• +95-67(3)408505
  • mmcc.office@commerce.gov.mm
တီထွင်မှုမူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၂၃) တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးထိပါးချိုးဖောက်ခြင်းနှင့်စပ်လျဉ်း၍ မူပိုင်ခွင့်တရားရုံး၏ လုပ်ပိုင်ခွင့်များ

၉၆။ (က) အခွင့်အရေးရရှိသူသည် နစ်နာမှုအတွက် တရားမကြောင်းအရ ပုဒ်မ ၉၇ နှင့် ၉၈ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ယာယီအရေးယူဆောင်ရွက်သည့် အမိန့်ချမှတ်ပေးရန် မူပိုင်ခွင့်တရားရုံးတွင် အထွေထွေမှု လျှောက်ထားနိုင်သည်။

(ခ) အခွင့်အရေးရရှိသူသည် တရားမကြောင်းအရ အရေးယူပေးရန် မူပိုင်ခွင့်တရားရုံးသို့ လျှောက် ထားနိုင်သည်။

၉၇။ (က) မူပိုင်ခွင့်တရားရုံးသည် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ထိပါးချိုးဖောက်သည်ဟု စွပ်စွဲခံရသော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပုဒ်မ ၉၆၊ ပုဒ်မခွဲ (က) အရ လျှောက်ထားလာပါက အောက်ပါယာယီ အရေးယူဆောင်ရွက်သည့် အမိန့်တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်-

(၁) တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးထိပါးချိုးဖောက်ခြင်းကို ကာကွယ်တားဆီးရန်နှင့် အကောက် ခွန်ဦးစီးဌာနတွင် ကျသင့်ခွန်အရပ်ရပ်ပေးဆောင်၍ ရှင်းလင်းထုတ်ယူပြီးသည့် သွင်းကုန်ပစ္စည်းများ အပါအဝင် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးထိပါးချိုးဖောက်သည့် ကုန်ပစ္စည်းများ နိုင်ငံတော်၏ ကုန်သွယ်မှု လမ်းကြောင်းအတွင်းသို့ ဝင်ရောက်လာခြင်းကို တားဆီးရန် သင့်သည်ထင်မြင်သည့်အမိန့်၊

(၂) တီထွင်မှု မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ထိပါးချိုးဖောက်သည်ဟု စွပ်စွဲခံရသော သက်သေခံ အထောက်အထားများကို မူလအခြေအနေမပျက် ထိန်းသိမ်းထားရန် သင့်သည်ထင်မြင်သည့်အမိန့်။

(ခ) မူပိုင်ခွင့်တရားရုံးသည် ယာယီအရေးယူ ဆောင်ရွက်ပေးရန် လျှောက်ထားသူထံမှ အောက်ပါတို့ကို တင်သွင်းရန် ညွှန်ကြားနိုင်သည်-

(၁) လျှောက်ထားသူမှာ အခွင့်အရေးရရှိသူဖြစ်ကြောင်း၊ ယင်း၏ အခွင့်အရေးကို ထိပါးချိုးဖောက် နေကြောင်း သို့မဟုတ် ထိပါးချိုးဖောက်ရန် အလားအလာရှိကြောင်း ထင်ရှားစေရန် ခိုင်လုံသည့် အထောက်အထားများကို တင်ပြစေခြင်း၊

(၂) ယာယီအရေးယူဆောင်ရွက်မှုကို အလွဲသုံးစားပြုခြင်းမှ ကာကွယ်တားဆီးရန်အတွက် လုံလောက် သည့်အာမခံ တင်သွင်းစေခြင်း။

(ဂ) မူပိုင်ခွင့်တရားရုံးသည် ပုဒ်မခွဲ (က) ပါအမိန့်အရ ယာယီအရေးယူ ဆောင်ရွက်မှုများကိုဆောင်ရွက် ရာတွင် ထိပါးချိုးဖောက်သည်ဟု စွပ်စွဲခံရသောကုန်ပစ္စည်းများကို ခွဲခြားသတ်မှတ်နိုင်ရန် နောက်ထပ် လိုအပ်သော မည်သည့်သတင်းအချက်အလက်ကိုမဆို တင်သွင်းရန် လျှောက်ထား သူကို ထပ်မံညွှန်ကြား နိုင်သည်။

