• +95-67(3)408505
  • mmcc.office@commerce.gov.mm
တီထွင်မှုမူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၁၄) တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများ

၅၁။ တီထွင်မှုမူပိုင်ခွင့်ရရှိသူသည် အခန်း (၁၃) ပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ပါက တီထွင်မှုမူပိုင်ခွင့် သက်တမ်းကာလအတွင်း ဤအခန်းပါ တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးများကို ခံစားခွင့်ရှိသည်။

၅၂။ တီထွင်မှုမူပိုင်ခွင့်ရရှိသူသည် ပုဒ်မ ၅၄ ပါ ပြဋ္ဌာန်းချက်များကို မထိခိုက်စေဘဲ-

(က) သီးသန့်အခွင့်အရေးအဖြစ်-

(၁) ထုတ်ကုန်တစ်ရပ်နှင့်စပ်လျဉ်း၍ တီထွင်မှုမူပိုင်ခွင့်ရရှိထားလျှင် ၎င်းထုတ်ကုန်ကို အခြားသူတစ်ဦးက ယင်း၏သဘောတူညီချက်မပါဘဲပြုလုပ်ခြင်း၊ အသုံးပြုခြင်း၊ ရောင်းချရန်ကမ်းလှမ်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် ပြည်တွင်းသို့ တင်သွင်းခြင်းပြုလျှင် ဤဥပဒေနှင့်အညီ ကာကွယ်တားဆီးခွင့်ရှိသည်။

(၂) ထုတ်လုပ်မှုနည်းစဉ်တစ်ရပ်နှင့်စပ်လျဉ်း၍ တီထွင်မှုမူပိုင်ခွင့်ရရှိထားလျှင် ၎င်းထုတ်လုပ်မှု နည်းစဉ်အား အခြားသူတစ်ဦးက ယင်း၏သဘောတူညီချက်မပါဘဲ အသုံးပြုလျှင်ဖြစ်စေ၊ ၎င်းထုတ်လုပ်မှုနည်းစဉ်ကို တိုက်ရိုက်အသုံးပြုပြီးထုတ်လုပ်သော ထုတ်ကုန်တစ်ခုကို ပုဒ်မခွဲ(က) ပုဒ်မခွဲငယ် (၁) တွင်ဖော်ပြထားသည့် အပြုအမူများကို ဆောင်ရွက်လျှင်ဖြစ်စေ ဤနည်းဥပဒေနှင့်အညီ ကာကွယ်တားဆီးခွင့်ရှိသည်။

(ခ) တီထွင်မှုမူပိုင်ခွင့် အခွင့်အရေးကို ထိပါးချိုးဖောက်သူအား တရားမကြောင်းဖြင့် တရားစွဲဆိုခွင့် ရှိသည်။

(ဂ) အခန်း (၁၅) နှင့် အခန်း (၁၆) တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ယင်း၏တီထွင်မှုမူပိုင်ခွင့် အခွင့်အရေးများကို အခြားသူတစ်ဦးဦးသို့ လွှဲပြောင်းခြင်း သို့မဟုတ် ခွင့်ပြုချက်ဖြင့်လုပ်ကိုင်ခွင့် ပေးခြင်းပြုနိုင်သည်။

၅၃။ ပုဒ်မ ၁၇၊ ပုဒ်မခွဲ (ဃ) အရ အလုပ်သမားကသာ တီထွင်မှုမူပိုင်ခွင့်လျှောက်ထားခွင့်ရှိသည့် တီထွင်မှုအပေါ်တွင် အလုပ်ရှင်သည် တစ်ဦးတည်းပိုင်မဟုတ်သော ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းကို ရရှိစေရမည်။

၅၄။ တီထွင်မှုမူပိုင်ခွင့် အခွင့်အရေးသည် အောက်ပါတို့နှင့် သက်ဆိုင်ခြင်းမရှိစေရ-

(က) တီထွင်မှုမူပိုင်ခွင့်ရရှိထားသော တီထွင်မှုကို စီးပွားဖြစ်မဟုတ်ဘဲ အသုံးပြုခြင်း သို့မဟုတ် ပုဂ္ဂလိကတစ်ဦးချင်းအတွက် အသုံးပြုခြင်း၊

(ခ) စမ်းသပ်လေ့လာရန် သို့မဟုတ် သုတေသနပြုရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း၊

(ဂ) နိုင်ငံတော်၏ နယ်နိမိတ်အတွင်း ယာယီအားဖြင့်ဖြစ်စေ၊ မမျှော်လင့်သောဖြစ်ရပ်ကြောင့် မတော်တဆဖြစ်စေ ဝင်ရောက်လာသော အခြားနိုင်ငံများမှ လေယာဉ်၊ ကုန်းလမ်းသွားယာဉ်များ သို့မဟုတ် ရေယာဉ်များပေါ်ရှိ တီထွင်မှုမူပိုင်ခွင့်နှင့် သက်ဆိုင်သည့် ပစ္စည်းကိရိယာတန်ဆာပလာများကို အသုံးပြုခြင်း၊

