• +95-67(3)408505
  • mmcc.office@commerce.gov.mm
တီထွင်မှုမူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၁) အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ (က) ဤဥပဒေကို တီထွင်မှုမူပိုင်ခွင့်ဥပဒေဟု ခေါ်တွင်စေရမည်။

(ခ) ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့်သတ်မှတ်သည့် နေ့ရက်တွင် စတင် အာဏာတည်စေရမည်။

၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေ ရမည်-

(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။

(ခ) ဗဟိုကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီကို ဆိုသည်။

(ဂ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ဆိုသည်။

(ဃ) သက်ဆိုင်ရာဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပြန်ကြားရေးဝန်ကြီးဌာန၊ စက်မှု ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သို့မဟုတ် ပညာရေးဝန်ကြီးဌာနကို ဆိုသည်။

(င) အေဂျင်စီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီကို ဆိုသည်။

(စ) ဦးစီးဌာန ဆိုသည်မှာ ဝန်ကြီးဌာနက မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန် တာဝန်ပေးအပ်သော ဦးစီးဌာနကို ဆိုသည်။

(ဆ) မှတ်ပုံတင်အရာရှိ ဆိုသည်မှာ မူပိုင်ခွင့်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သည့် ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။

(ဇ) စစ်ဆေးရေးအရာရှိ ဆိုသည်မှာ မူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ စစ်ဆေးမှုများ ဆောင်ရွက်သည့် ဦးစီးဌာနရှိ လက်ထောက်ညွှန်ကြားရေးမှူးနှင့်အထက် အဆင့်ရှိသော အရာရှိကို ဆိုသည်။

(ဈ) မူပိုင်ခွင့် (Intellectual Property Rights) ဆိုသည်မှာ ကိုယ်ပိုင်အသိဉာဏ်ဖြင့် ပြုလုပ်သော တီထွင်ဖန်တီးမှုများကို အကာအကွယ်ပေးရန် ဥပဒေအရ ပေးအပ်သည့်အခွင့်အရေးကို ဆိုသည်။ ယင်း စကားရပ်တွင် စာပေနှင့်အနုပညာမူပိုင်ခွင့်၊ တီထွင်မှုမူပိုင်ခွင့်၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်နှင့် အခြားသော မူပိုင်ခွင့်အမျိုးအစားများလည်း ပါဝင်သည်။

(ည) တီထွင်မှု ဆိုသည်မှာ နည်းပညာနယ်ပယ်ရှိ သီးခြားအခက်အခဲပြဿနာတစ်ရပ်ကို ဖြေရှင်းပေးနိုင်သည့် ထုတ်ကုန် သို့မဟုတ် ထုတ်လုပ်မှုနည်းစဉ်ဆိုင်ရာ ဖန်တီးမှုကို ဆိုသည်။ ယင်းစကားရပ်တွင် အသေးစား တီထွင်မှုလည်း ပါဝင်သည်။

(ဋ) တီထွင်မှုမူပိုင်ခွင့် ဆိုသည်မှာ တီထွင်မှုတစ်ခုကို အကာအကွယ်ပေးရန် ဤဥပဒေအရ ခွင့်ပြုသည့် မူပိုင်ခွင့်ကို ဆိုသည်။

(ဌ) အသေးစားတီထွင်မှု ဆိုသည်မှာ ထုတ်ကုန်တစ်ခု၏ ပုံပန်းသဏ္ဌာန် သို့မဟုတ် အစိတ်အပိုင်းများ၏ ဖွဲ့စည်းတည်ဆောက်ပုံအသစ်ကိုဖြစ်စေ၊ အသုံးဝင်မှု သို့မဟုတ် လုပ်ဆောင်မှုပိုင်းကို မြှင့်တင်ပေးနိုင်သည့် ထုတ်ကုန်၏ အစိတ်အပိုင်းတစ်ခုကိုဖြစ်စေ ဖန်တီးထားသော နည်းပညာဆိုင်ရာ ဖန်တီးမှုတစ်ရပ်ကို ဆိုသည်။

(ဍ) တီထွင်မှုမူပိုင်ခွင့်ရရှိသူ ဆိုသည်မှာ ဦးစီးဌာန၏ မှတ်ပုံတင်စာရင်းတွင် တီထွင်မှု မူပိုင်ခွင့်ရရှိသူအဖြစ် အသိအမှတ်ပြုမှတ်တမ်းတင်ခြင်းခံရသည့် ပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းကို ဆိုသည်။

