04 November, 2024
၃၃ ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေး (ASEAN Experts Group on Competition-AEGC) နှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၁ ရက်အထိ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင် လူကိုယ်တိုင်နှင့် Virtual စနစ်တို့ဖြင့် ပူးတွဲပုံစံ (Hybrid) ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ၂၀၂၄ ခုနှစ်၊ အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ ဥက္ကဋ္ဌအဖြစ် ထိုင်းနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် Mr. Raksagecha Chaechai က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေးများ းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ယှဉ်ပြိုင်မှုဥပဒေ၊ ယှဉ်ပြိုင်မှုမူဝါဒများနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသောအခက်အခဲများ၊ စိန်ခေါ်မှုများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
၃၃ ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ပါသည် -
( က ) ၃၃ ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေး (၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်မှ ၃၀ ရက်ထိ)
( ခ ) ၅ ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေး (၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်)
( ဂ ) ၁၁ ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများအကြား ညှိနှိုင်းအစည်းအဝေး (၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်)
( ဃ ) ၂၀၃၀ အလွန် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာလုပ်ငန်းစီမံချက် (ACAP) ရေးဆွဲရေးအလုပ်ရုံဆွေးနွေးပွဲ (၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်)
( င ) အာဆီယံဒေသတွင်း ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်)
( စ ) ၁၂ ကြိမ်မြောက် စီမံကိန်းခွဲ ထိန်းကျောင်းရေးကော်မတီအစည်းအဝေး (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်)
( ဆ ) ၂၁ ကြိမ်မြောက် အာဆီယံ-ဩစတေးလျ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ ကော်မတီအစည်းအဝေး (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်)
၃၃ ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး လေ့လာသူနိုင်ငံအဖြစ် တီမောလက်စတေ့နိုင်ငံက ပါဝင်တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးများသို့ မြန်မာနိုင်ငံမှကိုယ်စားလှယ်များအဖြစ် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် ဒေါက်တာသုတအောင်နှင့် ဦးဇေယျသူရမွန်တို့က လူကိုယ်တိုင်တက်ရောက်ဆွေးနွေးခဲ့ကြပြီး ကော်မရှင်ရုံးမှ အရာထမ်းများက အွန်လိုင်းမှတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
ဆက်စပ်အစည်းအဝေးများသို့ ရုရှား၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ အမေရိကန်၊ ယူကေ၊ ကနေဒါနိုင်ငံတို့နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် GIZ အဖွဲ့မှ ကိုယ်စားလှယ်များ၊ ယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြပါသည်။