26 June, 2026
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အတွင်း ဇွန်လ ၁၆ ရက်၌ ရှန်ဟိုင်းမြို့၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန်ဆိုင်ရာ တွေ့ဆုံမှုအခမ်းအနားတွင် “တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဗဟိုအဆင့်ဈေးကွက်ကြီးကြပ်ကွပ်ကဲမှုဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အစည်း (State Administration for Market Regulation-SAMR) နှင့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အကြား ယှဉ်ပြိုင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ” ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
အဆိုပါ နားလည်မှုစာချွန်လွှာသည် နှစ်နိုင်ငံ ယှဉ်ပြိုင်မှုဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ သတင်းအချက်အလက်နှင့် အတွေ့အကြုံများဖလှယ်ရန်၊ စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
ယင်းပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံ၏ ယှဉ်ပြိုင်မှုဆိုင်ရာ မူဝါဒနှင့် ဥပဒေအကောင်အထည်ဖော်မှု စွမ်းရည်များ ပိုမိုတိုးတက်လာစေမည်ဖြစ်ပြီး တရားမျှတသော ယှဉ်ပြိုင်မှုပတ်ဝန်းကျင် တည်ဆောက်ရေးကို အထောက်အကူပြုမည် ဖြစ်ပါသည်။