(ဎ) တီထွင်သူ ဆိုသည်မှာ တီထွင်မှုတစ်ခုခုကို ပြုလုပ်သည့် ပုဂ္ဂိုလ်ကို ဆိုသည်။

(ဏ) အခွင့်အရေးရရှိသူ ဆိုသည်မှာ တီထွင်မှုမူပိုင်ခွင့် ရရှိသူနှင့် ယင်း၏ အခွင့်အရေးများကို တရားဝင် ခံစားခွင့်ရှိသော ပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းကို ဆိုသည်။

(တ) သာမန်တတ်ကျွမ်းသူ ဆိုသည်မှာ သက်ဆိုင်သည့် တီထွင်မှုဆိုင်ရာ နည်းပညာနယ်ပယ် သို့မဟုတ် ယင်းနှင့် ဆက်စပ်မှုရှိသော နည်းပညာနယ်ပယ်တွင် ကျွမ်းကျင်သူ မဟုတ်သည့် ယေဘုယျ သိရှိနားလည် သူကို ဆိုသည်။

(ထ) အလုပ်ရှင် ဆိုသည်မှာ အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက်အရ နှစ်ဖက် သဘောတူညီသော အခကြေးငွေဖြင့် အလုပ်သမား တစ်ဦးကိုဖြစ်စေ၊ အများကိုဖြစ်စေ ငှားရမ်းလုပ်ကိုင်၍ တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း စီမံကွပ်ကဲအုပ်ချုပ်ပြီး အလုပ်သမားအတွက် လုပ်ခပေး ရန်၊ အလုပ်ခန့်ထားရန်နှင့် အလုပ်မှ ရပ်စဲရန် တာဝန်ရှိသူတစ်ဦးဦး၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ရပ်ရပ်ကို ဆိုသည်။ ယင်းစကားရပ်တွင် အလုပ်ရှင် ၏ တရားဝင်စီမံခန့်ခွဲမှုဆိုင်ရာကိုယ်စားလှယ်၊ ပုဂ္ဂလိကပိုင်လုပ်ငန်းတွင် အလုပ်ရှင် ကွယ်လွန်ပါက ယင်း၏ တရားဝင်အမွေဆက်ခံသူနှင့် အစုရှယ်ယာ တရားဝင်လက်ခံရရှိသူတို့လည်း ပါဝင်သည်။

(ဒ) အလုပ်သမား ဆိုသည်မှာ မိမိ၏ ကာယအား၊ ဉာဏအားကို အသုံးပြု၍ လုပ်ကိုင်ရရှိသော လုပ်ခဖြင့် အသက်မွေးဝမ်းကျောင်းမှုပြုနေရသူကို ဆိုသည်။ ဤဥပဒေအလို့ငှာ ယင်းစကားရပ်တွင် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ရပ်ရပ်၏ ဝန်ထမ်းများလည်း ပါဝင်သည်။

(ဓ) အဖွဲ့ဝင်နိုင်ငံ ဆိုသည်မှာ နိုင်ငံတော်က အဖွဲ့ဝင်အဖြစ် ပါဝင်ထားသော မူပိုင်ခွင့်ဆိုင်ရာ ကွန်ဗင်းရှင်း များ၊ စာချုပ်များ သို့မဟုတ် သဘောတူညီချက်များ သို့မဟုတ် ယင်းတို့နှင့် သက်ဆိုင်သည့် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ သို့မဟုတ် ဒေသဆိုင်ရာ အဖွဲ့အစည်းများ၏ အဖွဲ့ဝင်နိုင်ငံတစ်ခုခုကို ဆိုသည်။

(န) မူပိုင်ခွင့်တရားရုံး ဆိုသည်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များကို စစ်ဆေးစီရင်ရန် ဥပဒေအရ တည်ထောင်သော တရားရုံးကိုသော်လည်းကောင်း၊ ယင်းရုံး၏ စီရင်ပိုင်ခွင့် အာဏာနှင့် လုပ်ပိုင်ခွင့်များ အပ်နှင်းထားသည့် တရားရုံးကိုသော်လည်းကောင်း ဆိုသည်။

(ပ) ဦးစားပေးအခွင့်အရေး ဆိုသည်မှာ ပုဒ်မ ၄၃ ပါ ဦးစားပေးအခွင့်အရေးကို ဆိုသည်။

(ဖ) ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေး ဆိုသည်မှာ ပုဒ်မ ၄၄ ပါ ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေးကို ဆိုသည်။