• +95-67(3)408505
  • mmcc.office@commerce.gov.mm
ယှဉ်ပြိုင်မှုနည်းဥပဒေများ
Download : Myanmar / English
အခန်း(၉) စုံစမ်းစစ်ဆေးခြင်း

၅၉။    ယှဉ်ပြိုင်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှုပြုရန် ကော်မရှင်က တာဝန်ပေးအပ်လာပါက စုံစမ်းစစ်ဆေး ရေးကော်မတီသည် ဤနည်းဥပဒေများအရ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ပြုလုပ်ရမည်။

၆၀။    စုံစမ်းစစ်ဆေးရေးကော်မတီသည် စုံစမ်းစစ်ဆေးရေးကိစ္စများနှင့် ပတ်သက်၍ အောက်ပါကိစ္စ ရပ်များ အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်စေရန်အလို့ငှာ ယင်း၏ စုံစမ်းစစ်ဆေးနိုင်ခွင့် အာဏာ ကို စုံစမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့သို့ ပေးအပ်နိုင်သည်-

(က)    သက်သေခံအထောက်အာထား၊ စာရွက်စာတမ်း၊ ငွေရေးကြေးရေး အထောက်အထား များနှင့် ခိုင်လုံသော အကျိုးအကြောင်းဖော်ပြချက်များ တောင်းယူစစ်ဆေးမှုပြုခြင်း၊

(ခ)     လိုအပ်သော သက်သေများ ခေါ်ယူမေးမြန်းမှု ဆောင်ရွက်နိုင်ခြင်း၊

(ဂ)     စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ သို့မဟုတ် စုံစမ်းစစ်ဆေးခြင်းခံရသူ သို့မဟုတ် ယင်းတို့ နှင့် ဆက်စပ်ပါဝင်နိုင်ဖွယ်ရှိသောသူတစ်ဦးဦး၏ အဆောက်အအုံ၊ မြေ၊ လုပ်ငန်းနေရာ တို့ကို ဥပဒေနှင့်အညီ ဝင်ရောက်ကြည့်ရှုစစ်ဆေးခြင်းနှင့် ရှာဖွေခြင်းများ ဆောင်ရွက် နိုင်ခြင်း၊     

၆၁။    ယှဉ်ပြိုင်မှုကိစ္စရပ်များအတွက် စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်ရာတွင်-

(က)    မြန်မာဘာသာစကားနှင့် မြန်မာစာကို အသုံးပြုရမည်။

(ခ)     စကားပြန် ငှားရမ်းဆောင်ရွက်ရန် လိုအပ်ပါက ကုန်ကျစရိတ်ကို သက်ဆိုင်ရာ ပုဂ္ဂိုလ် က ကျခံရမည်။

(ဂ)     စုံစမ်းစစ်ဆေးမှုပြုသောကိစ္စနှင့်စပ်လျဉ်း၍ အခွင့်အရေး သို့မဟုတ် အကျိုးအမြတ် ခံစားခွင့်ရှိသူကို စကားပြန်အဖြစ် ဆောင်ရွက်စေခြင်းကို ရှောင်ကြဉ်ရမည်။

၆၂။     စုံစမ်းစစ်ဆေးရေးကော်မတီသည် စုံစမ်းစစ်ဆေးနေစဉ်အတွင်း စုံစမ်းစစ်ဆေးခြင်းခံရသူ၏ အမှုကိစ္စနှင့်ပတ်သက်သည့် ငွေကြေးနှင့်ပစ္စည်းများကို ထုတ်ယူခြင်း၊ လွှဲပြောင်းမှုပြုခြင်းတို့မှ တားမြစ်နိုင်ရန်အတွက် အောက်ပါအချက်အလက်များကို ကော်မရှင်သို့ တင်ပြရမည်-

(က)    စုံစမ်းစစ်ဆေးမှုနှင့်သက်ဆိုင်သော ဖြစ်စဉ်အကျဉ်းချုပ်၊

(ခ)     ပြစ်မှုကျူးလွန်သည်ဟု ယူဆနိုင်သော စစ်ဆေးတွေ့ရှိချက်၊

(ဂ)     ဆောင်ရွက်လိုသည်ကိစ္စနှင့် ဆောင်ရွက်မည့်အချိန်ကာလ၊

(ဃ)    ဆောင်ရွက်လိုသည့်ကိစ္စနှင့် သက်ဆိုင်သောဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်း၏ အမည်နှင့်လိပ်စာ။

