• +95-67(3)408505
  • mmcc.office@commerce.gov.mm
သွင်းကုန်ပမာဏမြင့်တက်ခြင်းမှကာကွယ်ပေးမှုဥပဒေ
Download : Myanmar / English
အခန်း (၇) ပြင်းထန်သော ထိခိုက်နစ်နာမှုကို စိစစ်အကဲဖြတ်ခြင်းနှင့် ယာယီကာကွယ်ပေးမှု အကောက်ခွန်စည်းကြပ်ခြင်း

၂၁။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် သွင်းကုန်ပမာဏမြင့်တက်ခြင်းကြောင့် ပြည်တွင်းကုန်စည် ထုတ်လုပ် သူ၏ လုပ်ငန်းကို ပြင်းထန်သောထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်မှု ရှိ မရှိ ဆုံးဖြတ်ရာတွင် အောက်ပါအချက်အလက်များအပါအဝင် ယင်းကုန်စည်ထုတ်လုပ်သူ၏ လုပ်ငန်းနှင့် စပ်လျဉ်းသည့် အခြားလိုအပ်သော အချက်အလက်များကိုပါ ထည့်သွင်းစိစစ်အကဲဖြတ်ရမည်-

(က) မြင့်တက်လာသည့်သွင်းကုန်၏ ပမာဏနှင့် နှုန်းထား၊

(ခ) ပမာဏမြင့်တက်ဝင်ရောက်လာသည့် သွင်းကုန်၏ ပြည်တွင်းဈေးကွက်တွင် ရယူခဲ့သောဝေစု၊

(ဂ) ရောင်းချမှုအခြေအနေ ပြောင်းလဲလာမှု၊

(ဃ) ထုတ်လုပ်မှုအခြေအနေ ပြောင်းလဲလာမှု၊

(င) ထုတ်လုပ်နိုင်စွမ်းအခြေအနေ ပြောင်းလဲလာမှု၊

(စ) အမြတ်နှင့်အရှုံးအခြေအနေ ပြောင်းလဲလာမှု၊

(ဆ) အလုပ်သမားခန့်ထားမှုအခြေအနေ ပြောင်းလဲလာမှု။

၂၂။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ပြည်တွင်းကုန်စည်ထုတ်လုပ်သူ၏ လုပ်ငန်းများအပေါ် ပြင်းထန်သော ထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်မှုနှင့် သွင်းကုန်ပမာဏမြင့်တက်ခြင်း တို့အကြား ဖြစ်ပေါ်သည့် အကျိုးအကြောင်းဆက်နွှယ်မှုအား ဖော်ပြနိုင်မှသာလျှင် ယင်းကုန်စည်ကြောင့် ပြင်းထန်သော ထိခိုက်နစ်နာမှုဖြစ်စေသည် သို့မဟုတ် ယင်းသို့ ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်သည်ဟု သုံးသပ်တင်ပြရမည်။

၂၃။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် အခြားသော အကြောင်းတစ်ရပ်ရပ်ကြောင့် ပြည်တွင်း ကုန်စည်ထုတ် လုပ်သူ၏ လုပ်ငန်းကို ပြင်းထန်သော ထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်မှု ဖြစ်ပေါ်စေသည်ဟု စိစစ်တွေ့ရှိပါက သွင်းကုန်ပမာဏ မြင့်တက်ခြင်းကြောင့် ထိခိုက်နစ် နာသည်ဟု သုံးသပ်တင်ပြခြင်းမပြုရ။

၂၄။  စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ပြည်တွင်း ကုန်စည်ထုတ်လုပ်သူ၏ လုပ်ငန်းထိခိုက်နစ်နာမှုသည် ပြန်လည်ရပ်တည်နိုင်ရန် ခက်ခဲသောအရေးပေါ်အခြေအနေပေါ်ပေါက်ကြောင်း ပဏာမ စိစစ်အကဲ ဖြတ်ချက်အရ စိစစ်တွေ့ရှိပါက စုံစမ်းစစ်ဆေးမှု ဆောင်ရွက်နေသည့်ကာလအတွင်း တင်သွင်းလာသည့် ကုန်စည်အပေါ်ယာယီကာကွယ်ပေးမှု အကောက်ခွန်စည်းကြပ်ခြင်းပြုနိုင်ရန် ဦးစီးဌာနမှတစ်ဆင့် ကော်မတီသို့ တင်ပြရမည်။

၂၅။ ကော်မတီသည်-

(က) အပြီးသတ်ဆုံးဖြတ်ချက်မတိုင်မီ ပုဒ်မ ၂၄ အရ ယာယီကာကွယ်ပေးမှု အကောက်ခွန် စည်းကြပ် ခြင်းပြုရန်ဆုံးဖြတ်နိုင်သည်။

(ခ) ယာယီကာကွယ်ပေးမှု အကောက်ခွန်စည်းကြပ်ခြင်းကို အများဆုံးရက်ပေါင်း ၂၀၀ အထိ ခွင့်ပြုနိုင် သည်။