24 August, 2016
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးမြို့တစ်ခုဖြစ်သည့် တာချီလိတ်မြို့မှ စီးပွားရေး လုပ်ငန်းရှင်များအား ယှဉ်ပြိုင်မှုဥပဒေ၊ မူဝါဒနှင့် ယှဉ်ပြိုင်မှုဆိုင်ရာ ဗဟုသုတများ အသိပညာ ပေးရန် ရည်ရွယ်သည့် ဟောပြောဆွေးနွေးပွဲအား ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်တွင် တာချီလိတ်မြို့၊ ပလက်တီနမ်စတားဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ညွှန်ကြားရေးမှူးနှင့် အရာထမ်းများ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ တာချီလိတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
ဟောပြောဆွေးနွေးပွဲတွင် ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစံပယ်ကြည်မောင်၊ ဦးစီးအရာရှိ ဒေါ်ဝေရည်ကျော် တို့က ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေနှင့် ယှဉ်ပြိုင်မှုဆိုင်ရာအတွေ့အကြုံများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။
ဟောပြောဆွေးနွေးပွဲအား ယှဉ်ပြိုင်မှုမူဝါဒ၊ ဥပဒေနှင့် နည်းဥပဒေမူကြမ်းနှင့်ပတ်သက် သည့်အခြေအနေများကို ပုဂ္ဂလိကကဏ္ဍမှ ပိုမိုသိရှိနားလည်စေရန်၊ ပုဂ္ဂလိကကဏ္ဍအတွင်း ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေအပေါ် ၄င်းတို့၏နားလည်နိုင်မှုနှင့် ထောက်ပံ့ပေးနိုင်မှုကို မြှင့်တင် ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရဝန်ထမ်းများအနေဖြင့် ယှဉ်ပြိုင်မှုဆိုင်ရာ အတွေ့အကြုံများ၊ အခက်အခဲများကို ပြန်လည်ဆွေးနွေးနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။