• +95-67(3)408505
  • mmcc.office@commerce.gov.mm
တီထွင်မှုမူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၁၉) အသေးစားတီထွင်မှု

၈၀။ (က) အသေးစားတီထွင်မှုတစ်ခုသည် အသစ်ဖြစ်ရမည်ဖြစ်ပြီး စက်မှုလက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်ပါက အသေးစားတီထွင်မှုမူပိုင်ခွင့်အဖြစ် မှတ်ပုံတင်လျှောက်ထားနိုင်သည်။

(ခ) အောက်ပါတို့သည် အသေးစားတီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အကာအကွယ်မရရှိစေရ-

(၁) ဆောင်ရွက်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊

(၂) ဓာတု၊ ဆေးဝါး၊ ဇီဝ၊ သတ္တုဆိုင်ရာ အရာဝတ္ထုများ၊ အခြားသောအရာဝတ္ထုများ သို့မဟုတ် ဒြပ်ပေါင်းများ၊

(၃) ဤဥပဒေနှင့်အညီ တီထွင်မှုမူပိုင်ခွင့် အကာအကွယ်ပေးခြင်းမှ တားမြစ်ထားသော အရာများ၊

(၄) ပန်းပု၊ ဗိသုကာလက်ရာများ သို့မဟုတ် သဘာဝအတိုင်းတည်ရှိနေသော အလှအပ အဆင်တန်ဆာများ။

(ဂ) အသေးစားတီထွင်မှုဆိုင်ရာဖော်ပြချက်သည် သက်ဆိုင်ရာနည်းပညာနယ်ပယ်ရှိ သာမန်တတ်ကျွမ်းသူ တစ်ဦးက အဆိုပါအသေးစားတီထွင်မှုကို ဆက်လက်ပြုလုပ်နိုင်သည်အထိ ပြည့်စုံရှင်းလင်းစွာ ဖော်ပြရမည်ဖြစ်ပြီး အထူးသဖြင့် အရာဝတ္ထု၏အသုံးဝင်မှု သို့မဟုတ် လုပ်ဆောင်ချက်များကို မည်သို့ မြှင့်တင်ပေးထားသည်ကို ဖော်ပြရမည်။

(ဃ) ဤအခန်းပါ ပြဋ္ဌာန်းချက်များအား မထိခိုက်စေဘဲ တီထွင်မှုမူပိုင်ခွင့်များနှင့် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားခြင်းများဆိုင်ရာ ပြဋ္ဌာန်းချက်များကို အသေးစားတီထွင်မှုမူပိုင်ခွင့် ခွင့်ပြုရန် လိုအပ်သည့် နေရာများတွင်အသုံးပြုနိုင်သည်။

၈၁။ အသေးစားတီထွင်မှုမူပိုင်ခွင့်သက်တမ်းသည် အသေးစားတီထွင်မှုမူပိုင်ခွင့်လျှောက်ထားသည့် နေ့ရက်မှ ၁၀ နှစ်ဖြစ်သည်။

၈၂။ စစ်ဆေးရေးအရာရှိသည် အသေးစားတီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်နှင့်စပ်လျဉ်း၍-

(က) ပုဒ်မ ၂၊ ပုဒ်မခွဲ (ဌ) ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်ကိုက် ညီမှုရှိ မရှိ၊ ပုဒ်မ ၁၉၊ ပုဒ်မ ၂၀၊ ပုဒ်မ ၈၀၊ ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ဆေးပြီးနောက် သတ်မှတ်ချက်များနှင့် ညီညွတ်သော လျှောက်ထားချက်များကို မှတ်ပုံတင်အရာရှိထံ မိမိ၏သဘောထားမှတ်ချက်နှင့် အတူ တင်ပြရမည်။

(ခ) ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ဆေးပြီးနောက် သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်း မရှိသော လျှောက်ထားချက်ကို လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ရန် မှတ်ပုံတင်အရာရှိ၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားသူထံ အကြောင်း ကြားရမည်။ လျှောက်ထားသူက အကြောင်းကြားစာ လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ပြင်ဆင်ဆောင်ရွက်ခြင်းမရှိပါက မှတ်ပုံတင်အရာရှိထံတင်ပြပြီး အဆိုပါလျှောက်ထားချက်ကို စွန့်လွှတ်သည်ဟု မှတ်ယူ၍ ရုပ်သိမ်းရမည်။

(ဂ) ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြင်ဆင်ဆောင်ရွက်ချက်ကို လက်ခံရရှိပါက စိစစ်ပြီး လျှောက်ထားချက်ကို မိမိ၏သဘောထားမှတ်ချက်နှင့်အတူ မှတ်ပုံတင်အရာရှိထံတင်ပြရမည်။

၈၃။ မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၈၂ အရ တင်ပြသည့် သဘောထားမှတ်ချက်ကို စိစစ်ပြီး သတ်မှတ်ချက်နှင့် ညီညွတ်သော လျှောက်ထားချက်များကို အများပြည်သူသိရှိနိုင်ရန်နှင့် ကန့်ကွက်လိုပါက ကန့်ကွက်နိုင်ရန် သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။

