့်မဆို ဖော်ထုတ်ပြောဆိုခြင်း၊ သတင်းလွှင့် ခြင်း၊ ထိုသို့သက်ရောက်စေသော အပြုအမူများပြုခြင်းတို့ကို ရှောင်ကြဉ်ရမည်။

၅၀။    စုံစမ်းစစ်ဆေးမှုတွင် သက်သေအဖြစ် အစစ်ဆေးခံရသူသည်-

(က)    စုံစမ်းစစ်ဆေးမှုနှင့်စပ်လျဉ်း၍ မိမိသိရှိသမျှ အဖြစ်အပျက်အားလုံးကို ကော်မရှင်၊ ယှဉ်ပြိုင်မှုဆိုင်ရာအမှုကိစ္စအတွက် ဖွဲ့စည်းထားသည့် ကော်မတီ သို့မဟုတ် လုပ်ငန်း အဖွဲ့ ရှေ့မှောက်တွင် ထွက်ဆိုအစစ်ဆေးခံရမည်။ လူကိုယ်တိုင် လာရောက်ထွက်ဆို ရန် မဖြစ်နိုင်ကြောင်း ခိုင်လုံသည့် အကြောင်းပြချက်ရှိ၍ ကော်မရှင်က ခွင့်ပြုလျှင် စာဖြင့် ရေးသား၍ ထွက်ဆိုချက်ပေးနိုင်သည်။

(ခ)     စုံစမ်းစစ်ဆေးမှုနှင့်စပ်လျဉ်း၍ မိမိထံတွင်ရှိသော သက်သေခံအထောက်အထားများ၊ စာရွက်စာတမ်းများကို တင်ပြရန် တောင်းဆိုပါက တင်ပြရမည်။

(ဂ)     စုံစမ်းစစ်ဆေးမှုတွင် လာရောက်ထွက်ဆိုသော သက်သေများသည် ကော်မရှင်က သတ်မှတ်ထားသည့် နေ့ထွက်စရိတ်နှင့် ခရီးစရိတ်ခံစားခွင့်ရှိသည်။ နိုင်ငံဝန်ထမ်းများ ဖြစ်ပါက ကော်မရှင်က သတ်မှတ်သော နေ့တွက်စရိတ်နှင့် ခရီးစရိတ်ကိုဖြစ်စေ၊ သက်ဆိုင်ရာဌာနက ထုတ်ပေးသော နေ့တွက်စရိတ်နှင့် ခရီးစရိတ်ကိုဖြစ်စေ ခံစားခွင့် ရှိသည်။

(ဃ)    ယှဉ်ပြိုင်မှုဆိုင်ရာအမှုကိစ္စနှင့် သက်ဆိုင်သည့် အခြေအနေအားလုံးကို အမှန်အတိုင်း တင်ပြရမည်။

၅၁။    စုံစမ်းစစ်ဆေးမှုတွင် ကျွမ်းကျင်ပညာရှင်အဖြစ် ပါဝင်ကူညီဆောင်ရွက်သူသည်-

(က)    ယှဉ်ပြိုင်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွင် ရရှိသည့် အထောက်အထား၊ အချက်အလက် များကို ဖတ်ရှုခြင်း၊ ထင်မြင်ချက်ပေးခြင်းနှင့် သုံးသပ်ချက်များကို ဖြောင့်မတ်မှန်ကန် စွာ ပေးခြင်းပြုရမည်။

(ခ)     စုံစမ်းစစ်ဆေးမှုတွင် ထင်မြင်ချက်ပေးနိုင်ရန် အရေးယူဆောင်ရွက်မှုတွင် ပါဝင်သော သူများကို လိုအပ်သလို မေးမြန်းခြင်း ပြုနိုင်သည်။

(ဂ)     ထင်မြင်ချက် သို့မဟုတ် သုံးသပ်ချက်ပေးရမည့်ကိစ္စသည် မိမိတတ်ကျွမ်းသည့် ပညာ ရပ်နှင့် သက်ဆိုင်မှုမရှိခြင်း သို့မဟုတ် သုံးသပ်ချက်အတွက် အသုံးပြုရမည့် အဓိက အချက်များလုံလောက်စွာမရရှိခြင်း သို့မဟုတ် အဓိကအချက်များမဟုတ်ခြင်းတို့ကြောင့် ထင်မြင်ချက် သို့မဟုတ်သုံးသပ်ချက်မပေးနိုင်လျှင် စုံစမ်းစစ်ဆေးရေးကော်မတီထံစာဖြင့် အကြောင်းကြားရမည်။

(ဃ)    ကော်မရှင်က သတ်မှတ်သည့် ခရီးစရိတ်နှင့် အခြားစရိတ်များကို ခံစားခွင့်ရှိသည်။

၅၂။     စုံစမ်းစစ်ဆေးရေးကော်မတီသည် ကျွမ်းကျင်ပညာရှင်အဖြစ် ဆောင်ရွက်ရန် ခန့်အပ်ရာတွင် အောက်ဖော်ပြပါ အခြေအနေတစ်ရပ်ရပ်ရှိသူကို ပါဝင်ကူညီဆောင်ရွက်စေခြင်းမှ ရှောင်ကြဉ်ရမည်-

(က)    အမှုကိစ္စတစ်ခုတည်းတွင် တစ်ဖက်အမှုသည်၏ ရှေ့နေ သို့မဟုတ် အသိသက်သေ အဖြစ် ပါဝင်ဆောင်ရွက်နေသူဖြစ်ခြင်း၊       

(ခ)     စုံစမ်းစစ်ဆေးရေးကော်မတီ သို့မဟုတ် လုပ်ငန်းအဖွဲ့တွင် ပါဝင်သူဖြစ်ခြင်း၊

(ဂ)     စုံစမ်းစစ်ဆေးခြင်းခံရသော စီးပွားရေးလုပ်ငန်းတွင် အကျိုးသက်ဆိုင်သူဖြစ်ခြင်း။