• +95-67(3)408505
  • mmcc.office@commerce.gov.mm
တီထွင်မှုမူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၄) အေဂျင်စီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၆။ ဗဟိုကော်မတီသည်-

(က) ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-

 

(၁)

ဗဟိုကော်မတီ၏ အတွင်းရေးမှူး

ဥက္ကဋ္ဌ

(၂)

ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အေဂျင်စီနှင့် သက်ဆိုင်သည့် ညွှန်ကြားရေးမှူးချုပ်များ

အဖွဲ့ဝင်

(၃)

ရှစ်ဦးထက်မပိုသော မူပိုင်ခွင့်ဆိုင်ရာ ပညာရှင်များ

အဖွဲ့ဝင်

(၄)

ငါးဦးထက်မပိုသော အစိုးရမဟုတ်သော အဖွဲ့အစည်းများမှကိုယ်စားလှယ်များ

အဖွဲ့ဝင်

(၅)

ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်

အတွင်းရေးမှူး

(၆)

ဦးစီးဌာန၏ ဌာနခွဲတာဝန်ခံများ

တွဲဖက်အတွင်းရေးမှူး

 

(ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသော အေဂျင်စီကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၇။ အေဂျင်စီဥက္ကဋ္ဌသည် ဒုတိယဝန်ကြီးအဆင့် ပုဂ္ဂိုလ်ဖြစ်သည်ဟု မှတ်ယူရမည်။

၈။ အေဂျင်စီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) တီထွင်မှုမူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် လုပ်ငန်းများကို ညှိနှိုင်းပေါင်းစပ်ပေးခြင်း၊

(ခ) တီထွင်မှုမူပိုင်ခွင့်စနစ် ကောင်းစွာဖွံ့ဖြိုးတိုးတက်စေရန် ဗဟိုကော်မတီက ချမှတ်သော တီထွင်မှု မူပိုင်ခွင့်ဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများ၊ လုပ်ငန်းစီမံချက်များနှင့် လူသားအရင်းအမြစ်များ လေ့ကျင့်ပြုစုပျိုးထောင်ရေးလုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

(ဂ) တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ စာချုပ်များနှင့် သဘောတူညီချက်များတွင် နိုင်ငံတော်က အဖွဲ့ဝင်အဖြစ်ပါဝင်နိုင်ရေးအတွက် ဗဟိုကော်မတီသို့ လေ့လာတင်ပြခြင်း၊

(ဃ) နိုင်ငံတော်က အဖွဲ့ဝင်အဖြစ်ပါဝင်သော တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ စာချုပ်များနှင့် သဘောတူညီချက်များပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

(င) တီထွင်မှုမူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် ပြည်တွင်းရှိ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

(စ) တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးထိပါးချိုးဖောက်မှုများကို အရေးယူဆောင်ရွက်နိုင်ရန် ဗဟိုကော်မတီ၏ သဘောတူညီချက်ဖြင့် လိုအပ်သော လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းခြင်းနှင့် ယင်းတို့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးခြင်း၊

(ဆ) တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဗဟိုကော်မတီ၏ သဘောတူညီချက်ဖြင့် လိုအပ်သော လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းခြင်းနှင့် ယင်းတို့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း၊

(ဇ) တီထွင်မှုမူပိုင်ခွင့် သတင်းအချက်အလက်များ အသုံးပြုမှု မြှင့်တင်ပေးခြင်းဖြင့် နည်းပညာ ဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်ပေးခြင်း၊

(ဈ) မှတ်ပုံတင်အရာရှိမှ တင်ပြလာသည့် မလွဲမသွေပေးရမည့် လိုင်စင်ဆိုင်ရာကိစ္စရပ်များကို ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်နှင့်အညီ ဆောင်ရွက်ခြင်း၊

(ည) မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက်အပေါ် အယူခံဝင်မှုအား အဆုံးအဖြတ်ပြုခြင်း၊

(ဋ) ဤဥပဒေနှင့်အညီ ကောက်ခံရမည့် အခကြေးငွေများကို ဗဟိုကော်မတီမှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခြင်း၊

(ဌ) တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ခွင့်ပြုရာတွင် အသုံးပြုမည့် တံဆိပ်တုံးကို အတည်ပြုသတ်မှတ်ခြင်း၊

(ဍ) ဗဟိုကော်မတီသို့ လုပ်ငန်းအစီရင်ခံစာများနှင့် အခြားလိုအပ်သည့် အစီရင်ခံစာများကို တင်ပြခြင်း၊

(ဎ) တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာကို ဗဟိုကော်မတီသို့ တင်ပြခြင်း၊

(ဏ) ဗဟိုကော်မတီက အခါအားလျော်စွာပေးအပ်သော မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း။