• +95-67(3)408505
  • mmcc.office@commerce.gov.mm
တီထွင်မှုမူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၈) အကာအကွယ်မရရှိနိုင်သော တီထွင်မှုများ

၁၄။ (က) အောက်ပါတို့သည် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အကာအကွယ်မရရှိနိုင်သော တီထွင်မှုများ ဖြစ်သည်-

(၁) ရှာဖွေတွေ့ရှိချက်များ၊ သိပ္ပံဆိုင်ရာ သီအိုရီများနှင့် သင်္ချာဆိုင်ရာတွက်ချက်နည်းများ၊

(၂) စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အပြုအမူသက်သက်ဆောင်ရွက်ခြင်း သို့မဟုတ် ဂိမ်းများကစားခြင်းနှင့်စပ်လျဉ်းသည့် စနစ်များ၊ စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် နည်းလမ်းများ၊

(၃) ကွန်ပျူတာပရိုဂရမ်သက်သက်၊

(၄) ဇီဝမဟုတ်သော ထုတ်လုပ်မှုနည်းစဉ်နှင့် အဏုဇီဝထုတ်လုပ်မှုနည်းစဉ်များမှတစ်ပါး အပင်များ သို့မဟုတ် တိရစ္ဆာန်များကို စိုက်ပျိုးမွေးမြူရေးအတွက် အဓိကကျသော ဇီဝဆိုင်ရာ ထုတ်လုပ်မှု နည်းစဉ်များ၊

(၅) ပြုလုပ်ဖန်တီးထားသည့် အဏုဇီဝများမှတစ်ပါး သဘာဝတွင် တွေ့ရှိရသော သက်ရှိနှင့် ဇီဝပစ္စည်း တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း အပါအဝင် သတ္တဝါမျိုးနွယ်များနှင့် အပင်မျိုးစိတ်များအားလုံး အကျုံးဝင်သည့် အပင်များနှင့် သတ္တဝါများ၊ ဒီအင်န်အေနှင့် ဒီအင်န်အေပါဝင်သော ဆက်တန်းများ (DNA- Including complementary DNA sequences)၊ ဆဲလ်များ (Cells)၊ ဆဲလ်လိုင်းများ (Cell Lines)၊ မွေးမြူထားသော ဆဲလ်များ (Cell Cultures) နှင့် မျိုးစေ့များ၊

(၆) လူနှင့်တိရစ္ဆာန်များ၏ ခန္ဓာကိုယ်တွင်လက်တွေ့စမ်းသပ်ပြီး ရရှိလာသော ရောဂါရှာဖွေခြင်း နည်းလမ်းများအပါအဝင် လူနှင့် တိရစ္ဆာန်များ၏ ခန္ဓာကိုယ်ကို ခွဲစိတ်ခြင်း သို့မဟုတ် ကုသခြင်း နည်းလမ်းများ၊

(၇) သဘာဝအတိုင်းရှိသည့် အရာဝတ္ထုများ၊ အသုံးပြုမှုအသစ်များနှင့် ပုံသဏ္ဌာန်အသစ်များအပါအဝင် အများသိရှိထားပြီးဖြစ်သည့် အရာဝတ္ထုများ သို့မဟုတ် အခါအား​လျော်စွာ သတ်မှတ်ဖော်ပြသည့် ဓာတု ထုတ်ကုန်များ စသည်တို့နှင့် ဆက်နွှယ်သည့် တီထွင်မှုများ၊

(၈) အများပြည်သူ၏ ကိုယ်ကျင့်သိက္ခာကိုဖြစ်စေ၊ အေးချမ်းတည်ငြိမ်မှုကိုဖြစ်စေ၊ လူ၊ တိရစ္ဆာန် သို့မဟုတ် အပင်ကိုဖြစ်စေ၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကိုဖြစ်စေ ဆိုးရွားစွာ ထိခိုက်နိုင်သည့် တီထွင်မှုများနှင့် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ နိုင်ငံတော်၏ နယ်နိမိတ်အတွင်း အသုံးချမှုကို တားမြစ် ထားသော တီထွင်မှုများ။

(ခ) ဆေးဝါးနှင့်စပ်လျဉ်းသည့် ထုတ်ကုန် သို့မဟုတ် ထုတ်လုပ်မှုနည်းစဉ်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုနှင့် သက်ဆိုင်သည့် မူပိုင်ခွင့်ဆိုင်ရာ ကောင်စီ၏ မူဝါဒအရ ပြည်ထောင်စုအစိုးရအဖွဲ့က သီးခြားထပ်မံ သတ်မှတ်ခြင်းမရှိလျှင် ၂၀၃၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့အထိ တီထွင်မှုမူပိုင်ခွင့် အကာအကွယ်မရရှိသော တီထွင်မှုဖြစ်သည်။

(ဂ) အောက်ပါတို့သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုနှင့် သက်ဆိုင်သည့် မူပိုင်ခွင့်ဆိုင်ရာ ကောင်စီ၏ မူဝါဒအရ ပြည်ထောင်စုအစိုးရအဖွဲ့က သီးခြားထပ်မံ သတ်မှတ်ခြင်းမရှိလျှင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့အထိ တီထွင်မှုမူပိုင်ခွင့် အကာအကွယ်မရရှိသော တီထွင်မှုများဖြစ်သည်-

(၁) စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုဗေဒထုတ်ကုန်များ၊

(၂) စားသောက်ကုန်များ၊

(၃) အဏုဇီဝပစ္စည်းများ။

(ဃ) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့ပါ အကာအကွယ် မရရှိစေသော ကာလများကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုနှင့် သက်ဆိုင်သည့် မူပိုင်ခွင့်ဆိုင်ရာ ကောင်စီ၏ သဘောတူညီချက်နှင့်အညီ ပြင်ဆင်သတ်မှတ်နိုင်သည်။