• +95-67(3)408505
  • mmcc.office@commerce.gov.mm
Myanmar Competition Commission
Home \ News List \ News Detail
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့၏ ယှဉ်ပြိုင်မှုအာဏာပိုင်များအတွက် ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ လမ်းညွှန်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများရေးဆွဲခြင်း အလုပ်ရုံ ဆွေးနွေးပွဲ (၂၆-၂-၂၀၁၉ မှ ၂၈-၂-၂၀၁၉ ထိ)

26 February, 2019


၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်မှ ၂၈ ရက်အထိ နေပြည်တော်ရှိ သဂ်ဟဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် “ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက်များ ပြင်ဆင်ရေးဆွဲရေး” အလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံယှဉ်ပြိုင်မှုအာဏာပိုင်များနှင့် သြစတြေးလျ ယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင် (ACCC) မှ အရာရှိများက ယှဉ်ပြိုင်မှု ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက်များ ပြင်ဆင်ရေးဆွဲရေး အတွေ့အကြုံ များနှင့် မဟာဗျူဟာများကို မျှဝေဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ခြင်းဖြင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) နိုင်ငံများအနေဖြင့် ၄င်းတို့၏ယှဉ်ပြိုင်မှုဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက်များကို ပြင်ဆင် ရေးဆွဲရာတွင် ၄င်းတို့၏ ချဉ်းကပ်နည်းလမ်းများ၊ အတွေ့အကြုံများနှင့် စိန်ခေါ်မှုများကို လေ့လာ သုံးသပ်နိုင်ခဲ့ပြီး ၄င်းတို့၏ ဒေသဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုကိုလည်း ပိုမိုအားကောင်း ခိုင်မာစေခဲ့ပါသည်။

(CLMV) နိုင်ငံများသည် ယှဉ်ပြိုင်မှုဥပဒေသစ်ပြဌာန်းရန် သို့မဟုတ် ပြင်ဆင်ရေးဆွဲရန် ဆောင်ရွက်နေကြခြင်းကြောင့် ဤအလုပ်ရုံဆွေးနွေးပွဲမှ အဆိုပါဥပဒေများကို အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် လမ်းညွှန်မှုပြုနိုင်မည့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက်များကဲ့သို့သော အရေးကြီးသည့် စာရွက်စာတမ်းများကို ပြင်ဆင်ထုတ်ပြန်နိုင်ရန် လက်တွေ့ကျသည့် အထောက်အပံ့များ ရရှိခဲ့ပါသည်။ ထို့ပြင် ဤအလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်သူများသည် ၄င်းတို့၏ အသိပညာများနှင့် ကျွမ်းကျင်မှုများကို လက်တွေ့ အသုံးချနိုင်ရေးအတွက် နိုင်ငံအလိုက်အုပ်စုဖွဲ့၍ လက်တွေ့ဆောင်ရွက်မှုများနှင့် အကြောင်းအရာ အလိုက် ပိုမိုနက်နဲစွာဆွေးနွေးနိုင်ရေးအတွက် panel sessions များလည်း ပြုလုပ်ခဲ့ပါသည်။

လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက်များကို ရှင်းလင်းခြင်းနှင့် အသိပညာပေးမှု မြှင့်တင်နိုင်ရန်အတွက် ပါဝင်ပတ်သက်သူများနှင့် ညှိနှိုင်းတိုင်ပင်ခြင်း၊ ထိရောက်သော ဆက်သွယ်ဆောင်ရွက်ခြင်းတို့၏ အရေးပါပုံတို့အပေါ် ပုဂ္ဂလိကကဏ္ဍ၏ အမြင်များကို ဆွေးနွေးနိုင်ရန်အတွက် နိုင်ငံတကာဥပဒေအကျိုး ဆောင်အဖွဲ့ဖြစ်သည့် Baker & McKenzie ရန်ကုန်ရုံးမှ ကိုယ်စားလှယ်တစ်ဦးနှင့် Melbourne University Law School မှ Dr. Wendy Ng တို့မှလည်း ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ အာဆီယံနိုင်ငံများ၏ ယှဉ်ပြိုင်မှုအာဏာပိုင်များမှာ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ အနာဂတ်တွင် ၄င်းတို့၏ ယှဉ်ပြိုင်မှု ဥပဒေများ အာဏာသက်ဝင်စေရေးလုပ်ငန်းများ အောင်မြင်စေရန်အတွက် ယခုအလုပ်ရုံဆွေးနွေး ပွဲသည် များစွာအထောက်အကူဖြစ်နိုင်ပါသည်။