၆၃။    ကော်မရှင်သည် နည်းဥပဒေ ၆၂ အရ တင်ပြလာမှုနှင့် ပတ်သက်၍လည်းကောင်း၊ အခြား သော ယှဉ်ပြိုင်မှုဆိုင်ရာ ငွေရေးကြေးရေးကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ရယူရန် ညှိနှိုင်း ဆောင်ရွက်ရမည်။

၆၄။    ကော်မရှင်အဖွဲ့ဝင်၊ ကော်မတီအဖွဲ့ဝင်၊ လုပ်ငန်းအဖွဲ့ဝင်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ သည် -

(က)    ဥပဒေအရ တားမြစ်ထားသည့် အပြုအမူများ၊ တရားမျှတမှုမရှိသော ယှဉ်ပြိုင်မှုအလို့ ငှာ ဆောင်ရွက်ခြင်းနှင့်ပတ်သက်သည့် အမှုကိစ္စများကို ဥပဒေနှင့်အညီ ဖြေရှင်း ဆောင်ရွက်ရမည်။

(ခ)     မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်း များ၏ လုပ်ငန်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ လျှို့ဝှက်ချက်များ ပေါက်ကြားမှုမရှိစေရန် ကာကွယ်စောင့်ထိန်းရမည်။

(ဂ)     သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ ဥပဒေအရ ရပိုင်ခွင့်များနှင့် အကျိုး စီးပွားများကို လေးစားလိုက်နာရမည်။

၆၅။    စုံစမ်းစစ်ဆေးရေးကော်မတီ သို့မဟုတ် လုပ်ငန်းအဖွဲ့သည် စုံစမ်းစစ်ဆေးသည့်ကိစ္စနှင့် စပ်လျဉ်း၍ ပညာရှင် သို့မဟုတ် ကျွမ်းကျင်သူ၏ အကူအညီရယူဆောင်ရွက်ရန် လိုအပ်ပါက ပညာရှင် သို့မဟုတ် ကျွမ်းကျင်သူ၏ အမည်စာရင်းကို ကော်မရှင်ထံတင်ပြ၍ ယင်း၏သဘောခွင့်ပြုချက်နှင့် အညီ ပညာရှင် သို့မဟုတ် ကျွမ်းကျင်သူကို ပါဝင်ကူညီဆောင်ရွက်စေနိုင်သည်။

၆၆။    ပညာရှင် သို့မဟုတ် ကျွမ်းကျင်သူတစ်ဦးထက်ပိုသော ကိစ္စရပ်များတွင် စုံစမ်းစစ်ဆေးရေး ကော်မတီ သို့မဟုတ် လုပ်ငန်းအဖွဲ့သည် ဖိတ်ကြားထားသော ပညာရှင် သို့မဟုတ် ကျွမ်းကျင်သူများ ၏ အကြံပြုသုံးသပ်ချက် ကွဲလွဲမှုများ ပေါ်ပေါက်နေလျှင် အဆိုပါအကြံပြုသုံးသပ်ချက်များကို အစီရင်ခံစာတွင် သီးခြားစီ အသေးစိတ်ဖော်ပြရမည်။

၆၇။    ပညာရှင် သို့မဟုတ် ကျွမ်းကျင်သူများ၏ သုံးသပ်အကြံပြုချက်ကို စုံစမ်းစစ်ဆေးမှုနှင့် စီရင် ဆုံးဖြတ်မှုတွင် အသုံးပြုခြင်းမှတစ်ပါး အခြားရည်ရွယ်ချက်အတွက် အသုံးပြုခြင်း၊ ပေါက်ကြားခြင်း မရှိစေရန် ထိန်းသိမ်းထားရမည်။ ပညာရှင် သို့မဟုတ် ကျွမ်းကျင်သူ၏သုံးသပ်အကြံပြုချက်ကို ဆုံးဖြတ်ချက်တွင် လက်မှတ်ရေးထိုး အတည်ပြုသူများမှလွဲ၍ အခြားမည်သူကိုမျှ အသိပေးခြင်း၊ အသုံးပြုစေခြင်းကို ရှောင်ကြဉ်ရမည်။

၆၈။    စုံစမ်းစစ်ဆေးရေးကော်မတီသည် နည်းဥပဒေ ၄၇ အရ လျှောက်ထားချက်ကို လက်ခံရရှိပါက အောက်ပါအမိန့်တစ်ရပ်ရပ်ချမှတ်ပေးနိုင်ရန် သဘောထားမှတ်ချက်နှင့်တကွ ကော်မရှင်သို့ တင်ပြရ မည် -

