06 October, 2026
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မင်္ဂလာခန်းမ၌ “Digital Economy ခေတ်သစ်တွင် ယှဉ်ပြိုင်မှု၏ အခွင့်အလမ်းသစ်များနှင့် ပြောင်းလဲလာသော စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာသုတအောင် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။
စကားဝိုင်းဆွေးနွေးပွဲ၌ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသောင်းတင်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာသုတအောင်က စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်မှ ဥပဒေပညာရှင်နှင့် စီးပွားရေးပညာရှင်များ၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် Myanmar Digital Economy Association (MDEA) ဥက္ကဋ္ဌတို့က Digital Economy ကြောင့် ဖြစ်ပေါ်လာသည့် ယှဉ်ပြိုင်မှုဆိုင်ရာ အခွင့်အလမ်းအသစ်များ၊ Digital Platform များ ပေါ်ပေါက်လာခြင်းနှင့်အတူ ပြောင်းလဲလာသည့် ယှဉ်ပြိုင်မှုဆိုင်ရာ စိန်ခေါ်မှုများ၊ Digital Economy အတွင်း လုပ်ငန်းများနှင့် စားသုံးသူများ ကြုံတွေ့နေရသည့် ယှဉ်ပြိုင်မှုဆိုင်ရာအခက်အခဲများအပြင် ယှဉ်ပြိုင်မှုမြှင့်တင်ရေးအတွက် ဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့မှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်သို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်များ၊ အစိုးရဌာန/ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ် များနှင့် ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြပါသည်။