(ဃ) တီထွင်မှုမူပိုင်ခွင့် ရရှိထားသော တီထွင်မှုကို လျှောက်ထားသည့်နေ့မတိုင်မီ သို့မဟုတ် ဦးစားပေးအခွင့်အရေးတောင်းဆိုသည့်နေ့မတိုင်မီ တစ်စုံတစ်ဦးက သဘောရိုးဖြင့် အသုံးပြုခြင်း သို့မဟုတ် ထိုသို့အသုံးပြုရန် ထိရောက်သော ပြင်ဆင်ဆောင်ရွက်မှုကို ပြုလုပ်ခြင်း၊

(င) တီထွင်မှုမူပိုင်ခွင့်ရရှိသူကဖြစ်စေ၊ ယင်း၏သဘောတူညီချက်အရဖြစ်စေ ရောင်းချခြင်း၊ ရောင်းချရန် ကမ်းလှမ်းခြင်း သို့မဟုတ် တင်သွင်းခြင်းတို့နှင့်စပ်လျဉ်း၍ ဈေးကွက်တွင် ရောက်ရှိနေသော တီထွင်မှုမူပိုင်ခွင့်ရရှိထားသည့် ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားခြင်း၊

(စ) ထုတ်ကုန်တစ်ရပ်ရပ်ကို ထုတ်လုပ်ခြင်း၊ တည်ဆောက်ခြင်း၊ အသုံးပြုခြင်း၊ ရောင်းချခြင်း သို့မဟုတ် တင်သွင်းခြင်းတို့နှင့်ဆိုင်သော နိုင်ငံတော်၏ သို့မဟုတ် အခြားနိုင်ငံတစ်ခုခု၏ ဥပဒေတစ်ရပ်ရပ်အရ လိုအပ်သည့် သတင်းအချက်အလက်များ ပြုစုတင်ပြခြင်းတို့နှင့်စပ်လျဉ်း၍ တီထွင်မှုမူပိုင်ခွင့်ရရှိထားသော တီထွင်မှုကိုခိုင်လုံစွာ သက်ဆိုင်သော အသုံးပြုမှုအတွက်သာပြုလုပ်ခြင်း၊ တည်ဆောက်ခြင်း၊ အသုံးပြုခြင်း၊ ရောင်းချခြင်း သို့မဟုတ် တင်သွင်းခြင်း၊

(ဆ) မှတ်ပုံတင်ထားသော ဆေးဘက် သို့မဟုတ် သွားဘက်ဆိုင်ရာကုသရေးလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးကပေးသော ဆေးစာအညွှန်းအရ တစ်ဦးတစ်ယောက်အတွက် ဆေးဆိုင်တွင် ဆေးဝါးဖော်စပ် ပေးခြင်းများပြုလုပ်ခြင်း။

၅၅။ တီထွင်မှုမူပိုင်ခွင့်ကို တစ်ဦးထက်ပိုသူများက ပိုင်ဆိုင်ပြီး ယင်းတို့အချင်းချင်း တစ်နည်းနည်းဖြင့် သဘောတူညီထားခြင်းမရှိလျှင်-

(က) တီထွင်မှုမူပိုင်ခွင့်ရရှိသူသည် တီထွင်မှုမူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် မခွဲဝေရသေးသော တီထွင်မှု မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို အညီအမျှခံစားခွင့်ရှိသည်။

(ခ) တီထွင်မှုမူပိုင်ခွင့်ရရှိသူသည် ယင်း၏ မခွဲဝေရသေးသည့် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို အခြားသူတစ်ဦးဦးသို့ လွှဲပြောင်းခြင်း သို့မဟုတ် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်း ပြုနိုင်သည်။

(ဂ) တီထွင်မှုမူပိုင်ခွင့်ရရှိသူသည် တီထွင်မှုမူပိုင်ခွင့် အခွင့်အရေးထိပါးချိုးဖောက်သူအား အခြားသော တီထွင်မှုမူပိုင်ခွင့် ပူးတွဲရရှိသူများ၏ သဘောတူညီချက်ရယူရန်မလိုဘဲ တရားမကြောင်းဖြင့် တရားစွဲဆိုခွင့်ရှိသည်။

(ဃ) တီထွင်မှုမူပိုင်ခွင့်ရရှိသူထံမှ အခွင့်အရေးများအား တရားဝင်ဆက်ခံရရှိသော ပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းသည် ပုဒ်မခွဲ (က)၊ (ခ) နှင့် (ဂ) တို့တွင် ဖော်ပြထားသော အခွင့်အရေးများကို ခံစားခွင့်ရှိသည်။