• +95-67(3)408505
  • mmcc.office@commerce.gov.mm
တီထွင်မှုမူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၇) အကာအကွယ်ရရှိနိုင်သော တီထွင်မှုများ

၁၃။ တီထွင်မှုသည် အောက်ပါအချက်များနှင့် ညီညွတ်သည့်အပြင် ပုဒ်မ ၁၄ ပါ ပြဋ္ဌာန်းချက်များနှင့် လည်း ငြိစွန်းခြင်းမရှိပါက တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အကာအကွယ်ရရှိနိုင်သော တီထွင်မှုဖြစ်သည်-

(က) တီထွင်မှုအသစ်ဖြစ်ခြင်း၊

ရှင်းလင်းချက်။ ။ တီထွင်မှုသည် ယခင်ရှိပြီးသားနည်းပညာတစ်ခုအနေဖြင့် မရှိခဲ့လျှင် အသစ်ဖြစ်သည်။ ယခင်ရှိပြီးသား နည်းပညာဟု ဆိုရာတွင် တီထွင်မှုမူပိုင်ခွင့်လျှောက်ထားသည့် နေ့ရက် သို့မဟုတ် ဦးစားပေးအခွင့်အရေး တောင်းဆိုလျှောက်ထားပါက ယင်းဦးစားပေးအခွင့်အရေး တောင်းဆိုသည့် နေ့ရက်မတိုင်မီ မည်သည့်နေရာတွင်မဆို တီထွင်မှုကို ပုံနှိပ်ထုတ်ဝေခြင်း၊ နှုတ်ဖြင့်ဖွင့်ဟပြောဆိုခြင်း၊ အသုံးပြုခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ပြည်သူသို့ ထုတ်ဖော်အသိပေးထားသည့် သို့မဟုတ် ပြည်သူမှ ရယူအသုံးပြုနိုင်မည့် နည်းပညာများ ပါဝင်သည်။

(ခ) တီထွင်မှုအဆင့်တစ်ရပ်ပါရှိခြင်း၊

ရှင်းလင်းချက်။ ။ တီထွင်မှုမူပိုင်ခွင့် လျှောက်ထားသည့် တီထွင်မှုကို သက်ဆိုင်ရာ နည်းပညာနယ်ပယ်တွင် ကျွမ်းကျင်သူတစ်ဦးက အလွယ်တကူ နားလည်နိုင်စွမ်းမရှိလျှင် ယင်းတီထွင်မှုသည် တီထွင်မှုအဆင့် တစ်ရပ် ပါရှိသော တီထွင်မှုဖြစ်သည်ဟု သတ်မှတ်ရမည်။

(ဂ) တီထွင်မှုကို စက်မှုလက်မှုလုပ်ငန်းတစ်ရပ်ရပ်တွင် အသုံးချနိုင်ခြင်း။

ရှင်းလင်းချက်။ ။ တီထွင်မှုကို စက်မှုလက်မှုလုပ်ငန်းတစ်ရပ်ရပ်၌ အသုံးချနိုင်ခြင်းဆိုရာတွင် ယင်းတီထွင်မှုကို စက်မှုလက်မှုလုပ်ငန်းတွင် ပြုလုပ်နိုင်ရမည် သို့မဟုတ် အသုံးပြုနိုင်ရမည်။ စက်မှု လက်မှုလုပ်ငန်းဟူသော စကားရပ်တွင် ကုန်ပစ္စည်းများထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများကို ရှေးရှုသည့် လူမှုစီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုများအဖြစ် ကျယ်ပြန့်စွာပါဝင်ပြီး အထူးသဖြင့် လက်မှုပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများလည်း ပါဝင်သည်။