(ဃ) မူပိုင်ခွင့်တရားရုံးသည် လျှောက်ထားတောင်းဆိုခဲ့သည့် ယာယီအရေးယူဆောင်ရွက်ချက်များကို စတင်ဆောင်ရွက်ခဲ့သည့်နေ့မှစ၍ ထိခိုက်နစ်နာမှုအပေါ် အမှုကို အပြီးအပြတ် ဆုံးဖြတ်နိုင်ရန်အတွက် မူပိုင်ခွင့်တရားရုံးက သတ်မှတ်ထားသည့် သင့်လျော်သောကာလအတွင်း သို့မဟုတ် ယင်းကဲ့သို့ သတ်မှတ်ထားခြင်းမရှိခဲ့လျှင် ယာယီအရေးယူဆောင်ရွက်ရန် အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း တရားစွဲဆိုမှုကို တရားမကြောင်းအရ တရားစွဲဆိုခြင်းမရှိလျှင် ပုဒ်မ ၉၈၊ ပုဒ်မခွဲ (ခ) ကို မထိခိုက်စေဘဲ ပုဒ်မ ၉၇၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မ ၉၈ ၊ ပုဒ်မခွဲ (က) တို့အရ ချမှတ်ထားသော ယာယီအရေးယူ ဆောင်ရွက်ချက်များကို လျှောက်ထားခံရသူ၏ တောင်းဆိုချက်အရ ရုပ်သိမ်းရမည် သို့မဟုတ် အကျိုးသက်ရောက်မှုကို ရပ်စဲရမည်။

(င) မူပိုင်ခွင့်တရားရုံးသည် ယာယီအရေးယူဆောင်ရွက်ချက်များကို ရုပ်သိမ်းလျှင်ဖြစ်စေ၊ လျှောက်ထား သူ၏ ပျက်ကွက်မှု သို့မဟုတ် ပြုလုပ်မှုတစ်ရပ်ရပ်ကြောင့် ရပ်စဲလျှင်ဖြစ်စေ၊ တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးထိပါးချိုးဖောက်ခြင်းမရှိကြောင်း သို့မဟုတ် ထိပါးချိုးဖောက်ရန် အလားအလာမရှိကြောင်း တွေ့ရှိလျှင်ဖြစ်စေ လျှောက်ထားခံရသူ၏တောင်းဆိုချက်အရ အဆိုပါအရေးယူဆောင်ရွက်ချက်များ ကြောင့် ပေါ်ပေါက်သော ထိခိုက်နစ်နာမှုများအတွက် သင့်လျော်သော လျော်ကြေးကို လျှောက်ထားသူက လျှောက်ထားခံရသူသို့ပေးစေရန် အမိန့်ချမှတ်နိုင်သည်။

၉၈။ (က) မူပိုင်ခွင့်တရားရုံးသည် အောက်ပါအခြေအနေ တစ်ရပ်ရပ်တွင် တစ်ဖက်သတ် ယာယီအရေးယူ ဆောင်ရွက်သည့် အမိန့်များကို ချမှတ်နိုင်သည်-

(၁) အခွင့်အရေးရရှိသူကို ကုစား၍မရနိုင်သော ထိခိုက်နစ်နာမှုကိုဖြစ်စေတန်ရာသည့် နှောင့်နှေး ကြန့် ကြာမှု တစ်စုံတစ်ရာရှိခြင်း၊

(၂) သက်သေခံ အထောက်အထားများ ပျက်စီးဆုံးရှုံးမည့်အန္တရာယ် အမှန်တကယ်ကျရောက်နေခြင်း။

(ခ) မူပိုင်ခွင့်တရားရုံးသည် တစ်ဖက်သတ် ယာယီအရေးယူ ဆောင်ရွက်ရာတွင်-

(၁) ဆောင်ရွက်ပြီးလျှင်ပြီးချင်း နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ယာယီအရေးယူဆောင်ရွက်သည့်အမိန့် ကို လျှောက်ထားခံရသူထံ အသိပေးအကြောင်းကြားရမည်။

