• +95-67(3)408505
  • mmcc.office@commerce.gov.mm
တီထွင်မှုမူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၁၃) တီထွင်မှုမူပိုင်ခွင့် သက်တမ်းနှင့်နှစ်စဉ်ကြေး

၄၇။ တီထွင်မှုမူပိုင်ခွင့်သက်တမ်းသည် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက် တင်သွင်းသည့်နေ့မှ နှစ် ၂၀ ဖြစ်သည်။

၄၈။ တီထွင်မှုမူပိုင်ခွင့်ပိုင်ရှင် သို့မဟုတ် လျှောက်ထားသူသည် တီထွင်မှုမူပိုင်ခွင့် သို့မဟုတ် တီထွင်မှု မူပိုင်ခွင့် လျှောက်ထားချက်ကို ထိန်းသိမ်းရန်အလို့ငှာ ဦးစီးဌာနသို့ ကာလအပိုင်းအခြားအလိုက် သတ်မှတ်သည့် နှစ်စဉ်ကြေးပေးသွင်းမှုကို အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

(က) နှစ်စဉ်ကြေးပေးသွင်းရမည့်နေ့မတိုင်မီ ခြောက်လအတွင်း သတ်မှတ်ထားသည့် အခကြေးငွေ ပေးသွင်းရမည်။

(ခ) နှစ်စဉ်ကြေးပေးသွင်းမှု နောက်ကျခြင်းအတွက် နှစ်စဉ်ကြေးပေးသွင်းရန် ကုန်ဆုံးသည့် နောက်တစ်ရက်မှ အခွင့်အရေးအဖြစ်ပေးသော ခြောက်လအတွင်း၌သာ ပေးသွင်းခွင့်ရှိသည်။ ယင်းသို့ ပေးသွင်းသည့်အခါ သတ်မှတ်ထားသော နှစ်စဉ်ကြေးနှင့် ရက်လွန်ကြေးများကို ပေးသွင်းရမည်။

၄၉။ မှတ်ပုံတင်အရာရှိသည်-

(က) နှစ်စဉ်ကြေးပေးသွင်းခြင်းကို မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ရမည်။

(ခ) နှစ်စဉ်ကြေးကို အခွင့်အရေးအဖြစ်ပေးသော ခြောက်လအတွင်း ပေးသွင်းခြင်းမရှိသည့် တီထွင်မှု မူပိုင်ခွင့် သို့မဟုတ် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်ကို ပျက်ပြယ်စေရမည်။

(ဂ) နှစ်စဉ်ကြေးပေးသွင်းမှုမရှိခြင်းသည် ခိုင်လုံပြီး အခြားသူများ၏ အခွင့်အရေးများကို ထိခိုက်ခြင်း မရှိဟု ယူဆလျှင် ငွေပေးသွင်းရမည့်ကာလ ကျော်လွန်ပြီးနောက် တစ်နှစ်မကုန်ဆုံးမီ အချိန်အတွင်း ပျက်ပြယ်သွားသော တီထွင်မှုမူပိုင်ခွင့်ကို ထုတ်ပြန်ကြေညာခြင်းမရှိဘဲ ထိန်းသိမ်းထားနိုင်သည်။

(ဃ) ပျက်ပြယ်သွားသည့် တီထွင်မှုမူပိုင်ခွင့် သို့မဟုတ် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်ကို မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ပြီး သတ်မှတ်ထားသည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာ ရမည်။

၅၀။ ပုဒ်မ ၄၈ တွင် ဖော်ပြထားသော နောက်ဆုံးရက် သတ်မှတ်ချက် ကျော်လွန်သွားသည့် ကိစ္စရပ်တွင် လျှောက်ထားသူ သို့မဟုတ် တီထွင်မှုမူပိုင်ခွင့်ပိုင်ရှင်သည် ပုဒ်မ ၃၁ ပါ အချက်များနှင့်ကိုက်ညီပါက အခွင့်အရေးများ ပြန်လည်ပေးအပ်ရန် မှတ်ပုံတင်အရာရှိထံ တောင်းဆိုနိုင်သည်။