• +95-67(3)408505
  • mmcc.office@commerce.gov.mm
Myanmar Competition Commission
Home \ News List \ News Detail
“ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကျင်းပပြုလုပ်ခြင်း

26 June, 2026


       ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဧရာရွှေဝါခန်းမတွင် ကုန်သွယ်ရေးဦးစီးဌာနမှ ကြီးမှူး၍ “ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

     အသိပညာပေးဟောပြောပွဲ၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် “ယှဉ်ပြိုင်မှုဥပဒေနှင့်စပ်လျဉ်းပြီး စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် တရားမျှတသောယှဉ်ပြိုင်မှုဖြစ်စေရေးအတွက် ယှဉ်ပြိုင်မှုဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ၊ ယှဉ်ပြိုင်မှုကို ဆန့်ကျင်နေသော ဆောင်ရွက်မှုများနှင့် ရှောင်ကြဉ်ရမည့် အချက်များကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေသည် စီးပွားရေးလုပ်ငန်းများ၏ တရားမျှတမှုမရှိသော ဈေးကွက်ယှဉ်ပြိုင်မှုများကို ထိန်းကျောင်းခြင်းအားဖြင့် အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

     ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးညီညီထွန်းက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ကမ္ဘာ့စီးပွားရေးစနစ်တွင် တရားမျှတသော ယှဉ်ပြိုင်မှုစနစ်သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတက်မှုအတွက် အလွန်အရေးကြီးသော အခြေခံမှုတစ်ရပ်ဖြစ်လာပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာအသစ်များ၊ နိုင်ငံခြားကုမ္ပဏီများနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ပိုမိုများပြားလာပြီး ဈေးကွက်ယှဉ်ပြိုင်မှုများ ပိုမိုများပြားလာသည့်အတွက် ယှဉ်ပြိုင်မှုဥပဒေကို မှန်ကန်စွာကျင့်သုံးပါက စီးပွားရေးပတ်ဝန်းကျင် ပိုမိုတိုးတက်လာမည်ဖြစ်ပြီး MSMEs များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် စားသုံးသူများအားလုံးအတွက် အကျိုးရှိမည်ဖြစ်ပြီး ARCCI အနေဖြင့်လည်း တရားမျှတသည့်ယှဉ်ပြိုင်မှုများနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများအတွက်  ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

     မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာသုတအောင်က “ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများနှင့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အကြောင်း" ရှင်းလင်းဆွေးနွေးရာတွင် (MSME) ကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍများ  ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယှဉ်ပြိုင်မှုဝန်းကျင်ကောင်းများ တည်ဆောက်ပြီး လွတ်လပ်စွာပြိုင်ဆိုင်မှုများကို ထိန်းကျောင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယှဉ်ပြိုင်မှုဥပဒေကို မြန်မာနိုင်ငံတွင်သာမက၊ အာဆီယံနိုင်ငံများတွင်လည်း ကျင့်သုံးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယှဉ်ပြိုင်မှုဥပဒေနှင့် စပ်လျဉ်းသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တရားမျှတသောယှဉ်ပြိုင်မှု ဖြစ်စေရေးအတွက် ယှဉ်ပြိုင်မှုဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ၊ ယှဉ်ပြိုင်မှုကို ဆန့်ကျင်နေသော ဆောင်ရွက်မှုများနှင့် ရှောင်ကြဉ်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

      ဆက်လက်၍ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ရုံးမှ ဦးစီးအရာရှိ ဦးဇေယျာလင်းထွန်းက ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ တိုင်ကြားမှုများကို လက်ခံဆောင်ရွက်ခြင်း၊ တိုင်ကြားမှုပုံစံနှင့် တိုင်ကြားမှုများအပေါ် အရေးယူဆောင်ရွက်မှုအဆင့်ဆင့်တို့ကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

       ထို့နောက် တက်ရောက်လာသူများက မြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့မှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

   “ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲ” သို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

ဆက်စပ်သတင်းများ