(၂) မူပိုင်ခွင့်တရားရုံးက သတ်မှတ်သည့် အချိန်ကာလအတွင်း သို့မဟုတ် ယင်းကဲ့သို့သတ်မှတ်ချက်မရှိ ခဲ့လျှင် အကြောင်းကြားစာ ထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အကြောင်းကြားခံရသူက လိုက်နာခြင်းမရှိလျှင် ယင်းအရေးယူဆောင်ရွက်ချက်များကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်။

(၃) ယင်းအရေးယူ ဆောင်ရွက်ချက်များအပေါ် ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် အတည်ပြုခြင်း တို့ကို ဆုံးဖြတ်ပေးရန် လျှောက်ထားခံရသူများ၏ တောင်းဆိုချက်အရ နှစ်ဖက်ကြားနာ၍ ပြန်လည်စစ်ဆေးခြင်းတစ်ရပ်ကို သင့်လျော်သည့်ကာလအတွင်း ဆောင်ရွက်ရမည်။

၉၉။ တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးထိပါးချိုးဖောက်ခြင်းနှင့်စပ်လျဉ်း၍ တရားမဥပဒေနှင့် တရားမကျင့်ထုံးဥပဒေတို့ကို မထိခိုက်စေဘဲ ပုဒ်မ ၉၆၊ ပုဒ်မခွဲ (ခ) အရ စွဲဆိုမှုတွင် မူပိုင်ခွင့် တရားရုံးသည် အောက်ပါအမိန့်တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်-

(က) အကောက်အခွန်ဦးစီးဌာနတွင် ကျသင့်ခွန်အရပ်ရပ် ပေးဆောင်၍ ရှင်းလင်းထုတ်ယူပြီးတင်သွင်း လာမည့် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးထိပါးချိုးဖောက်ထားသည့်ကုန်ပစ္စည်းများ နိုင်ငံတော်၏ ကုန်သွယ်မှုလမ်းကြောင်းအတွင်းသို့ ဝင်ရောက်လာခြင်းကို တားဆီးခြင်းအပါအဝင် တီထွင်မှုမူပိုင်ခွင့် အခွင့်အရေးထိပါးချိုးဖောက်မှုအတွက် တားမြစ်သည့်အမိန့်၊

(ခ) တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးထိပါးချိုးဖောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အခွင့်အရေးရ ရှိသူ၏ ထိခိုက်နစ်နာမှုများအတွက် ထိပါးချိုးဖောက်သူမှ အခွင့်အရေးရရှိသူထံသို့ လုံလောက်သော နစ်နာကြေးပေးဆောင်စေရန်အတွက် ချမှတ်သည့်အမိန့် သို့မဟုတ် သင့်လျော်သော ကိစ္စရပ်များတွင် အခွင့်အရေးရရှိသူမှ ကြိုတင်သတ်မှတ်တောင်းဆိုထားသော နစ်နာကြေးကိုဖြစ်စေ၊ ချိုးဖောက်သူမှ ရယူခံစားခဲ့သော အကျိုးအမြတ်ကိုဖြစ်စေ၊ နှစ်ရပ်လုံးကိုဖြစ်စေ ပြန်လည်ပေးစေရန်အမိန့်၊

(ဂ) အခွင့်အရေးရရှိသူ၏ တရားစရိတ်နှင့် ရှေ့နေစရိတ်တို့အပါအဝင် သင့်လျော်သောကုန်ကျ စရိတ်များကို ပေးဆောင်စေရန်အမိန့်။

၁၀၀။ (က) မူပိုင်ခွင့်တရားရုံးသည် အခွင့်အရေးရရှိသူ၏ လျှောက်ထားချက်အပေါ် တရားမ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိပါးချိုးဖောက်မှုအတွက် အပြီးသတ်ဆုံးဖြတ်ချက် အမိန့်ချမှတ်ရာ၌ သက်သေခံ ပစ္စည်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်းချမှတ်နိုင်သည်-

(၁) ထိပါးချိုးဖောက်ကြောင်းတွေ့ရှိသည့် ကုန်ပစ္စည်းများကို ဖျက်ဆီးခြင်း သို့မဟုတ် ကုန်သွယ်မှု လမ်းကြောင်းအတွင်းသို့ ဝင်ရောက်လာခြင်းကို တားမြစ်ခြင်း၊