(က)    စုံစမ်းစစ်ဆေးခြင်းခံရသူ၊ ပစ္စည်းသိမ်းဆည်းခြင်းခံရသူ သို့မဟုတ် သက်သေခံပစ္စည်း တွင် အကျိုးသက်ဆိုင်သူ၏လျှောက်ထားချက်အရ လုံလောက်သောခံဝန်ချုပ်ဖြင့် ယာ ယီပြန်လည်ပေးအပ်သည့်အမိန့်၊

(ခ)     တစ်နည်းနည်းဖြင့် ပြောင်းလဲခြင်း၊ လွှဲပြောင်းခြင်း၊ ဖုံးကွယ်ခြင်း သို့မဟုတ် အသွင် ပြောင်းလဲခြင်းမပြုရန် တားမြစ်သည့်အမိန့်။

၆၉။    ကော်မရှင်သည် နည်းဥပဒေ ၆၈ အရ တင်ပြချက်ကိုစိစစ်ပြီး သင့်လျော်သည့်အမိန့်နှင့် ညွှန်ကြားချက်တစ်ရပ်ရပ်ကို ချမှတ်ရမည်။

၇၀။    စုံစမ်းစစ်ဆေးရေးကော်မတီသည် စုံစမ်းစစ်ဆေးမှု ပြီးဆုံးသည့်အချိန်၌ စုံစမ်းစစ်ဆေးတွေ့ရှိ ချက် အစီရင်ခံစာကို ကော်မရှင်သို့တင်ပြရမည်။ အဆိုပါအစီရင်ခံစာတွင် အောက်ပါအချက်များကို လိုအပ်သလို ထည့်သွင်းဖော်ပြရမည် -

(က)    ကျူးလွန်သော ပြစ်မှုအမျိုးအစားနှင့် အမှုဖြစ်စဉ်အကျဉ်းချုပ်၊

(ခ)     စုံစမ်းစစ်ဆေးခြင်းခံရသူ၏ အမည်၊ အလုပ်အကိုင် နှင့် နေရပ်လိပ်စာ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်၊

(ဂ)     စုံစမ်းစစ်ဆေးခြင်းခံရသူက ပြည်တွင်း၊ ပြည်ပရှိ ယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များနှင့် သက်ဆိုင်သည့် စီးပွားရေးလုပ်ငန်း၊ ငွေကြေး၊ ပစ္စည်းနှင့် သတင်းအချက်အလက် များကို စတင်ပိုင်ဆိုင်ခဲ့သည့် သို့မဟုတ် အကျိုးခံစားခဲ့သည့်နေ့ရက်၊

(ဃ)    ငွေကြေး၊ ပစ္စည်းများနှင့် သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် လွှဲပြောင်း ခြင်းပြုလုပ်ပုံနှင့် ထိုသို့ပြုလုပ်သည့်နေ့ရက်၊

(င)     ငွေကြေး၊ ပစ္စည်းများနှင့်သတင်းအချက်အလက်များကို ရယူပိုင်ဆိုင်ခဲ့သည့်နည်းလမ်း နှင့် လွှဲပြောင်းသည့်နေ့ရက်၊

(စ)     ငွေကြေး၊ ပစ္စည်းများနှင့် သတင်းအချက်အလက်များ၏ ခန့်မှန်းခြေကာလတန်ဖိုး၊ တည်ရှိရာနေရာနှင့် စုံစမ်းစစ်ဆေးသည့်အချိန်တွင် ထိုပစ္စည်းများမရှိပါက ထိုသို့မရှိရ သည့်အကြောင်း၊

(ဆ)    စုံစမ်းစစ်ဆေးခြင်းခံရသူ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ငွေကြေး၊ ပစ္စည်းအမျိုး အစားနှင့် သတင်းအချက်အလက်များ၊ ထိန်းချုပ်မှုအောက်တွင်မရှိသော ငွေကြေး၊ ပစ္စည်းအမျိုးအစားနှင့် သတင်းအချက်အလက်များ၊ အခြားသူသို့ အမည်လွှဲပြောင်း ထားသော ပစ္စည်းအမျိုးအစား၊ အခြားသူပိုင်ပစ္စည်းနှင့် ရောထွေးနေပြီး သီးခြားခွဲ ထုတ်ရန် လွယ်ကူသော ပစ္စည်းအမျိုးအစားနှင့် လွယ်ကူခြင်းမရှိသော ပစ္စည်းအမျိုး အစားအပြင် ပစ္စည်းတစ်ခုချင်းအလိုက် စာရင်းဇယား၊

