• +95-67(3)408505
  • mmcc.office@commerce.gov.mm
သွင်းကုန်ပမာဏမြင့်တက်ခြင်းမှကာကွယ်ပေးမှုဥပဒေ
Download : Myanmar / English
အခန်း (၁) အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ (က) ဤဥပဒေကို သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေဟု ခေါ်တွင်စေရမည်။

(ခ) ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့်  သတ်မှတ်သည့်နေ့မှစတင်၍ အာဏာတည်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရ မည်-

(က) ကော်မတီ ဆိုသည်မှာ ဤဥပဒေအရဖွဲ့စည်းသော သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ် ပေးမှုကော်မတီကို ဆိုသည်။

(ခ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို ဆိုသည်။

(ဂ) ဦးစီးဌာန ဆိုသည်မှာ ကာကွယ်ပေးမှု အစီအမံဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရန် ဝန်ကြီးဌာန က တာဝန်ပေးသော ဦးစီးဌာနကို ဆိုသည်။

(ဃ) စုံစမ်းစစ်ဆေးရေးအဖွဲ့ ဆိုသည်မှာ ဤဥပဒေပါကိစ္စရပ်များကို ဆောင်ရွက်ရန် ကော်မတီက ဖွဲ့စည်းတာဝန်ပေးအပ်သောအဖွဲ့ကို ဆိုသည်။

(င) သွင်းကုန်ပမာဏ မြင့်တက်ခြင်း ဆိုသည်မှာ ပြည်တွင်းသို့ တင်သွင်းလာသည့် ကုန်စည်တစ်မျိုးမျိုး ၏ သွင်းကုန်ပမာဏသည် ယင်းကုန်စည်နှင့် အလားတူကုန်စည် သို့မဟုတ် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သော ကုန်စည်၏ ပြည်တွင်းထုတ်လုပ်မှုနှင့် နှိုင်းယှဉ်ခြင်းဖြင့်ဖြစ်စေ၊ နှိုင်းယှဉ်ခြင်းမပြုဘဲ ပကတိအားဖြင့် ဖြစ်စေ မြင့်တက်လာသည့်ပမာဏကို ဆိုသည်။

(စ) ကာကွယ်ပေးမှုအစီအမံ ဆိုသည်မှာ ပြည်တွင်းသို့ တင်သွင်းလာသည့် ကုန်စည်ပမာဏမြင့်တက်မှု ကြောင့် ယင်းကုန်စည်နှင့် အလားတူသော သို့မဟုတ် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သော ပြည်တွင်း ကုန်စည်ထုတ်လုပ်သူ၏ လုပ်ငန်းများအပေါ် ပြင်းထန်သောထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ ထိခိုက် နစ်နာစေရန် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာပါက ကာကွယ်ကုစားပေးရန် ကျင့်သုံးမည့်အစီအမံကို ဆိုသည်။ ယင်းစကားရပ်တွင်ယာယီကာကွယ်ပေးမှု အကောက်ခွန်စည်းကြပ်ခြင်း၊ ကာကွယ်ပေးမှု အကောက်ခွန်စည်းကြပ်ခြင်း သို့မဟုတ် သွင်းကုန်ပမာဏကန့်သတ်ခြင်းတို့လည်း ပါဝင်သည်။

(ဆ) ယာယီကာကွယ်ပေးမှု အကောက်ခွန် ဆိုသည်မှာ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်စဉ်ကာလအတွင်း ပြည်တွင်း ကုန်စည်ထုတ်လုပ်သူများအပေါ် ပြင်းထန်သောထိခိုက်နစ်နာမှုကိုဖြစ်စေ၊ ယင်းသို့ထိခိုက် နစ်နာစေရန် ခြိမ်းခြောက်မှုကိုဖြစ်စေ ယာယီကာကွယ်ကုစားပေးရန် အကောက်ခွန်ဥပဒေအရ ကောက်ခံသည့် အကောက်ခွန်အပါအဝင် ယာယီထပ်တိုးစည်းကြပ်သည့် အကောက်ခွန်ကိုဆိုသည်။

(ဇ) ကာကွယ်ပေးမှုအကောက်ခွန် ဆိုသည်မှာ စုံစမ်းစစ်ဆေးမှု အပြီးသတ်ပြီး နောက်ဆုံး ဆုံးဖြတ်ချက် အရ ပြည်တွင်းကုန်စည်ထုတ်လုပ်သူများအပေါ် ပြင်းထန်သော ထိခိုက်နစ်နာမှုကိုဖြစ်စေ၊ ယင်းသို့ ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်မှုကိုဖြစ်စေ ကာကွယ်ကုစားပေးရန် အကောက်ခွန်ဥပဒေအရ ကောက်ခံ သည့် အကောက်ခွန်အပါအဝင် အချိန်ကာလတစ်ခုအထိ ထပ်တိုးစည်းကြပ်သည့် အကောက်ခွန်ကို ဆိုသည်။