(၂) ထပ်မံထိပါးချိုးဖောက်မှုကို လျော့နည်းစေရေးအတွက် လျော်ကြေးတစ်စုံတစ်ရာ ပေးဆောင်ခြင်း မရှိဘဲထိပါချိုးဖောက်သော ကုန်ပစ္စည်းများကို ဖန်တီးရာတွင် အဓိကအသုံးပြုသော ပစ္စည်းများ သို့မဟုတ် ကိရိယာတန်ဆာပလာများကို ကုန်သွယ်မှုလမ်းကြောင်းအတွင်းသို့ ဝင်ရောက်လာခြင်းကို တားမြစ်ခြင်း။

(ခ) မူပိုင်ခွင့်တရားရုံးသည် ပုဒ်မခွဲ (က) အရ ဆောင်ရွက်ရာတွင် အောက်ပါအချက်များကို ထည့်သွင်း စဉ်းစားရမည်-

(၁) တားမြစ်မိန့်ချမှတ်ခြင်းကြောင့် ရရှိမည့် အကျိုးသက်ရောက်မှု၊

(၂) ဖျက်ဆီးမှုဆောင်ရွက်ခြင်းဖြင့် ထိပါးချိုးဖောက်မှုအတိုင်းအတာနှင့် အချိုးကျကိုက်ညီမှု၊

(၃) ဖျက်ဆီးပုံ၊ ဖျက်ဆီးနည်းသည် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု၊

(၄) အခြားပုဂ္ဂိုလ်များ၏ တရားဝင်အကျိုးစီးပွားထိခိုက်မှု။

၁၀၁။ တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ထိပါးချိုးဖောက်ခံရသည်ဟု မရိုးမဖြောင့်သောသဘောဖြင့် မမှန်မကန်တိုင်ကြားကြောင်းပေါ်ပေါက်လျှင် ယင်းသို့ တိုင်ကြားခြင်းကြောင့် မှားယွင်းစွာ ဟန့်တား ခံရသည့် လျှောက်ထားခံရသူကို လျှောက်ထားသူက လျော်ကြေးပေးရမည့်အပြင် လျှောက်ထားခံရသူ၏ ကျသင့်သော ရှေ့နေစရိတ်အပါအဝင် တရားစရိတ်နှင့် အခြားကုန်ကျစရိတ်များကို လျှောက်ထားသူက ပေးဆောင်စေရန် မူပိုင်ခွင့်တရားရုံးက အမိန့်ချမှတ်နိုင်သည်။

၁၀၂။ (က) မူပိုင်ခွင့်တရားရုံးသည် တီထွင်မှုမူပိုင်ခွင့်ရရှိသူ၏ အခွင့်အရေးများကို ထိပါးချိုးဖောက်ခြင်း နှင့်စပ်လျဉ်း၍ တရားမကြောင်းဖြင့် တရားစွဲဆိုရာတွင် တီထွင်မှုမူပိုင်ခွင့်ပါအကြောင်းအရာသည် ထုတ်ကုန်ပစ္စည်းတစ်ခုကို ရရှိနိုင်သည့် ထုတ်လုပ်မှုနည်းစဉ်တစ်ရပ်ဖြစ်ပါကထပ်တူညီသော ထုတ်ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်ရာ၌ အသုံးပြုသော ထုတ်လုပ်မှုနည်းစဉ်သည် တီထွင်မှုမူပိုင်ခွင့် ရရှိ ထားသော ထုတ်လုပ်မှုနည်းစဉ်နှင့်ကွဲပြားခြားနားကြောင်း သက်သေပြရန် လျှောက်ထားခံရသူကို အမိန့်ချမှတ်နိုင်သည်။

(ခ) တီထွင်မှုမူပိုင်ခွင့်ရရှိထားသောနည်းစဉ်ဖြင့် ထုတ်လုပ်ထားသော ထုတ်ကုန်သည် အသစ်ဖြစ်လျှင် တီထွင်မှုမူပိုင်ခွင့်ရရှိသူ၏ ခွင့်ပြုချက်မရရှိဘဲ ထုတ်လုပ်ထားသည့် တူညီသောမည်သည့်ထုတ်ကုန်ပစ္စည်း ကိုမဆို ဆန့်ကျင်ကွဲလွဲသည့် သက်သေမပြနိုင်လျှင် တီထွင်မှုမူပိုင်ခွင့်ရရှိထားသော နည်းစဉ်ဖြင့် ထုတ်လုပ်ထားသည်ဟု မှတ်ယူရမည်။