(ဇ)     စုံစမ်းစစ်ဆေးခြင်းခံရသူ၏ အခြားစီးပွားရေးလုပ်ငန်းနှင့် ဝင်ငွေများ၊

(ဈ)     သက်သေခံအထောက်အထားတွင် အကျိုးသက်ဆိုင်သူ၏ တင်ပြချက်၊

(ည)    စုံစမ်းစစ်ဆေးရေးကော်မတီ၏ ဆောင်ရွက်ချက်အကျဉ်း၊

(ဋ)     စုံစမ်းစစ်ဆေးရေးကော်မတီ၏ စစ်ဆေးတွေ့ရှိချက်အပေါ် စိစစ်သုံးသပ်အကြံပြုချက်၊

(ဌ)     သက်သေစာရင်းနှင့် သိမ်းဆည်းခဲ့သည့် သက်သေခံအထောက်အထားစာရင်း၊

၇၁။    စုံစမ်းစစ်ဆေးရေးကော်မတီသည် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူက ဥပဒေပါတားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း စုံစမ်းစစ်ဆေးတွေ့ရှိလျှင် ကော်မရှင်သို့  သုံသပ်အကြံ ပြု တင်ပြရမည်။ ယင်းသို့ သုံးသပ်အကြံပြုတင်ပြရာတွင် -

(က)    မည်သည့်တားမြစ်ချက်ကို ကျူးလွန်ကြောင်း သုံးသပ်တင်ပြချက်နှင့် သဘောထား မှတ်ချက်တို့ကို သက်သေခံအထောက်အထားနှင့်တကွ တင်ပြရမည်။         

(ခ)     စုံစမ်းစစ်ဆေးနေစဉ် ကာလအတွင်း တားမြစ်ချက်ကို ချိုးဖောက်မှုတွင် မိမိကိုယ်တိုင် ပါဝင်ကြောင်း ထုတ်ဖော်သတင်းပေးသူရှိပါက ပြစ်ဒဏ်များမှ ကင်းလွတ်သက်သာခွင့် ရရှိရန်အလို့ငှာ သက်ညှာမှုအဖြစ် ခံစားခွင့်ပြုနိုင်ရေးအတွက် ကော်မရှင်သည် သက်ဆိုင်ရာတရားရုံး၊ ဥပဒေရုံးတို့နှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရန်အလို့ငှာ ပူးပေါင်း ဆောင်ရွက်မှုကို မည်သည့်အချိန်တွင် စတင်ပြုလုပ်ကြောင်း၊ မည်သည့်သက်ညှာမှု အစီအစဉ်ကို ခံစားခွင့်ပြုနိုင်ကြောင်း ခိုင်လုံသောအထောက်အထားနှင့်တကွ တင်ပြရ မည်။

၇၂။     ကော်မရှင်သည် နည်းဥပဒေ ၇၀ အရ စုံစမ်းစစ်ဆေးရေးကော်မတီက တင်ပြသည့် အစီရင်ခံ စာကို ရရှိလျှင် ယင်းအစီရင်ခံစာကို စိစစ်သုံးသပ်၍ တရားစွဲဆိုခြင်း ပြု မပြု ဆုံးဖြတ်ရမည်။

၇၃။    ကော်မရှင်၊ စုံစမ်းစစ်ဆေးရေးကော်မတီ သို့မဟုတ် လုပ်ငန်းအဖွဲ့က စုံစမ်းစစ်ဆေးရာမှ ရရှိ သည့် အချက်အလက်နှင့် စုံစမ်းစစ်ဆေးတွေ့ရှိချက်များကိုလည်းကောင်း၊ ယှဉ်ပြိုင်မှုဆိုင်ရာ အမှု ကိစ္စနှင့်စပ်လျဉ်း၍ ထိန်းသိမ်းထားသည့် စာရွက်စာတမ်း၊ အမှုတွဲ သို့မဟုတ် ရေးမှတ်ထားသည့် ထုတ်နုတ်ချက်များကိုလည်းကောင်း၊ အမှုကိစ္စနှင့်စပ်လျဉ်း၍ တာဝန်ရှိသူနှင့် ဥပဒေအရ တောင်းဆို ပိုင်ခွင့်ရှိသူတို့မှအပ မည်သူမျှတောင်းခံကြည့်ရှုစစ်ဆေးခြင်း၊ ကူးယူသိမ်းဆည်းခြင်း သို့မဟုတ် ဖော် ထုတ်ပြောဆိုခြင်း မပြုရ။

၇၄။    စုံစမ်းစစ်ဆေးရာမှရရှိသည့် အချက်အလက်နှင့် စုံစမ်းစစ်ဆေး တွေ့ရှိချက်ကို ယှဉ်ပြိုင်မှုဆိုင် ရာ ကိစ္စရပ်မှတစ်ပါး အခြားမည်သည့်ကိစ္စအတွက်မျှ အသုံးပြုခြင်း မပြုရ။