• +95-67(3)408505
  • mmcc.office@commerce.gov.mm
တီထွင်မှုမူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၁၆) ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်း

၆၀။ တီထွင်မှုမူပိုင်ခွင့်ရရှိသူသည် ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ၊ တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းကိုဖြစ်စေ ယင်း၏မှတ်ပုံတင်ထားသော တီထွင်မှုမူပိုင်ခွင့်ကို အသုံးပြုရန်အတွက် စည်းကမ်းချက်များ သတ်မှတ်၍ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးနိုင်သည်။

၆၁။ တီထွင်မှုမူပိုင်ခွင့်ရရှိသူ သို့မဟုတ် ယင်း၏ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရရှိသူတို့သည် ခွင့်ပြုချက်စာတမ်းအမှတ်အသား မိတ္တူမှန်နှင့် အတူသတ်မှတ်သည့် အခကြေးငွေပေးသွင်းပြီး ခွင့်ပြုချက်ဖြင့်လုပ်ကိုင်ခွင့်ပေးခြင်းကို မှတ်တမ်းတင်ပေးရန်မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။

၆၂။ မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၆၁ အရ လျှောက်ထားချက်နှင့်စပ်လျဉ်း၍ တီထွင်မှုမူပိုင်ခွင့် အခွင့်အရေးများကို အလွဲသုံးစားပြုခြင်းနှင့် ယှဉ်ပြိုင်မှုကို ဆန့်ကျင်ခြင်းမရှိကြောင်း၊ နိုင်ငံတော်၏ အကျိုးစီးပွားကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်နိုင်ခြင်းမရှိကြောင်း၊ ယေဘုယျအားဖြင့် နည်းပညာကျွမ်းကျင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား သို့မဟုတ် အနှောင့်အယှက်ဖြစ်နိုင်ခြင်း မရှိကြောင်း သို့မဟုတ် အဆိုပါအကျိုးသက်ရောက်မှုတစ်ခုခုကိုဖြစ်စေသည့် အချက်တစ်ရပ်ရပ်ပါရှိခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိပါက ထိုခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းကို မှတ်တမ်းတင်ပြီး သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။

၆၃။ တီထွင်မှုမူပိုင်ခွင့်ရရှိသူ သို့မဟုတ် ယင်း၏ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရရှိသူတို့က မှတ်ပုံတင်အရာရှိထံတွင် မှတ်တမ်းတင်ထားသည့် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းကို ပယ်ဖျက်ရန် သတ်မှတ်ချက်နှင့်အညီ လျှောက်ထားလျှင် မှတ်ပုံတင်အရာရှိက မှတ်တမ်းမှ ပယ်ဖျက်ပြီး ယင်းသို့ ပယ်ဖျက်ကြောင်း အများပြည်သူသိရှိစေရန် သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။

၆၄။ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိထံ မှတ်တမ်းတင်ပေးရန် လျှောက်ထားခြင်းမရှိလျှင် ယင်းခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းသည် အကျိုးသက်ရောက်မှု မရှိစေရ။