ဗီယက်နမ်ယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင် (VCCA) မှ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသည့် ကိုယ်စားလှယ်က “၄င်းတို့၏ ယှဉ်ပြိုင်မှုဥပဒေသစ်မှာ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် အာဏာသက်ဝင်မည်ဖြစ်သောကြောင့် ဤအလုပ်ရုံ ဆွေးနွေးပွဲတွင် ပါဝင် တက်ရောက်ခြင်းမှာ အလွန်ပင် အသုံးဝင်အကျိုးရှိပါကြောင်း၊ ဥပဒေ ထိရောက်စွာအာဏာ သက်ဝင်ရေးအတွက် လက်ရှိအချိန်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရေးအမိန့်(၃)ခုနှင့် လမ်းညွှန်ချက်၊ မူဝါဒများစွာ မူကြမ်းရေးဆွဲလျက်ရှိ ပါကြောင်း၊ ဤအလုပ်ရုံ ဆွေးနွေးပွဲမှ ထိုကဲ့သို့သော စာရွက်စာတမ်းများကို အစမှအဆုံးအထိ မူကြမ်း ရေးဆွဲရန်လိုအပ်သည့် အသိပညာဗဟုသုတများနှင့် လက်တွေ့ကျွမ်းကျင်မှုများကို ရရှိခဲ့ပါကြောင်း” ပြောကြားခဲ့ပါသည်။

လာအိုနိုင်ငံမှ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်လာသည့် ကိုယ်စားလှယ်က “အသစ် ဖွဲ့စည်းထားသည့် လာအိုယှဉ်ပြိုင်မှုကော်မရှင်သည် stakeholder များအနေဖြင့် ယှဉ်ပြိုင်မှု ဥပဒေကို အသေးစိတ် ရှင်းလင်းစွာ ပိုမိုသိရှိနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရေး နည်းဥပဒေများနှင့် လမ်းညွှန်ချက်များကို မူကြမ်းရေးဆွဲလျက်ရှိကြောင်း၊ ဤအလုပ်ရုံဆွေးနွေး ပွဲမှ ရရှိခဲ့သော အသိပညာဗဟုသုတများနှင့် အတွေ့အကြုံများကို မိမိတို့ဌာနတွင် တိုက်ရိုက် အသုံးချနိုင်လိမ့်မည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

ဤအလုပ်ရုံ ဆွေးနွေးပွဲကို အာဆီယံ-သြစတြေးလျ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အောက်မှ ယှဉ်ပြိုင်မှုဥပဒေ အကောင်အထည်ဖော်ရေးအစီအစဉ် (CLIP) အဖြစ် ACCC မှ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ ထောက်ပံ့ကူညီမှုဖြင့် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိအချိန်တွင် ၄င်း၏ တတိယမြောက်အဆင့်အဖြစ် CLIP သည် တစ်ဦးတစ်ယောက် ချင်းစီနှင့် အသင်းအဖွဲ့ တစ်ခုချင်းစီ၏ လက်တွေ့ကျွမ်းကျင်မှုနှင့် အသိပညာဗဟုသုတများ တိုးတက်စေရေးအတွက် အထောက်အပံ့ပေးလျက်ရှိပါသည်။

ဆက်စပ်သတင်းများ