25 January, 2024
                 
                
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် (၂၅)ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတွင် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ အဆင့်မြှင့်တင်မှုအတွက် ညှိနှိုင်းမှုများစတင်ကြောင်း ကြေညာခဲ့ပါသည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကုန်သွယ်မှုဒေသ အဆင့်မြှင့်တင်ရေး ညှိနှိုင်းမှုများကို ၂၀၂၃ ခုနှစ်မှစတင်၍ အရှိန်မြှင့်တင် ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် တတိယအကြိမ် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ ပူးတွဲအထူးကော်မတီ အစည်းအဝေးတွင် အဆင့်မြှင့်တင်မှုအတွက် ဖွဲ့စည်းဆောင်ရွက်မည့်ပုံစံနှင့် လုပ်ငန်းအစီအစဉ်တို့ကို ဆွေးနွေးခဲ့ပါသည်။
အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် အဆင့်မြှင့်တင်ရေး ညှိနှိုင်းမှုများအတွက် လုပ်ငန်းအဖွဲ့ (၁၂) ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ သဘောတူစာချုပ်၏ ယှဉ်ပြိုင်မှုအခန်းနှင့် စားသုံးသူကာကွယ်ရေးအခန်းတို့အတွက် ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့က ဆွေးနွေးလျက်ရှိပါသည်။
အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-China Free Trade Agreement-ACFTA) ညှိနှိုင်းဆွေးနွေးမှုများ၏ ပဉ္စမအကြိမ် ယှဉ်ပြိုင်မှုနှင့်စားသုံးသူ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး (5th ACFTA WGCC) အတွက် ပထမအကြိမ် အာဆီယံဒေသတွင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ယှဉ်ပြိုင်မှုကဏ္ဍမှ ကိုယ်စားလှယ်များ၊ စားသုံးသူကာကွယ်ရေးကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း(၂၈)ဦး တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။