၈၄။ (က) အသေးစားတီထွင်မှုမူပိုင်ခွင့်နှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသူသည် ထုတ်ပြန်ကြေညာသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း သတ်မှတ်သည့် အခကြေးငွေ ပေးသွင်းပြီး ခိုင်လုံသော သက်သေခံ အထောက် အထားများဖြင့် မှတ်ပုံတင်အရာရှိထံ ကန့်ကွက်လွှာ တင်သွင်းနိုင်သည်။

(ခ) မှတ်ပုံတင်အရာရှိသည် ကန့်ကွက်လွှာကို လက်ခံရရှိပါက သတ်မှတ်သည့် အချိန်ကာလအတွင်း ကန့်ကွက်ချက်ကို ခုခံချေပနိုင်ရန် လျှောက်ထားသူထံ အကြောင်းကြားစာ ပေးပို့ရမည်။

(ဂ) စစ်ဆေးရေးအရာရှိသည် အသေးစားတီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ ကန့်ကွက်ချက်၊ ခုခံချေပချက်တို့ကို စစ်ဆေးပြီး တွေ့ရှိချက်ကို မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ မှတ်ပုံတင်အရာရှိ ထံတင်ပြရမည်။

၈၅။ မှတ်ပုံတင်အရာရှိသည် အသေးစားတီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်နှင့်စပ်လျဉ်း၍-

(က) အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်လွှာ တင်သွင်းခြင်းမရှိပါက အဆိုပါအသေးစားတီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုနိုင်သည်။

(ခ) ကန့်ကွက်လွှာတင်သွင်းလာပါက ကန့်ကွက်ချက်၊ စစ်ဆေးရေးအရာရှိ၏ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်တို့ကို စိစစ်ပြီး ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

(ဂ) မှတ်ပုံတင်ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းကို မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ထားပြီး လျှောက်ထားသူထံ အကြောင်းကြားရမည်။ ထို့ပြင် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းကို အများပြည်သူ သိရှိစေရန် သတ်မှတ်သည့် နည်းလမ်းနှင့်အညီထုတ်ပြန်ကြေညာရမည်။

(ဃ) အသေးစားတီထွင်မှုမူပိုင်ခွင့်ကို ခွင့်ပြုခဲ့လျှင် လျှောက်ထားသူအား အသေးစားတီထွင်မှုမူပိုင်ခွင့် လက်မှတ်ကို ထုတ်ပေးရမည်။

၈၆။ မှတ်ပုံတင်အရာရှိသည် သက်ဆိုင်ရာပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်း၏ လျှောက်ထားချက်အရ အသေးစားတီထွင်မှုမူပိုင်ခွင့်သည်အောက်ပါအချက်တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း တွေ့ရှိပါက အဆိုပါအသေးစားတီထွင်မှုမူပိုင်ခွင့်ကို ရုပ်သိမ်းခြင်းပြုနိုင်သည်-

(က) ပုဒ်မ ၈၀၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) တို့ပါ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိခြင်း၊

(ခ) အသေးစားတီထွင်မှုမူပိုင်ခွင့်ပိုင်ရှင်သည် အသေးစားတီထွင်မှုမူပိုင်ခွင့်ကို ရခွင့်ရှိသူမဟုတ်ကြောင်း ခိုင်လုံသော သက်သေခံအထောက်အထား ပေါ်ပေါက်ခြင်း။

၈၇။ (က) တီထွင်မှုမူပိုင်ခွင့် လျှောက်ထားသူသည် တီထွင်မှုမူပိုင်ခွင့် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း မပြုမီ မည်သည့်အချိန်တွင်မဆို သတ်မှတ်သည့် အခကြေးငွေပေးသွင်းပြီးမူလလျှောက်ထားချက် လျှောက်ထားသည့်နေ့ကို လျှောက်လွှာတင်သွင်းသည့်နေ့ အဖြစ်မှတ်ယူပြီး အသေးစားတီထွင်မှုမူပိုင်ခွင့် အဖြစ် ပြောင်းလဲလျှောက်ထားနိုင်သည်။

(ခ) အသေးစားတီထွင်မှုမူပိုင်ခွင့် လျှောက်ထားသူသည် အသေးစားတီထွင်မှုမူပိုင်ခွင့်ကို ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းမပြုမီ မည်သည့်အချိန်တွင်မဆို သတ်မှတ်ထားသော အခကြေးငွေပေးသွင်းပြီး မူလလျှောက်ထားချက်လျှောက်ထားသည့်နေ့ကို လျှောက်လွှာတင်သွင်းသည့်နေ့အဖြစ်မှတ်ယူပြီး အသေးစားတီထွင်မှုမူပိုင်ခွင့်အဖြစ် ပြောင်းလဲလျှောက်ထားနိုင်သည်။

(ဂ) ပုဒ်မခွဲ (က) အရ လျှောက်ထားချက်ကို တစ်ကြိမ်ထက်ပို၍ ပြောင်းလဲခြင်းမပြုရ။

၈၈။ လျှောက်ထားသူသည် တူညီသော တီထွင်မှုတစ်ခုအတွက် အသေးစားတီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်နှင့် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်နှစ်မျိုးကို တစ်ပြိုင်နက်တည်းဖြစ်စေ၊ တစ်ခုပြီးမှတစ်ခုဖြစ်စေ အပြိုင်လျှောက်ထားခြင်း မပြုရ။