• +95-67(3)408505
  • mmcc.office@commerce.gov.mm
တီထွင်မှုမူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၂၅) အထွေထွေ

၁၀၇။ အခြားတည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ဤဥပဒေပါ တီထွင်မှုမူပိုင်ခွင့်နှင့် စပ်လျဉ်းသည့် ပြစ်မှုတစ်ရပ်ရပ်ကို ဤဥပဒေဖြင့်သာ အရေးယူရမည်။

၁၀၈။ မှတ်ပုံတင်အရာရှိသည် ဤဥပဒေအရ ယင်းကို အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဆုံးဖြတ်ရာတွင် တစ်စုံတစ်ဦးအား ထိခိုက်နစ်နာစေမည်ဆိုပါက သတ်မှတ်ချက်များနှင့်အညီ ထိုသူကို တင်ပြကြားနာခွင့်ပေးရမည်။

၁၀၉။ မှတ်ပုံတင်အရာရှိက မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပြီး တံဆိပ်ခတ်နှိပ်ထားသော တီထွင်မှု မူပိုင်ခွင့် လက်မှတ်မိတ္တူနှင့်အထောက်အထားစာရွက်စာတမ်းများကို သက်ဆိုင်ရာမူပိုင်ခွင့်တရားရုံးတွင် သက်သေခံအဖြစ် တင်ပြခွင့်ရှိသည်။

၁၁၀။ လျှောက်ထားသူ အမြဲတမ်းနေထိုင်သည့်နေရာ သို့မဟုတ် လုပ်ငန်းတည်ရှိရာ ပင်မနေရာသည်  နိုင်ငံတော်၏ နယ်နိမိတ်ပြင်ပတွင်ဖြစ်ပါက ကိုယ်စားလှယ် သို့မဟုတ် ဦးစီးဌာနက သတ်မှတ်သည့် နည်းလမ်းနှင့်အညီ မှတ်ပုံတင်ထားသော တီထွင်မှုမူပိုင်ခွင့် အကျိုးဆောင် ကိုယ်စားလှယ်မှတစ်ဆင့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း တီထွင်မှုမူပိုင်ခွင့်လျှောက်ထားနိုင်သည်။

၁၁၁။ တီထွင်ထားသည့် ထုတ်ကုန်နှင့် ထုတ်လုပ်မှုနည်းစဉ်တို့သည် ဒြပ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ထိတွေ့၍ရနိုင်သည်ဖြစ်စေ၊ မရနိုင်သည်ဖြစ်စေမည်သည့်ပုံစံဖြင့်မဆို ရှိစေကာမူ ရွှေ့ပြောင်းနိုင်သော ပစ္စည်းအဖြစ် မှတ်ယူရမည်။

၁၁၂။ ဤဥပဒေပါ တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးကို ထိပါးချိုးဖောက်မှုများသည် အစိုးရဌာနနှင့်တရားဝင် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ရပ်ရပ်က စီးပွားရေးအလို့ငှာမဟုတ်ဘဲ နိုင်ငံတော်၏အရေးပေါ်အခြေအနေနှင့် အများပြည်သူ ဘေးအန္တရာယ်ကိစ္စများတွင် တီထွင်မှုမူပိုင်ခွင့်ရရှိ ထားသောကုန်ပစ္စည်းတစ်ခုခုကို အများပြည်သူအကျိုးငှာ အသုံးပြုခြင်းနှင့် သက်ဆိုင်ခြင်းမရှိစေရ။

၁၁၃။ တီထွင်မှုမူပိုင်ခွင့်အငြင်းပွားသူ ပုဂ္ဂိုလ်များအကြား ပေါ်ပေါက်လာသည့် အငြင်းပွားမှုများကို နှစ်ဦးနှစ်ဖက် ချစ်ကြည်စွာ ညှိနှိုင်းဖြေရှင်းခြင်းဖြင့်ဖြစ်စေ၊ အနုညာတစီရင်ဆုံးဖြတ်ခြင်းဖြင့်ဖြစ်စေ၊ တရားစွဲဆိုခြင်းဖြင့်ဖြစ်စေ ဖြေရှင်းနိုင်သည်။

၁၁၄။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်စေရန် ဝန်ကြီးဌာနသည် ဗဟိုကော်မတီနှင့် အေဂျင်စီ၏ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရမည့်အပြင် ကုန်ကျစရိတ်များကိုလည်း ကျခံရမည်။

၁၁၅။ ဝန်ကြီးဌာနသည် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် ဗဟိုကော်မတီအဖွဲ့ဝင်၊ အေဂျင်စီအဖွဲ့ဝင်နှင့် လုပ်ငန်းအဖွဲ့ဝင်တို့၏ ချီးမြှင့်ငွေနှင့်စရိတ်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ပေးရမည်။

၁၁၆။ ဤဥပဒေပါ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်၏ ရာထူးသက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်သည်။

၁၁၇။ ဝန်ကြီးဌာနသည် အေဂျင်စီ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် ဦးစီးဌာနနှင့် ၎င်း၏ မူပိုင်ခွင့်ဆိုင်ရာ နယ်ပယ်အလိုက် ဌာနခွဲများကို ဖွဲ့စည်းတာဝန်ပေးအပ်နိုင်သည်။

၁၁၈။ ဤဥပဒေအရ ဖွဲ့စည်းတည်ထောင်သည့် ဗဟိုကော်မတီနှင့် အေဂျင်စီတို့သည့် မူပိုင်ခွင့်ဥပဒေ အားလုံးအတွက် အကျုံးဝင်သည်ဟု မှတ်ယူရမည်။

၁၁၉။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးနှင့် သက်ဆိုင်သောနည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

(ခ) ဝန်ကြီးဌာနနှင့်သက်ဆိုင်ရာဝန်ကြီးဌာနတို့သည်-

(၁) နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(၂) အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

(ဂ) အေဂျင်စီနှင့်ဦးစီးဌာနတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များကို ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။