(ဂ) မူပိုင်ခွင့်တရားရုံးသည် ပုဒ်မခွဲ (က) အရ သက်သေခံအထောက်အထားတင်ပြရန် တောင်းခံရာတွင် ချိုးဖောက်ကျူးလွန်သည်ဟု စွပ်စွဲခံရသည့် လျှောက်ထားခံရသူက ယင်း၏ ထုတ်လုပ်မှုနည်းစဉ်များနှင့် စီးပွားရေးဆိုင်ရာ လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြသခြင်းမရှိခဲ့လျှင် ထိုသူ၏ တရားဝင်အကျိုးစီးပွား များကို ထည့်သွင်းစဉ်းစားရမည်။

၁၀၃။ (က) မူပိုင်ခွင့်တရားရုံးသည် အောက်ပါအခြေအနေများတွင် တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များကို မထိခိုက်စေဘဲ သင့်လျော်သောကိစ္စရပ်များတွင် လျှို့ဝှက်သတင်းအချက်အလက်များကို အကာအကွယ် ပေးလျက် သက်သေခံအထောက်အထားများကို တစ်ဖက်အမှုသည်က တင်ပြရန် အမိန့်ချမှတ်နိုင်သည်-

(၁) အခွင့်အရေးရရှိသူက ယင်း၏တောင်းဆိုချက်များကို လုံလောက်စွာ အထောက်အကူပြုနိုင်မည့် ခိုင်လုံသည့်သက်သေခံအထောက်အထားများကို တင်ပြထားသောအခါ၊

(၂) ယင်းတောင်းဆိုချက်များနှင့်စပ်ဆိုင်သည့် ခိုင်လုံသော သက်သေခံအထောက်အထားများသည် တစ်ဖက်အမှုသည်၏ လက်ဝယ်တွင်ရှိကြောင်း တိကျစွာဖော်ပြထားသောအခါ၊

(ခ) ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ မိမိအလိုအလျောက် ထိပါးချိုးဖောက်မှုတွင်မူပိုင်ခွင့် တရားရုံး သည် အောက်ပါအခြေအနေများ၌ ထိခိုက်နစ်နာသူနှင့် ထိပါးချိုးဖောက်သူတို့၏ စွပ်စွဲချက်များ သို့မဟုတ် သက်သေခံအထောက်အထားများအရ ကြားနာခွင့်ပေးပြီး ယင်းတို့၏ အပြန်အလှန်စွပ်စွဲ ငြင်းဆိုသည့်အချက်များအပါအဝင် သတင်းအချက်အလက်များအပေါ် အခြေခံ၍ အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်းစသည့် ပဏာမနှင့် အပြီးသတ်ဆုံးဖြတ်ချက်များကို ချမှတ်နိုင် သည်-

(၁) လိုအပ်သည့် သတင်းအချက်အလက်များကို ရယူရာတွင် ငြင်းဆိုလျှင်၊

(၂) သင့်လျော်သောကာလအတွင်း လိုအပ်သော သတင်းအချက်အလက်များကို မပေးပို့နိုင်လျှင်၊

(၃) အရေးယူဆောင်ရွက်မှုနှင့်စပ်လျဉ်းသော လုပ်ထုံးလုပ်နည်းများကို သိသာစွာဟန့်တားလျှင်။

၁၀၄။ မူပိုင်ခွင့်တရားရုံးသည် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးထိပါးချိုးဖောက်ခြင်းအတွက် အရေးယူဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ဤဥပဒေတွင် အတိအလင်းပြဋ္ဌာန်းထားခြင်းမရှိလျှင် သက်သေခံအက်ဥပဒေ၊ တရားမကျင့်ထုံးဥပဒေနှင့် အခြားစပ်ဆိုင်သည့် တည်ဆဲဥပဒေတို့ပါ ပြဋ္ဌာန်းချက်များကို ကျင့်သုံးဆောင်ရွက်နိုင်သည်။