27 December, 2016
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးမြို့တစ်မြို့ဖြစ်သည့် မြိတ်မြို့တွင် စီးပွားရေး လုပ်ငန်းရှင်များအား ယှဉ်ပြိုင်မှုဥပဒေ၊ မူဝါဒနှင့် ယှဉ်ပြိုင်မှုဆိုင်ရာ ဗဟုသုတများအား အသိပညာမျှဝေပေးရန် ရည်ရွယ်သည့် ဟောပြောဆွေးနွေးပွဲအား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် မြိတ်မြို့ Grand Jade ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲအခမ်းအနားတွင် မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးရည်မွန်က အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြိတ်ကုန်သွယ်ရေးစခန်းတာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူး ဦးလန်းဆန်းဦးက မိတ်ဆက်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစံပယ်ကြည်မောင်နှင့် ဦးစီးအရာရှိ ဒေါ်ဝေရည်ကျော်တို့က ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေနှင့် ယှဉ်ပြိုင်မှုဆိုင်ရာအတွေ့အကြုံများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပါ သည်။
ဟောပြောပွဲအား ယှဉ်ပြိုင်မှုမူဝါဒ၊ ဥပဒေနှင့်ပတ်သက်သည့်အခြေအနေများကို ပုဂ္ဂလိက ကဏ္ဍမှ ပိုမိုသိရှိနားလည်စေရန်၊ ပုဂ္ဂလိကကဏ္ဍအတွင်း ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေအပေါ် ၄င်းတို့၏နားလည်နိုင်မှုနှင့် ထောက်ပံ့ပေးနိုင်မှုကို မြှင့်တင်ရန် ရည်ရွယ်၍ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။