(ဈ) သွင်းကုန်ပမာဏကန့်သတ်ခြင်း ဆိုသည်မှာ စုံစမ်းစစ်ဆေးမှု အပြီးသတ်ပြီး နောက်ဆုံး ဆုံးဖြတ် ချက်အရ ပြည်တွင်း ကုန်စည်ထုတ်လုပ်သူများအပေါ် ပြင်းထန်သော ထိခိုက်နစ်နာမှုကိုဖြစ်စေ၊ ယင်းသို့ ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်မှုကိုဖြစ်စေ ကာကွယ်ကုစားပေးရန် စုံစမ်းစစ်ဆေးခြင်းခံရသည့် ကုန်စည်၏ တင်သွင်းမှုပမာဏကို အချိန်ကာလတစ်ခုအထိ ကန့်သတ်ခြင်းကို ဆိုသည်။

(ည) ပြည်တွင်း ကုန်စည်ထုတ်လုပ်သူ ဆိုသည်မှာ အောက်ပါထုတ်လုပ်သူကို ဆိုသည်-

(၁) ပြည်တွင်း အလားတူ ကုန်စည်ထုတ်လုပ်သူ သို့မဟုတ် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သော ကုန်စည် ထုတ်လုပ်သူ၊

(၂) ပြည်တွင်း အလားတူ ကုန်စည် သို့မဟုတ် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သော ကုန်စည်အချိုးအစားများ စွာ ပါဝင်သည့် ကုန်စည်ထုတ်လုပ်သူ။

(ဋ) ပြင်းထန်သော ထိခိုက်နစ်နာမှု ဆိုသည်မှာ ပြည်တွင်း ကုန်စည်ထုတ်လုပ်သူများ၏ လုပ်ငန်းဆိုင်ရာ ရပ်တည်မှုကို အဘက်ဘက်မှ သိသာထင်ရှားစွာ ထိခိုက်နစ်နာစေသော အခြေအနေကို ဆိုသည်။

(ဌ) အလားတူကုန်စည် ဆိုသည်မှာ စုံစမ်းစစ်ဆေးခြင်းခံရသည့် ကုန်စည်နှင့် သွင်ပြင်လက္ခဏာ အားလုံး ထပ်တူကျနေသည့် သို့မဟုတ် နီးစပ်စွာတူညီသည့် ပြည်တွင်း၌ ထုတ်လုပ်သော ကုန်စည်ကို ဆိုသည်။

(ဍ) တိုက်ရိုက်ယှဉ်ပြိုင်နိုင်သော ကုန်စည် ဆိုသည်မှာ ပြည်တွင်း၌ထုတ်လုပ်သော ကုန်စည်သည် စုံစမ်း စစ်ဆေးခြင်းခံရသည့် ကုန်စည်နှင့် ဓာတုဗေဒနည်းလမ်းများအရ ပေါင်းစပ်ဖွဲ့စည်းမှု၊ အခြားလက္ခဏာ ရပ်များဖြစ်သော ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ ကွဲပြားခြားနားမှုများရှိသော်လည်း အသုံးပြုသည့် ရည်ရွယ်ချက်အရသော်လည်းကောင်း၊ ဈေးကွက်အတွင်း စီးပွားဖြစ်ယှဉ်ပြိုင်မှုအရ သော်လည်းကောင်း တစ်ခုနှင့်တစ်ခု အစားထိုး၍ တိုက်ရိုက်ယှဉ်ပြိုင်အသုံးပြုနိုင်သော ကုန်စည်ကို ဆိုသည်။

(ဎ) စုံစမ်းစစ်ဆေးခြင်းခံရသည့် ကုန်စည် ဆိုသည်မှာ ဤဥပဒေအရ စုံစမ်းစစ်ဆေးခြင်းခံရသော ပြည်ပမှ တင်သွင်းလာသည့် ကုန်စည်ကိုဆိုသည်။

(ဏ) အကျုံးဝင်ဆက်နွှယ်သူများ ဆိုသည်မှာ အောက်ပါတို့ကို ဆိုသည်-

(၁) စုံစမ်းစစ်ဆေးခြင်းခံရသည့် ကုန်စည်ကို ပြည်ပမှတင်ပို့သူ သို့မဟုတ် ထုတ်လုပ်သူ၊

(၂) စုံစမ်းစစ်ဆေးခြင်းခံရသည့် ကုန်စည်ကို ပြည်တွင်းသို့ တင်သွင်းသူ၊

(၃) ပုဒ်မခွဲငယ် (၁) သို့မဟုတ် ပုဒ်မခွဲငယ် (၂) ပါ ပုဂ္ဂိုလ် အများစု ပါဝင်ဖွဲ့စည်းထားသော ကုန်သွယ်ရေးနှင့် စီးပွား ရေးဆိုင်ရာ အသင်းအဖွဲ့၊

(၄) စုံစမ်းစစ်ဆေးခြင်းခံရသည့် ကုန်စည်ကို တင်ပို့သော နိုင်ငံ၏အစိုးရ၊

(၅) ပြည်တွင်း ကုန်စည်ထုတ်လုပ်သူ၊

(၆) ပြည်တွင်း ကုန်စည်ထုတ်လုပ်သူများဖြင့် ဖွဲ့စည်းထားသည့် ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့။

(တ) ဖွံ့ဖြိုးဆဲနိုင်ငံ ဆိုသည်မှာ ကုလသမဂ္ဂက သတ်မှတ်ထားသော ဖွံ့ဖြိုးဆဲနိုင်ငံများစာရင်းတွင် ပါဝင် သည့်နိုင်ငံကို ဆိုသည်။